မောင်တောမြို့နယ်ရှိ ပျက်စီးနေသည့် လမ်း၊ တံတားများကို AA က ပြန်လည်ပြုပြင်နေ

မောင်တောမြို့နယ်ရှိ ပျက်စီးနေသည့် လမ်း၊ တံတားများကို AA က ပြန်လည်ပြုပြင်နေ
ဓာတ်ပုံ - GEM
ဓာတ်ပုံ - GEM

သိန်းဇော်(မောင်တော)— ရခိုင်ပြည်အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်အတွင်းရှိ ပျက်စီးယိုယွင်းနေသည့် အာရှလမ်းမကြီးနှင့် တံတားများကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ပြန်လည်ပြုပြင်နေကြောင်း သတင်းရရှိသည်။

မောင်တောမြို့နယ်မြောက်ပိုင်းသို့ ဆက်သွယ်ထားသည့် မောင်တော- အင်တူလ္လာအာရှလမ်းမကြီးပေါ်ရှိ ပျက်စီးနေသည့်လမ်းပိုင်းအချို့နှင့် တံတာ‌းများကို ယခု ဖေဖော်ဝါရီလ လဆန်းပိုင်းမှစတင်ပြီး ပြန်လည်ပြုပြင်နေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ပျက်စီးနေသည့်လမ်းပိုင်းအချို့ကို ပြန်လည်ပြုပြင်ရာတွင် အချို့လမ်းပိုင်းကို ကတ္တရာလောင်းပြီး အချို့ကို ကျောက်ခင်းကာ ပြန်လည်ပြုပြင်နေခြင်းဖြစ်သည်ဟု ဆိုကြသည်။

အလားတူ မောင်တော - ကြိမ်ချောင်းကားလမ်း၊ ဖားဝပ်ချောင်းရွာနှင့် အောင်မင်္ဂလာရွာကြား၌ ပျက်စီးနေသည့် လမ်းပိုင်းများကိုလည်း ကတ္တရာလောင်း၍ ပြုပြင်နေသည်မှာ လက်ရှိတွင် ၂၅ ရာခိုင်နှုန်းပြီးစီးနေပြီဟု သိရသည်။

အဆိုပါလမ်းတွင် တံတားငယ် ၁၀ ခုထက်မနည်းရှိပြီး ယင်းအနက် ပျက်စီးနေသည့် တံတားအချို့ကိုလည်း ပြန်လည်ပြုပြင်ပေးလျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

ယင်းအပြင် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် အောင်ချမ်းသာရွာအနီးရှိ ပျက်စီးနေသည့်သစ်သားတံတားကိုလည်း သံပြားများဖြင့် အစားထိုးပြုပြင်ပေးလျက်ရှိသည်ဟု သိရသည်။

အလားတူ မောင်တော-ဘူးသီးတောင်ကားလမ်းမကြီးကိုလည်း ပြန်လည်မွမ်းမံပြုပြင်နေကြောင်း သိရသည်။

ပြန်လည်ပြုပြင်နေသည့်လမ်းပိုင်းများအနက် မောင်တော- အင်တူလ္လာအာရှလမ်းမကြီးသည် မောင်တောမြို့နယ်မြောက်ပိုင်းရှိ ရာချီရှိသည့်ကျေးရွာ‌များအတွက် အဓိက အားထားရာလမ်းမကြီးတခုဖြစ်ပြီး မိုးတွင်းကာလများတွင် သွားလာရအလွန်ခက်ခဲသည့်လမ်းဖြစ်သည်ဟုလည်း ဒေသခံများက ဆိုကြသည်။

ဒေသခံများ၏ သွားလာ‌ရေးအခက်အခဲကို ဖြေရှင်း‌ပေးနိုင်ရန် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ယခုကဲ့သို့ ပြန်လည်ပြုပြင်နေခြင်းဖြစ်သည်ဟု မောင်တောမြို့နယ်အတွင်းနေထိုင်သည့် ဒေသခံတစ်ဦးက နိရဉ္စရာသို့ ပြောသည်။

ဒေသခံတစ်ဦးက "လမ်းတံတားတွေလုပ်ပေးနေတာတော့ ဟုတ်ပါတယ်။ အဲဒီလမ်းက ‌စီးပွားရေးအရရော၊ လူမှုရေးအရရော၊ ကျန်းမာရေးကအစ ဒေသခံတွေအတွက် အရေးပါတဲ့လမ်းပါ။ မိုးတွင်းကာလဆိုရင် အရမ်းဆိုးတယ်။ ကားတွေ၊ ဆိုင်ကယ်တွေ သွားလာလို့မရဘူး"ဟု ပြောသည်။

မောင်တော-အင်တူလ္လာကားလမ်းမကြီးသည် မောင်တော သုံးမိုင်လမ်းဆုံမှ အင်တူလ္လာအထိ ၄၅ မိုင်ခန့် ရှည်လျားသည်ဟု သိရသည်။

အဆိုပါကားလမ်းမ‌ကြီးပေါ်ရှိ အကြီးဆုံးတံတားဖြစ်သည့် လက်ယာချောင်းတံတားသည် လက်ရှိတွင် လုံးဝအသုံးပြု၍မရဘဲ အဆိုးဝါးဆုံးပျက်စီးနေသည်ဟု ဒေသခံများက ဆိုကြသည်။

နောက်ထပ် မောင်တောဒေသခံတစ်ဦးက "မိုးတွင်း ကားကြီးတွေသွားရင် ကျောက်ကြမ်းလမ်းဆိုပေမဲ့ ချိုင့်ခွက်တွေဖြစ်သွားတယ်။ တချို့မြေသားလမ်းတွေဆို လုံးဝပျက်စီးသွားတာ။ ပြီးတော့ တံတားဆိုရင်လည်း လက်ယာချောင်းတံတားကြီးက တောင်ကျရေကျတဲ့ဒဏ်ကို မခံနိုင်တော့ မိုးတွင်းကတည်းက ပျက်စီးနေတာပါ"ဟု ပြောသည်။

အဆိုပါတံတားကြီးအား ခိုင်ခိုင်ခန်ခန့် ပြုပြင်‌ပေးနိုင်ပါက ကုန်စည်များ သယ်ယူပို့ဆောင်ရေးနှင့် ဒေသခံများ၏ လူမှုစီးပွားဘဝများစွာအတွက် အထောက်အကူဖြစ်မည်ဟု ဆိုသည်။

ထို့အပြင် မောင်တော-အငူမော် ကွန်ကရစ်လမ်းမကြီးမှာလည်း ယိုယွင်းပျက်စီးနေပြီး ပြန်လည်ပြုပြင်ရန်လိုအပ်နေသည်ဟု ဒေသခံများက ဆိုကြသည်။

မိုင် ၅၀ အရှည်ရှိ အဆိုပါလမ်းကို ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရလက်ထက် ၂၀၁၇ ခုနှစ်တွင် အေးရှားဝေါလ်ဖောင်ဒေးရှင်းက ဖောက်လုပ်ခဲ့ခြင်းဖြစ်သည်။

May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...