ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ ရိုဟင်ဂျာဒေသခံများက မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း အိမ်များကို စွန့်ခွာထွက်ပြေးခဲ့ရပြီးနောက် ၎င်းတို့၏ အိမ်များအတွင်းရှိ ပစ္စည်းများကို အာရက္ခတပ်တော် (AA) အဖွဲ့ဝင်များမှ ဝင်ရောက်ယူဆောင်သွားကြောင်း စွပ်စွဲထားသည်။
အဆိုပါတိုက်ပွဲများမှာ အာရက္ခတပ်တော်နှင့် မြန်မာစစ်တပ်အကြား မောင်တောမြို့နယ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ထိုကြောင့် ရိုဟင်ဂျာမိသားစုအများအပြားသည် လုံခြုံရေးအတွက် ရွာများမှ ထွက်ပြေးခဲ့ကြရသည်။ အချို့သည် မောငိတောမြို့အတွင်း အခြားဒေသများသို့ ရွှေ့ပြောင်းခဲ့ပြီး၊ အချို့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကူးပြောင်းခိုလှုံခဲ့ကြသည်။ ထို့ကြောင့် အိမ်အများအပြားသည် လူမနေဘဲ လစ်လပ်နေခဲ့သည်။
ဒေသခံများ၏ အဆိုအရအာရက္ခတပ်တော်( AA) အဖွဲ့ဝင်များသည် ထိုလစ်လပ်နေသည့် အိမ်များသို့ ဝင်ရောက်ကာ အိမ်သုံးပစ္စည်းများဖြစ်သည့် ပရိဘောဂများ၊ ရေသိုလှောင်ကန်များနှင့် အခြားပစ္စည်းများကို ယူဆောင်သွားကြောင်း သိရသည်။ အနီးအနားတွင် ကျန်ရှိနေသည့် မိသားစုဝင်များကိုလည်း မိမိတို့၏ အိမ်ပိုင်ဆိုင်မှုများကို ပြန်လည်ယူဆောင်ရန် သို့မဟုတ် ရောင်းချရန် ခွင့်မပြုကြောင်း ဖော်ပြထားသည်။
“တိုက်ပွဲကြောင့် ကျွန်တော်တို့ ထွက်ပြေးခဲ့ရတာပါ။ အခုတော့ ကျွန်တော်တို့အိမ်တွေကို ပိုင်ရှင်မရှိဘူးလို့ ပြောနေကြပါတယ်။ ဒါပေမယ့် အဲ့ဒီအိမ်တွေက ကျွန်တော်တို့ပိုင်တာပါ” ဟု ဒေသခံတစ်ဦးက ပြောသည်။
အခြားဒေသခံတစ်ဦးကလည်း မိသားစုများသည် ကြောက်ရွံ့မှုကြောင့် ပြင်းပြင်းထန်ထန် တုံ့ပြန်ရန် မရဲကြောင်း ပြောကြားခဲ့သည်။
လစ်လပ်နေသည့် အိမ်များနှင့်ပတ်သက်သည့် ကြေညာချက်
ဒေသခံရင်းမြစ်များအဆိုအရ အာရက္ခတပ်တော် (AA) ခေါင်းဆောင်များက လစ်လပ်နေသည့် ရိုဟင်ဂျာအိမ်များကို ဖျက်ဆီးနိုင်ကြောင်းနှင့် မူလပိုင်ရှင် မရှိသော ပစ္စည်းများကို ၎င်းတို့၏ အုပ်ချုပ်ရေးအောက်တွင် အစိုးရပိုင်အဖြစ် သတ်မှတ်မည်ဟု ကြေညာထားကြောင်း သိရသည်။
ဤကြေညာချက်သည် နေရပ်ပြန်လည်အခြေချနိုင်မည့် အနာဂတ်အပေါ် မသေချာမှုများရှိနေပြီးသား ရိုဟင်ဂျာပြည်သူများအတွက် ပိုမိုစိုးရိမ်မှုများ ဖြစ်ပေါ်စေခဲ့သည်။
“မြေယာနဲ့ အိမ်ကို ဆုံးရှုံးပြီးသားပါ။ အခုတော့ ပစ္စည်းလေးတွေပါ ပျောက်ဆုံးသွားပါတယ်” ဟု ရွှေ့ပြောင်းနေထိုင်ရသည့် အမျိုးသမီးတစ်ဦးက ပြောသည်။
နေရပ်ပြန်ရေးနှင့် ပိုင်ဆိုင်မှုအခွင့်အရေးအပေါ် မသေချာမှုများ တိုးပွား
ဒေသခံများ၏ ပြောကြားချက်အရ လက်ရှိတွင် လုံခြုံရေးအခြေအနေ မတည်ငြိမ်သေးသဖြင့် ရွာများသို့ လုံခြုံစွာ ပြန်လည်ဝင်ရောက်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။ ထို့အပြင် ဥပဒေရေးရာ အကာအကွယ်များမရှိပါက ၎င်းတို့၏ အိမ်များနှင့် ပစ္စည်းများကို အမြဲတမ်း ဆုံးရှုံးသွားနိုင်မည်ကို စိုးရိမ်နေကြသည်။
ရိုဟင်ဂျာဒေသခံများက လုံခြုံရေးအာမခံချက်၊ မိမိတို့၏ နေရပ်သို့ ပြန်လည်ဝင်ရောက်နိုင်ရန် အခွင့်အရေးနှင့် ပိုင်ဆိုင်မှုအကာအကွယ်များကို တောင်းဆိုနေကြသည်။







