မြစ်ဆုံစီမံကိန်းကန့်ကွက်ခဲ့ဖူးတဲ့ ကာ/လုံအကြံပေး ဒေါ်ဒွဲဘူက ပြန်လည်ထောက်ခံနေ

မြစ်ဆုံစီမံကိန်းကန့်ကွက်ခဲ့ဖူးတဲ့ ကာ/လုံအကြံပေး ဒေါ်ဒွဲဘူက ပြန်လည်ထောက်ခံနေ

မြစ်ဆုံဆည်ဟာ ကောင်းကျိုးတွေရှိနေတာကြောင့် တည်ဆောက်ရေးတွေကို ထောက်ခံသင့်ကြောင်း ကာလုံရဲ့ ဗဟိုအကြံပေး ဒေါ်ဒွဲဘူက ကချင်ပြည်နယ်ရှိ ဒေသခံတွေ ၊ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့တွေနဲ့ အရပ်ဘက်အဖွဲ့တွေ တွေ့ဆုံပွဲမှာ ပြောဆိုခဲ့ပါတယ်။

“ သူ(ဒေါ်ဒွဲဘူ) ကိုယ်တိုင်ကန့်ကွက်ခဲ့တဲ့ထဲပါတယ်။ ပြီးရင် လက်ရှိကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်လည်းပါတယ်။ သူတို့နှစ်ယောက်ကလွတ်တော်နေရာကနေ ကန့်ကွက်ခဲ့တယ်။ အခုပြန်စဉ်းစားကြည့်လိုက်တော့ မှားတယ်ပေါ့။ ကန့်ကွက်ခဲ့တဲ့ဟာက ။ အဲ့တုန်းက သူကမသိခဲ့ဘူး။ မျက်စိပိတ် နားပိတ်ပြီးတော့မှ ကန့်ကွက်ခဲ့တာပေါ့၊ အခုဒီအစိုးရကြတော့ မြစ်ဆုံဆည်ရဲ့ကောင်းကျိုးတွေကို ပြည်သူတွေကို ပွင့်ပွင့်လင်းလင်းလာချပြတယ်။ အဲ့လိုလာချပြပြီးတော့ လုပ်သင့်တယ်။ ထောက်ခံသင့်တယ်ဆိုပြီး လာပြောသွားတယ်” လို့ မနေ့က တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ အရပ်ဘက်အဖွဲ့အစည်းတစ်ခုရဲ့ ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

မနေ့က ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ ဧရာဝတီမြစ်ဆုံ-မြစ်ညှာ စီမံကိန်းအကြောင်း စစ်ကော်မရှင်က လူထုကိုချပြဆွေးနွေးပွဲတစ်ရပ်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီပွဲမှာ မြစ်ဆုံဆည်တည်ဆောက်မယ့်အခြေအနေ ၊ ဆည်ဒီဇိုင်းတွေ နဲ့ တည်ဆောက်ရေးလုပ်ငန်းဆိုင်ရာ ပညာရှင်ရှုထောင့်ကနေ ဆွေးနွေးမှုမျိုးစုံပြုလုပ်ခဲ့တယ်လို့ တက်ရောက်သူတွေထံကနေသိရပါတယ်။

“ အခုမှသိတယ် မြစ်ဆုံရဲ့ကောင်းကျိုးပေါ့နော်။ ဒါကတော့ ကျွန်တော့်အနေနဲ့ စဉ်းစားကြည့်တာကတော့ ယုံကြည်စရာရှိဘူးပေါ့လေ။ သူဘာမှမသိတာတော့မဟုတ်ဘူး။ မြစ်ဆုံဆည်ရဲ့ ကောင်းကျိုးဆိုးကျိုးတွေကို ။ဆိုတော့ ချက်ခြင်းကြီးပြောင်းသွားတယ်ဆိုတော့။ ဒါကတစ်ခုခုပဲ” လို့ မြစ်ကြီးနားဒေသခံတစ်ဦးက မှတ်ချက်ပြုပါတယ်။

မြစ်ဆုံစီမံကိန်းတွေဟာ ဒေသခံတွေထောက်ခံမှ ဖြစ်ထွန်းအောင်မြင်မှုတွေရရှိမှာဖြစ်တာကြောင့် ပူးပေါင်းပါဝင်ဖို့အတွက် စစ်ကော်မရှင် ပြည်ထောင်စုဝန်ကြီးကလည်း ပြောဆိုခဲ့ပါတယ်။

မနေ့က လူထုတွေ့ဆုံပွဲမှာ မြစ်ဆုံဆည်နဲ့ပတ်သက်ပြီး လျော်ကြေးဆိုင်ရာကိစ္စ၊ ပြောင်းရွေ့နေရာချထားမှုတွေကိုလည်း လုပ်ဆောင်ပေးသွားမယ်လို့ စစ်ကော်မရှင်ကဘက် ပြောဆိုခဲ့ကြောင်းသိရပါတယ်။

မြစ်ဆုံဆည်တည်ဆောက်ရေးအတွက် စစ်ကော်မရှင်အနေနဲ့ အခုနှစ်ပိုင်းမှာ ပိုမိုအာရုံစိုက်လုပ်ဆောင်ခဲ့ပြီး ဒေသခံတွေကိုလည်း မကြာခဏတွေ့ဆုံမှုတွေရှိနေကြောင်း သိရပါတယ်။ 

April 24, 2026
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း စစ်ကော်မရှင်စစ်ကြောင်းများဝင်ရောက်နေမှုကို...
ကတူးလူငယ်အဖွဲ့ချုပ် ထုတ်ပြန်ချက် နှင့် ကဒူးရိုးရာပွဲတော် မြင်ကွင်း / Credit
April 23, 2026
ကတူးတိုင်းရင်းသားမျိုးနွယ်စုများသည် လူမျိုးသုဉ်းပျောက်ကွယ်လာနေသည့် ကြီးမားသော စိန်ခေါ်မှုတွေနဲ့...
ဟုမ္မလင်း စက်သုံးဆီတင်ရေယာဉ်မီးလောင်ကျွမ်းမှု/Credit
April 22, 2026
ဟုမ္မလင်းမြို့ ချင်းတွင်းမြစ်ထဲမှာ စက်သုံးဆီတင်ရေယာဉ်တွေ မီးလောင်ကျွမ်းမှုဟာ...
April 21, 2026
ကချင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေတာတွေကို ၂ ပတ်ကြာ ရပ်နားထားမှုကြောင့်...