KNU ဌာနချုပ်နယ်မြေထဲ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာ

KNU ဌာနချုပ်နယ်မြေထဲ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာ

ပိုင်ကျုံ — ကရင်အမျိုးသားအစည်းအရုံး KNU ဌာနချုပ်ဖြစ်တဲ့ တပ်မဟာ ၇ နယ်မြေထဲ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ဒေသခံပြည်သူတွေ ကြိုတင်တိမ်းရှောင်နေကြလို့ နယ်မြေခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့ကစလို့ ကရင်ပြည်နယ် ပိုင်ကျုံမြို့ထဲ စစ်ကြောင်းထိုးလာတာကြောင့် နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၇ လက်အောက်ခံတပ်ဖွဲ့နဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးပြီး လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်နေတဲ့အတွက် KNLA တပ်မဟာ ၇ နဲ့ တိုက်ပွဲပြင်းထန်လာမှာကို စိုးရိမ်တာကြောင့် ပိုင်ကျုံမြို့အနီးဝန်းကျင်ကျေးရွာက ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲကာလအတွင်းက ကရင်ပြည်နယ် လှိုင်းဘွဲ-ပိုင်ကျုံလမ်းမှာ စစ်အင်အားတိုးချဲ့လာခဲ့တဲ့ စစ်ကော်မရှင်တပ်စစ်ကြောင်းဟာ ပိုင်ကျုံမြို့ထဲမှာ အခြေပြုတပ်စွဲနေထိုင်ခဲ့ပြီး ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ ပိုင်ကျုံမြို့အနီးဝန်းကျင်က ကျေးရွာတွေမှာ စစ်ကြောင်းထိုးလာပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

စစ်ရေးသုံးသပ်သူတစ်ဦးက KNU ဖားအံခရိုင် ပိုင်ကျုံမြို့နယ် တပ်မဟာ ၇ ထိန်းချုပ်နယ်မြေထဲက တာလယ်ဗျူဟာအပါအဝင် တပ်စခန်းတွေ ပြန်လည်စိုးမိုးထိန်းချုပ်နိုင်ဖို့အတွက် စစ်ကော်မရှင်တပ်က ဒေါနတောင်တန်းကိုကျော်ဖြတ်ပြီး အခုလိုစစ်ကြောင်းထိုးလာတာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

စစ်ကော်မရှင်တပ်ဟာ ကရင်ပြည်နယ်က လှိုင်းဘွဲ၊ ကော့ကရိတ်၊ မြဝတီနဲ့ ဖာပွန်မြို့နယ်တွေမှာ စစ်ဆင်ရေးလုပ်ဆောင်နိုင်ဖို့အတွက် ဇန်နဝါရီလကစလို့ လက်နက်ကြီး၊ သံချပ်ကာ တင့်ကားတွေအပါအဝင် တပ်အင်အားအများအပြား ပါဝင်တဲ့ စစ်ယာဉ်တန်းတွေကို ကရင်ပြည်နယ်အတွင်းကို စေလွှတ် ပို့ဆောင်ထားတာဖြစ်ပါတယ်။

စစ်ကော်မရှင်တပ်ဟာ အခုနှစ်ဆန်းပိုင်းကစလို့ KNU တပ်မဟာ ၅ ဖာပွန်မြို့နယ်၊ တပ်မဟာ ၆ ကော့ကရိတ်၊ မြဝတီမြို့နယ်တွေနဲ့ တပ်မဟာ ၇ လှိုင်းဘွဲ ပိုင်ကျုံမြို့နယ်တွေမှာရှိတဲ့ တပ်စခန်းတွေ ပြန်လည်ရရှိဖို့အတွက်နဲ့ နယ်မြေပြန်လည် စိုးမိုးနိုင်ဖို့ ကြိုးပမ်းလာတာ ဖြစ်ပါတယ်။

June 6, 2026
တနင်္သာရီတိုင်း ရေဖြူမြို့နယ် ဧကနိကျေးရွာနဲ့ရငဲရွာကြားမှာ စစ်ကော်မရှင်တပ်ရဲ့ စက်တပ်လေထီးနဲ့...
ဓာတ်ပုံ-CJ
June 5, 2026
မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက်ခြမ်း ဝေါ်လေဗျူဟာကုန်းမှာ နှစ်ဖက်တိုက်ပွဲ...
June 4, 2026
မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ အာဏာသိမ်း စစ်တပ်လက်အောက်ခံ ပြည်သူ့စစ် ဒေသအခေါ် ပျူစောထီးတွေက...
June 3, 2026
တနင်္သာရီတိုင်း လောင်းလုံးမြို့ပေါ်ရှိ စစ်ကော်မရှင်တပ်စခန်းတွေကို...