ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်၊ ငါန်ဇောလ်( Nganzawl) ကျေးရွာကို ဒီကနေ့ ဇန်နဝါရီ ၃၁ ရက်နေ့ မနက်ပိုင်း ၁၁ နာရီခွဲ ဝန်းကျင်လောက်မှာ စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် (၇၀) နှစ်အရွယ်အဘွားအိုတစ်ဦး သေဆုံးခဲ့ရပြီး နေအိမ်များစွာလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဒေသခံနဲ့နီးစပ်သူတစ်ဦးက " အခုတိုက်ခိုက်ခံရတဲ့ရွာမှာက တိုက်ပွဲဖြစ်ပွားတာ မရှိပေမယ့် စစ်တပ်က လေယာဉ်နဲ့ ရွာကို လေကြောင်းကနေ ဗုံး ၄ ကြိမ်တိုက်ခိုက်ခဲ့တယ် အဲဒီမှာ ဒေသခံအဖွားအိုတစ်ယောက်ဆုံးသွားတယ် နေအိမ်တွေလည်း အပျက်အစီးများတယ်လို့ သိရတယ်" လို့ပြောပါတယ်။
စစ်ကော်မရှင်က ငါန်ဇောလ်( Nganzawl) ကျေးရွာကို ဒီကနေ့မနက် ၁၁ နာရီခွဲလောက်မှာ ကျေးရွာထဲကို ဗုံး ၃ လုံးနဲ့ ကျေးရွာအထက်ဘက်ကို ၁ ကြိမ် စုစုပေါင်း ၄ ကြိမ် တိုက်ခိုက်ခဲ့ပြီး အရပ်သားနေအိမ် ၁၀ ဝန်းကျင် ထိခိုက်ပျက်စီးခဲ့ရတယ်လို့လည်း သိရပါတယ်။
မနေ့ညနေပိုင်းလောက်ကလည်း ဖလမ်းမြို့နယ် Sim Dihai ကျေးရွာကို စစ်ကော်မရှင်က အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့လို့ အရပ်သားနေအိမ် ၃ လုံးခန့် မီးလောင်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
ဖလမ်းမြို့ကို ထိုးစစ်ဆင်နေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့နဲ့ ချင်းလက်နက်ကိုင်တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေအကြား ဒီကနေ့ မနက်ပိုင်းမှာ ဖလမ်းမြို့ အရှေ့ဘက်ခြမ်း Sum Hrang ကျေးရွာတဝိုက်မှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေတယ်လို့လည်း သိရပါတယ်။







