မြန်မာမှ ထိုင်းသို့ မြဝတီ-မဲဆောက်တံတားမှတစ်ဆင့် ပထမဆုံးအကြိမ် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (Border Pass) ဖြင့် ဝင်လာသူများကို ထိုင်းလူဝင်မှုကြီးကြပ်ရေးဘက်က သတ်မှတ်ရက်အတိုင်း ပြန်မည့်အကြောင်း အာမခံပေးသူရှိမှသာ တံတားပေးဖြတ်မှု လုပ်လာပြီးနောက် အာမခံကြေးများ ဘတ် (၁,၅၀၀) အထိ ဈေးပေါက်နေကြောင်း သိရသည်။
ယခင်က ခုနစ်ရက်သက်တမ်းရှိ လက်မှတ်ဖြင့် မြဝတီ-မဲဆောက်တံတားမှ ထိုင်းဘက်ဝင်လာသူများတွင် ရက်ပြည့်သော်လည်း မြန်မာပြည်သို့ ပြန်မဝင်ကြသူများပြားလာသည်ဟု သိရသည်။ ထို့ကြောင့် ပထမအကြိမ် တံတားဖြတ်မည့်သူများအား အာမခံပေးနိုင်သူရှိမှ တံတားပေးကူးမည့် စည်းကမ်းချက်ကို ထိုင်းလဝကဘက်က သတ်မှတ်လိုက်သည်ဟု နီးစပ်ရာ အသိုင်းအဝိုင်းက ဆိုသည်။
ထိုင်းလူမျိုး (သို့မဟုတ်) ထိုင်း-မြန်မာ မော်တော်ယာဉ် မောင်းနှင်နေကျ ယာဉ်မောင်းတစ်ဦးဦးကို အာမခံအဖြစ် အသုံးပြုနိုင်သော်လည်း အာမခံငှားရသည့် အခကြေးငွေမှာ ဘတ် ၅၀၀ မှ ဘတ် ၁,၅၀၀ အထိ အစားစား ရှိနေသည်ဟု မဲဆောက်မြို့နေ အမျိုးသမီးတစ်ဦးက ပြောသည်။
“လဝကကတော့ အာမခံပေးသူတစ်ယောက်ရှိမှ အဝင်တုံးကို ထုပေးတာ၊ ပထမဆုံး စာအုပ်စ လုပ်မယ်ဆိုရင်ပေါ့။ အာမခံပေးသူကိုတော့ ပိုက်ဆံပေးရတယ်။ ကျမကိုယ်တွေ့ဆိုရင် ဘတ် ၁,၅၀၀ တောင်းတယ်။ တချို့ကျတော့လည်း ဈေးသက်သာတယ်။ တချို့ ဘတ် ၈၀၀၊ ၇၀၀ နဲ့ အာမခံပြီး သွားခေါ်တဲ့သူတွေရှိတယ်” ဟု ၎င်းအမျိုးသမီးက ပြောသည်။
မြန်မာနှင့် ထိုင်းလဝကဘက်ကိုမူ အထောက်အထားမရှိဘဲ မဲဆောက်သို့ နယ်စပ်ဖြတ် သန်းခွင့်လက်မှတ်ဖြင့် ပထမဆုံး သွားလာနေထိုင်ခွင့်အတွက် ယခင်က လုပ်ငန်းစဉ်အတိုင်း ကျပ်ငွေ ၂,၀၀၀ နှင့် ဘတ်ငွေ ၆၀ သာ ပုံမှန်ပေးဆောင်ရပြီး ပုံမှန်ဖြတ်နေကျသူများမှာ အာမခံစရာမလိုကြောင်း ကိုယ်တွေ့ကြုံရသူများထံမှ သိရသည်။
ထို့အပြင် သတ်မှတ်ရက်ပြည့် ပြန်မလာသူများကြောင့် ၎င်းတို့ကို တင်ဆောင်လာသည့် မော်တော် ယာဉ်များကို တံတားထိပ်ရှိ လဝကတာဝန်ရှိသူများက ယာဉ်ပြေးဆွဲခွင့် ရပ်နားခြင်း၊ ယာဉ်မောင်းလိုင်စင် ယာယီသိမ်းယူခြင်း စသည်ဖြင့် အရေးယူမှုများရှိလာသည်ဟုလည်း မြဝတီ-မဲဆောက် မော်တော်ယာဉ်လုပ်ငန်း နီးစပ်ရာက ပြောသည်။
တံတားပေါ် ယာဉ်ပြေးဆွဲခွင့် (၃) လ ရပ်နားခံရသည့် ယာဉ်မောင်းအသိမိတ်ဆွေတစ်ဦးက “ကားပေါ် တင်ပြီး တံတားပေါ်ကဖြတ်တော့ သူသွင်းခဲ့တဲ့လူက ပြန်မထွက်လို့ ပြဿနာတက်တာ။ အဲဒါကြောင့် ကားသမားတွေက အာမခံပြီး မသွင်းတော့ဘူး။ လူတွေက အလွယ်ဆိုတော့ ကားသမားတွေလည်း မခေါ်ရဲဘူး ဖြစ်ကုန်တာ” ဟု ပြောသည်။
မြဝတီ-မဲဆောက်တံတား အမှတ် (၁) မှ ထိုင်းဘက်သို့ သွားလာရာတွင် အထောက်အထားမရှိသူ အများ စုသည် တစ်ပတ်သက်တမ်းရသည့် နယ်စပ်ဖြတ်သန်းခွင့်စာအုပ်လုပ်၍ ဝင်ထွက်ကြသည်။ တစ်ပတ်စာအုပ်နှင့်အတူ CI (သို့မဟုတ်) ပတ်စ်ပို့ (Passport) အသုံးပြုပြီး ဝင်လာကြ သူများရှိသော်လည်း ပြီးခဲ့သည့်နှစ် ဒီဇင်ဘာတွင် အထောက်အထားတစ်မျိုးသာ ကိုင်ဆောင်ရမည်ဟု ထိုင်းလဝကက သတ်မှတ်လိုက်ပြန်သည်။
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ပြင်ပသို့ ကျော်လွန်သွားလာခွင့်မရှိသည့် ပထမအကြိမ် တစ်ပတ် စာအုပ်ကိုင်ဆောင်သူများကို အာမခံခိုင်းသည့်ကိစ္စသည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကတည်းက စတင်လာခြင်းဖြစ်သည်ဟု နယ်စပ်သတင်းအရင်းအမြစ်အချို့က ပြောသည်။ သို့သော်လည်း အမြဲတမ်းသတ်မှတ်ချက် ဟုတ်၊ မဟုတ်ကိုမူ ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် စုံစမ်းနေဆဲဖြစ်သည်။







