ရှမ်းမြောက် မုံးစီးဒေသမှာ ရွှေတူးဖော်မှုကိုတားဆီးရင်း လူထိခိုက်သေဆုံးခဲ့တဲ့ ဖြစ်စဉ်မှာ လျှော်ကြေးငွေနဲ့ အမှုပြီးစီး

ရှမ်းမြောက် မုံးစီးဒေသမှာ ရွှေတူးဖော်မှုကိုတားဆီးရင်း လူထိခိုက်သေဆုံးခဲ့တဲ့ ဖြစ်စဉ်မှာ လျှော်ကြေးငွေနဲ့ အမှုပြီးစီး

ရှမ်းမြောက်၊ မုံးစီးဒေသတွင်းက ရွှေတူးဖော်မှုကိုတားဆီးရင်း လူထိခိုက်သေဆုံးခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပစ်ခတ်ခဲ့သူတွေကို အရေးယူမှုမရှိပေမဲ့ ပြီးခဲ့တဲ့လကုန်ပိုင်းက အမှုပြီးစီးသွားပြီ ဖြစ်တယ်လို့ သိရပါတယ်။

MNDAA ဘက်ကနေ ပစ်ခတ်မှုအတွင်း သေဆုံးသွားသူ ၆ ဦးအတွက် တစ်ဦးကို တရုတ်ငွေ ၂ သောင်းစီနဲ့ ထိခိုက်ခဲ့သူတွေရဲ့ ဆေးကုသစရိတ်အတွက် ၈ သောင်း စုစုပေါင်း တရုတ်ယွမ်ငွေ ၂ သိန်းနဲ့ အမှုကို လာရောက်အပြီးသတ်သွားတာ ဖြစ်တယ်လို့ မုံးစီးဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

"ကျွန်တော်တို့ဘက်က လက်ခံတယ်ဆိုတာ သူတို့က ဒါကိုလက်မခံရင်လည်းရပြီ ဆိုတဲ့သဘောမျိုးရှိတာကြောင့် ကျွန်တော်တို့လည်း နဂိုနာပြီးသားကို ထပ်အထိအခိုက်မခံ ချင်တော့ ဒါကိုလက်ခံလိုက်တာပေါ့။"လို့ ဆိုပါတယ်။

ဒေသခံတွေ တောင်းဆိုခဲ့တဲ့ သေဆုံးသွားသူတွေရဲ့ ထိုက်သင့်တဲ့တန်ဖိုးနဲ့ ဆေးဖိုးဝါးခတွေကိုတော့ လာရောက်ပေးအပ်သွားပြီဖြစ်ပေမဲ့ ပစ်ခတ်မှုကျူးလွန်ခဲ့သူတွေကိုတော့ အပြစ်ပေးစီရင်တာမျိုး လုပ်ဆောင်နိုင်တာမရှိကြောင်း ဆိုပါတယ်။

ဒီမတိုင်ခင်ကလည်း MNDAA ဘက်က အမှုပြေလည်ပြီးစီးသွားဖို့ တရုတ်ယွမ်ငွေ တစ်သိန်းခွဲနဲ့ လာရောက်ခဲ့ပေမဲ့ ထိခိုက်ခံစားခဲ့ရတဲ့ ဒေသခံတွေကတော့ လက်မခံနိုင်တဲ့အတွက် ပြေလည်တာ မရှိခဲ့ပါဘူး။

ဒါပေမဲ့ ဒေသခံတွေကတော့ ထပ်ပြီး အထိအခိုက်မခံနိုင်တော့တာကြောင့်အပြင် ရွှေလုံးဝ တူးဖော်ခြင်းမပြုတော့မှာနဲ့ ဘယ်သူမှလည်းမတူးဖော်နိုင်အောင် တာဝန်ယူပေးမယ်လို့ အာမခံ ပြောဆိုတာကြောင့် နှစ်ဖက်လက်မှတ်ထိုးပြီးတော့ အပြီးသတ်လိုက်တာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

"ကျွန်တော်တို့လည်း ရွှေတူးတာနဲ့ပတ်သက်ပြီး ကာကွယ်တာဆိုတော့ သူတို့လည်း ဒါကို တသက်လုံး ဘယ်အဖွဲ့အစည်းမှမတူးအောင် သူတို့လည်း တာဝန်ယူပေးမယ်ဆိုတဲ့ စကားတွေ လည်းပြောတော့ အဓိက ဒါတွေကို လက်ခံလိုက်တာပေါ့။ အဲဒီမှာ တသက်လုံး ရွှေမတူးတော့ဘူး ဆိုတာတွေ သူတို့အာမခံပေးတော့ အဲမှာ နှစ်ဖက် လက်မှတ်ထိုးပြီးတော့ အပြီးသတ် ထားတာပေါ့။"

ကျူးလွန်သူတွေကို တရားစီရင်တာ မလုပ်နိုင်ဘူးဆိုတဲ့အတွက်ကြောင့် ဆွေးနွေးစရာလည်း မရှိတော့ဘဲ အပြီးသတ်သဘောမျိုး ဖြစ်သွားပြီလို့ ဆိုပါတယ်။

ဒီအမှုဖြစ်ပွားပြီးနောက် ကျူးလွန်ခဲ့သူတွေကို အပြစ်ပေးအရေးယူဖို့အပြင် သေဆုံးသွားသူတွေအတွက် ထိုက်တန်တဲ့တန်ဖိုး(Bung Lat Hka) နဲ့ ထိခိုက်ခဲ့ရသူတွေရဲ့ ဆေးကုခ ဆေးဖိုးတွေကိုတာဝန်ယူပေးဖို့ ဒေသခံတွေက MNDAA ကိုတောင်းဆိုထားတာဖြစ်ပါတယ်။ ပစ်ခတ်မှုဖြစ်ပွားခဲ့ချိန်ကတော့ အသက်ဆုံးရှုံးသွားသူတွေရဲ့ နာရေးစရိတ်ကို MNDAA က တာဝန်ယူပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ မတ်လ ၅ ရက်နေ့က မုံးစီးဒေသအတွင်း ရွှေမတူးဖော်ဖို့ တားမြစ်ထားတဲ့ နေရာမှာ ကိုးကန့်တပ် MNDAA က ရွှေတူးဖော်နေတာကြောင့် ကျေးရွာကော်မတီဝင်တွေ သွားရောက်တားမြစ်ရာကနေ နှစ်ဖက်အချေအတင်ဖြစ်ပွားခဲ့ပြီး ကိုးကန့်တပ်ဘက်က သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သား ၆ ဦးသေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

အဲဒီ အမှုအခင်းဖြစ်ပွားခဲ့တဲ့နေရာမှာတော့ သေဆံးသူတွေရဲ့ အမှတ်အသားကိုလည်း စိုက်ထူထားတယ်လို့ သိရပါတယ်။

မြစ်ကြီးနားသတင်းဂျာနယ်မှ တင်ဆက်သည့် သတင်းများကို Facebook စာမျက်နှာအပြင် အောက်ပါလင့်ခ်များတွင်လည်း ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါသည်။

May 30, 2026
ခါကာဘို — ကချင်ပြည်နယ်မြောက်ဖျားက နှင်းဖုံးတောင်တန်းတွေ ဝန်းရံထားတဲ့ ပူတာအိုဒေသကို...
May 29, 2026
စိုင်းခေ — ဒုတိယကမ္ဘာစစ်တုန်းက ဂျပန်တွေကို အထိရောက်ဆုံး စိတ်ဓာတ်စစ်ဆင်ရေး လုပ်နိုင်ခဲ့သူတွေထဲ...
May 29, 2026
စစ်အုပ်စုရဲ့ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ပြန်လည်အကောင်အထည်ဖော်ရေး လုပ်ဆောင်နေမှုကို...
May 28, 2026
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က စစ်ရေးအခြေအနေရ ပိတ်ထားတဲ့ ကာမိုင်း-ဖားကန့်လမ်းပိုင်းကို ကျောင်းသူ/...