ကရင်နီပြည်တွင် စက်သုံးဆီပြတ်လပ်ကာ ဈေးနှုန်း မြင့်တက်

ကရင်နီပြည်တွင် စက်သုံးဆီပြတ်လပ်ကာ ဈေးနှုန်း မြင့်တက်

ကရင်နီ (ကယား) ပြည်တွင် စက်သုံးဆီပြတ်လပ်မှု အကျပ်အတည်း ဆိုးရွားလာနေပြီး တစ်လီတာ ကျပ်တစ်သောင်းအထိ စံချိန်တင်မြင့်တက်နေသည်ဟု ဒေသခံများက ပြောသည်။

ကရင်နီပြည်အတွင်း စက်သုံးဆီဈေးနှုန်းများ အဆမတန် မြင့်တက်လာခြင်းနှင့်အတူ ဆီပြတ်လပ်မှုများ ဆိုးရွားစွာ ကြုံတွေ့နေရသဖြင့် ဒေသခံများ၏ လူမှုစီးပွားဘဝနှင့် အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများပါ ရပ်တန့်လုနီးပါး အခြေအနေနှင့် ရင်ဆိုင်နေရသည်။

ယခင်က ဓာတ်ဆီတစ်လီတာလျှင် ၃,၅၀၀ ကျပ်ဝန်းကျင်သာ ရှိခဲ့သော်လည်း လက်ရှိတွင် ဒီးမော့ဆိုနှင့် မိုးဗြဲမြို့ တို့၌ ၈,၀၀၀ ကျပ်အထိ မြင့်တက်နေပြီး ပီကင်းဒေသဘက်တွင် ၁၀,၀၀၀ ကျပ်အထိ ပေးဝယ်နေရသည်။

ထို့ပြင် မော်ချီးဒေသကဲ့သို့သော ဝေးလံသည့် နေရာများတွင်မူ ငွေပေးဝယ်ရန်ပင် ဆီရောင်းချမည့်သူ မရှိတော့ သည့်အထိ ပြတ်လပ်နေကြောင်း ဒေသခံများက ဆိုသည်။

ကျေးလက်မြေအဖွဲ့ ဒါရိုက်တာ မမူစဲက “ဆီဈေးတက်တဲ့အပြင် ဆီကပြတ်သွားတဲ့ အတွက်ကြောင့်မို့လို့ အရေး ပေါ် ကူညီတဲ့နေရာတွေ၊ အရေးပေါ် သွားလာဖို့ နေရာတွေမှာ အရမ်းခက်ခဲ သွားတယ်။ ပြည်သူတွေအနေနဲ့ ဆိုလို့ရှိရင် နေ့စဉ်နှင့်အမျှ ခက်ခဲမှုတွေ ရှိနေပြီပေါ့နော်။ အခုလိုမျိုး ဆီဈေးတက်တာကြောင့် ဆန်ဈေး တက် သွားတာ နောက်ထပ် ရိက္ခာ ပြတ်လတ်မှုတွေ ငတ်မွတ်မှုတွေ၊ အဲ့ဒီနောက်ဆက်တွဲကတော့ ကိုယ့်ကိုယ်ကို သတ် သေတဲ့ အရာတွေ ဖြစ်လာမှာကိုလည်း ကျမတို့ စိတ်ပူမိပါတယ်ရှင့်” ဟု လက်ရှိရင်ဆိုင်နေရသည့် အခြေအနေ ကို ပြောသည်။

အဆိုပါ စက်သုံးဆီ အကျပ်အတည်းသည် စစ်ရေး၊ နိုင်ငံရေး အခြေအနေများအပြင် လောင်စာဆီ ရှားပါးမှု နှင့် ပြည်တွင်း လောင်စာဆီ ပြတ်လပ်မှု၊ ရှားပါးမှု ဂယက်များကြောင့် ယခုကဲ့သို့ ကရင်နီပြည်၏ ဆီဈေးကွက်ကို ရိုက်ခတ်နေခြင်းဖြစ်သည်ဟု ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က ဆိုသည်။

ယင်းနှင့်ပတ်သက်၍ IEC အတွင်းရေးမှူး-၂ ဦးဗညားက “ကျနော်တို့ ပြည်နယ်ထဲကို ထိုင်းကတဆင့်နဲ့ ပြည်တွင်း ဆီကနေတဆင့် ရယူသုံးစွဲ နေရတဲ့ ပြည်နယ် ဖြစ်တော့ ထိုင်းဖက်လည်း ပိတ်ထားတော့ တင်သွင်းခွင့် မရတော့ ဘူးပေါ့။ ပြည်တွင်းက တင်သွင်းတဲ့ လမ်းကြောင်းလည်း ပြည်တွင်း ဓါတ်ဆီပမာဏ ပေါ်မူတည်ပြီး သုံးစွဲရ တော့ ပြည်တွင်းဆီ အကျပ်အတည်းကြောင့် ကျနော်တို့ဆီ ရောက်ဖို့ မလွယ်တော့လို့ပါ” ဟု ပြောသည်။

လက်ရှိတွင် ကရင်နီပြည်အတွင်း ရောင်းချနေသည့် ဆီများသည် လက်ကျန်ပမာဏများသာ ဖြစ်ပြီး နယ်စပ်နှင့် ပြည်တွင်းလမ်းကြောင်းများ ပိတ်ဆို့နေသဖြင့် ထပ်မံဖြည့်တင်းရန် အလွန်ခက်ခဲနေသည်။

အထူးသဖြင့် ဖေဖော်ဝါရီလအတွင်းက ဖားဆောင်းမြို့နယ် တိုက်ပွဲများအတွင်း သံလွင်မြစ်ကူးတံတား၊ ထူးချောင်းတံတားနှင့် ပွန်ချောင်းတံတားများ ပျက်စီးသွားခြင်းက ကုန်စည်စီးဆင်းမှုအတွက် ကြီးမားသော အဟန့်အတား ဖြစ်လာစေခဲ့သည်။

ဒီးမော့ဆို အနောက်ဘက်ခြမ်းမှ ဒေသခံတစ်ဦးကလည်း “ဒီတစ်ရက်နှစ်ရက် အတွင်းမှာ ရုတ်တရက် တော် တော်လေး တက်သွားတယ်ပေါ့နော်။ တစ်လီတာ ၈,၀၀၀ တဲ့။ တော်တော်များများက ပြတ်နေလို့ မရောင်းတာ အဲ့လိုမျိုး ရှိသွားမယ်လို့ ထင်တယ်” ဟု ပြောသည်။

ဤကဲ့သို့ စက်သုံးဆီ ပြတ်လပ်မှုကြောင့် သယ်ယူပို့ဆောင်ရေးနှင့် ကုန်စည်စီးဆင်းမှုများ ရပ်တန့်နေပြီး ပြည်သူ များ၏ နေ့စဉ်သွားလာမှုမှာလည်း ကြီးမားသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။

လက်ရှိတွင် IEC အနေဖြင့် ဤအကျပ်အတည်းကို ဖြေရှင်းနိုင်ရန် အနီးကပ် ဆန်းစစ်နေပြီး ဖြစ်နိုင်ခြေရှိသည့် အစီအမံများကို ချမှတ်လုပ်ဆောင်သွားမည်ဟု ဆိုသည်။

April 20, 2026
ကော်သူးလေ အတိုင်ပင်ခံ ကောင် စီနှင့် အုပ်ချုပ်ရေးကောင်စီတို့သည် နယ်မြေအတွင်း အုပ်ချုပ်ရေးယန္တရား...
April 11, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် QR စနစ်ဖြင့် စက်သုံးဆီရောင်းချမှု တစ်ပတ်နီးပါးကြာမြင့်လာပြီ...
April 10, 2026
အိန္ဒိယ - မြန်မာနယ်စပ် ခြံစည်းရိုးကာရံရေး လုံခြုံရေးယူနေသည့် အိန္ဒိယတပ်ဖွဲ့ဝင်များ...
April 9, 2026
အငြိမ်းစား ဗိုလ်ချုပ်ဟောင်းများ အများအပြား ပါဝင်သည့် ပြည်ထောင်စုဝန်ကြီး ၃၀ ဦး အမည်စာရင်းကို...