သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် အသက် ၁၈ နှစ်ပြည့် အမျိုးသမီးများကို စစ်မှုထမ်းရန် စစ်ကော်မရှင်တပ်က စတင်ခေါ်ယူနေကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ပထမပတ်မှစပြီး အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများကို စစ်ကော်မရှင်တပ်က စစ်မှုထမ်း စတင်ခေါ်ယူနေပြီး အဆိုပါ စစ်မှုထမ်းစာရင်းထဲတွင် ကျောင်းတက်နေသူများလည်း ပါဝင်ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကိုပြောသည်။
ထိုသို့ စစ်မှုထမ်းခေါ်ရာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ စာရင်းပါကြောင်း ဆင့်ခေါ်စာများ လိုက်လံ ပို့ဆောင်ကြောင်းနှင့် ကျောင်းသူဖြစ်၍ စစ်မှုမထမ်းနိုင်လျှင် ငွေကြေးဖြင့် လာရောက်ညှိနိူင်း နိုင်သည်ဟု အုပ်ချုပ်ရေးမှူးက ပြောဆိုခဲ့ကြောင်း သိရသည်။
“ခေါ်တာက သိပ်တော့ မကြာသေးဘူး၊ စာရင်းပါတဲ့ နာမည်တွေ လိုက်ပို့တယ်။ ပါရင် စစ်မှုထမ်း၊ မထမ်းရင် တောင်းသလောက်ပေးပေါ့။ ညဆိုလည်း အမျိုးသားတွေကို ပေါ်တာဆွဲတာတို့ကြားတယ်၊ ညဆို အပြင်မထွက်ရဲဘူး။ ဒီတစ်ခေါက်ကျမှ ဘာလို့ အမျိုးသမီးတွေကို ခေါ်လည်း မသိဘူး၊ ပေါ်တာဆွဲစရာ လူမရှိတော့လို့ ထင်တယ်”ဟု ဆီဆိုင်မြို့ခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
ထို့အပြင် အသက်ပြည့်ပြီးသည့် အမျိုးသားများကိုလည်း ခေါ်ယူနေပြီး စစ်ကော်မရှင်မှ ခေါ်ဆောင်သွားသော စစ်မှုထမ်း အမှတ်စဉ်(၁) မှ လူငယ်များလည်း သတ်မှတ်သည့် နှစ်ကာလ ပြည့်သွားသော်လည်း ပြန်လာနိုင်ခြင်း မရှိသည့်အပြင် မိသားစုနှင့် အဆက်အသွယ်ပါ ပြတ်တောက်သူများလည်း ရှိကြောင်း အဆိုပါ အမျိုးသမီး တစ်ဦးက ပြောသည်။
စစ်မှုထမ်း အမှတ်စဉ် (၁)ကို လွန်ခဲ့သည့် ၂၀၂၄ ခုနှစ် ဧပြီလတွင် စစ်ကော်မရှင်က နိုင်ငံတစ်ဝန်းရှိ အသက်ပြည့်ပြီးသည့် လူငယ်အမျိုးသားများကို မဲနှိုက်ခေါ်ယူခဲ့ပြီး ယခုအချိန်တွင် အမှတ်စဉ်(၂၁) အထိ ရှိပြီ ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင်လည်း စစ်တပ်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်(PNO) က ၎င်းတို့ လွှမ်းမိုးရာ ဒေသဖြစ်သည့် ဆီဆိုင်၊ ဟိုပုံး၊ ပင်လောင်းနှင့် ညောင်ရွှေမြို့ အပါအဝင် တောင်ကြီးမြို့နယ် ဘက်တွင်လည်း ၂၀၂၅ ခုနှစ် ဩဂုတ်လအထိ စစ်မှုထမ်း တပ်သားသစ်များ ခေါ်ယူကာ ကင်းစောင့်ခိုင်းခြင်း၊ ရှေ့တန်းပို့ခြင်းများ ပြုလုပ်ခဲ့သည်။
ယမန်နှစ် ၂၀၂၅ ခုနှစ် စက်တင်ဘာလမှ ယနေ့ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ပထမပတ်အထိ PNO က စစ်မှုထမ်းတပ်သား ခေါ်ယူခြင်း မရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ထိုကဲ့သို့ စစ်မှုထမ်း အမှတ်စဉ် (၂၁)အဖြစ် ပြန်လည် ခေါ်ယူလာသောကြောင့် ဒေသခံလူငယ်များနှင့် အသက်ပြည့်ပြီးသည့် ကျောင်းသား၊ကျောင်းသူများ စိုးရိမ်နေကြပြီး မိဘများအနေဖြင့်လည်း ငွေကြေးနှင့် စားဝတ်နေရေးပါ အခက်ကြုံနေရသည်ဟု သိရသည်။
“စစ်တပ်ကခေါ်ရင် ပအိုဝ်းပြည်သူ့စစ် (PNO) က ဘာမှမလုပ်ပေးဘူး၊ အရင်က သူတို့တပ်ထဲဝင်ထားရင် စစ်တပ်ထဲသွားစရာ မလိုဘူး ပြောပြီး အခုကျ ဘာမှမလုပ်ပေးဘူး။ ကျောင်းသား၊ကျောင်းသူတွေပါ ခေါ်ရင် အဆင်မပြေဘူး၊ ဒီအခြေအနေနဲ့ မငတ်ရုံတမယ် နေနေရတာ၊ ပိုက်ဆံထည့်ဖို့လည်း မရှိဘူး”ဟု ကျောင်းသားမိဘတစ်ဦးက ပြောသည်။
ထို့အပြင် စစ်ကော်မရှင်တပ်နှင့် ၎င်း၏ လက်အောက်ခံ ပျူစောထီးများက ည(၈)နာရီအချိန် မြို့ထဲသို့ ကင်းလှည့်စောင့်ကြည့် မှုများလုပ်နေပြီး ညဘက်သွားလာသူများကို စစ်ဆေးမေးမြန်းမှုများ လုပ်ကာ ဖမ်းဆီးသွားတတ်ကြောင်း မြို့ခံများက အသိပေးပြောထားသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)တို့မှ ဆီဆိုင်မြို့ ဒေသခံများကို စစ်မှုထမ်းရန်အတွက် ပေါ်တာဆွဲခြင်း၊ မဲနှိုက်ရွေးချယ်ကာ စစ်မှုထမ်းခိုင်းခြင်း၊ စစ်မှုထမ်းကြေး လစဉ်ကောက်ခံခြင်း စသည်တို့လုပ်ဆောင်ခဲ့သည်။







