စစ်ကော်မရှင်ကို ချင်း လူ့အခွင့်အရေးအဖွဲ့က တရားစွဲဆိုမှု တီမောတရားရုံးက လိုက်ခံလိုက်ပြီ

စစ်ကော်မရှင်ကို ချင်း လူ့အခွင့်အရေးအဖွဲ့က တရားစွဲဆိုမှု တီမောတရားရုံးက လိုက်ခံလိုက်ပြီ
ဓာတ်ပုံ – Mari Alkatiri
ဓာတ်ပုံ – Mari Alkatiri

ချင်းပြည် အတွင်း ကျူးလွန်ခံသည့် စစ်ရာဇဝတ်မှုများအတွက် စစ်ခေါင်းဆောင်များကို အရှေ့တီမောတရားရုံး၌ တရားစွဲဆိုမှု စတင်လိုက်သည်။

ချင်းပြည်အတွင်း စစ်ကော်မရှင်တပ်က ကျူးလွန်ခဲ့သည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများနှင့် စစ်ရာဇဝတ် မှုများအတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် ထိပ်တန်းစစ်အရာရှိ ၁၀ ဦးကို အရှေ့တီမော (တီမော လက်ရှ်တေး) နိုင်ငံတရားရုံးတွင် တရားစွဲဆိုထားမှုကို တရားဝင်လက်ခံလိုက်ပြီဖြစ်ကြောင်း ချင်းလူ့အခွင့်အရေး အဖွဲ့ (CHRO)က ထုတ်ပြန်သည်။

အဆိုပါ တရားစွဲဆိုမှုကို ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)၊ လန်ဒန်အခြေစိုက် Myanmar Accountability Project (MAP) နှင့် တီမောအခြေစိုက် ဥပဒေရေးရာအဖွဲ့တို့ ပူးပေါင်း၍ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် တရားဝင် လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

CHRO အဖွဲ့ စီမံကိန်းမန်နေဂျာ ဆလိုင်းမာန်ဟရဲလျန်က “တီမောနိုင်ငံမှာ သူတို့နိုင်ငံဥပဒေနဲ့ တရားရေး နည်းလမ်းတွေ ရှိတယ်ပေါ့‌နော်။ သူတို့ရဲ့ တရားဥပဒေနည်းလမ်းအရ ကျနော်တို့ စွဲချက်တင်တဲ့ပုဂ္ဂိုလ်တွေကို သူတို့ အမှုတွေ စိစစ်ပေးမယ်။ ပြီးရင်တော့ သူတို့ အရေးယူဆောင်ရွက်မှုတွေ လုပ်ပေးမယ်လို့တော့ ကျနော်တို့က မျှော်လင့်ပါတယ်” ဟု ပြောသည်။

အရှေ့တီမောနိုင်ငံသည် ၎င်းတို့နိုင်ငံ ပြင်ပတွင် ဖြစ်ပွားသည့် ပြစ်မှုများကို နိုင်ငံတကာ တရားစီရင်ပိုင်ခွင့် (Universal Jurisdiction) အရ လက်ခံစစ်ဆေးရန် ဖွဲ့စည်းပုံ အခြေခံဥပဒေ၌ လမ်းဖွင့်ပေးထားသည့်အတွက် ယခုကဲ့သို့ ရွေးချယ် တရားစွဲဆိုရခြင်း ဖြစ်ကြောင်း CHRO က ပြောသည်။

“တီမောနိုင်ငံကတော့ မြန်မာနိုင်ငံ ချင်းလူမျိုးလိုဘဲ အာဏာရှင်စနစ် လက်အောက်မှာ သူတို့နေပြီးတော့ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်စုတွေ အပေါ်ကျူးလွန်တဲ့ ပြစ်မှုတွေ သူတို့ခံစားခဲ့တဲ့ နိုင်ငံဖြစ်တယ်ပေါ့နော်။ အဲ့ဒီအပြင် တီမောနိုင်ငံက သူတို့နိုင်ငံပြင်ပမှာဖြစ်တဲ့ ဒီလိုပြစ်မှုတွေကို သူတို့နိုင်ငံမှာတရားစီရင်ခွင့်ကို သူတို့ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ သူတို့ ဥပဒေက လမ်းဖွင့်ပေးထားတာဖြစ်တယ်။ အဲ့ဒီအတွက်ကြောင့် တီမောနိုင်ငံကို ရွေးပြီးတော့ ကျနော်တို့ တရားစွဲဆိုထားတာဖြစ်ပါတယ်” ဟု ဆလိုင်းမာန်ဟရဲလျန်က ဆက်ပြောသည်။

တရားစွဲဆိုမှုတွင် ၂၀၂၂ ခုနှစ်အတွင်း မတူပီမြို့နယ်၌ ကလေးတစ်ဦးနှင့် ဂျာနယ်လစ်တစ်ဦး အပါအဝင် ၈ ဦးကို လည်ပင်းလှီးဖြတ် သတ်ဖြတ်မှု၊ ခရစ်ယာန် သင်းအုပ်ဆရာ ၄ ဦးကို သတ်ဖြတ်မှု၊ မင်းတပ်မြို့နယ်ဆေးရုံနှင့် ဘာသာရေး အဆောက်အအုံများကို လေကြောင်းမှ တိုက်ခိုက်မှုစသည့် အဓိကအချက် ၅ ချက်ကို အခြေခံထားသည်။

ဤတရားစွဲဆိုမှုအပေါ် စစ်ကော်မရှင်ဘက်က ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ပြီး ရန်ကုန်ရှိ အရှေ့တီမောသံရုံး ယာယီ တာဝန်ခံကို ဇန်နဝါရီလ ၁၆ ရက်နေ့တွင် နေပြည်တော်သို့ ဆင့်ခေါ်ကာ ကန့်ကွက်ခဲ့သည်။ 

စစ်ကော်မရှင်က အရှေ့တီမောအနေဖြင့် အာဆီယံပဋိညာဉ်ကို ချိုးဖောက်ကာ မြန်မာ့ပြည်တွင်းရေးကို စွက်ဖက် နေသည်ဟု စွပ်စွဲထားသည်။

သို့သော် ဆလိုင်းမာန်ဟရဲလျန်ကမူ “တီမောနိုင်ငံက ဒီမိုကရေစီနိုင်ငံ ဖြစ်တယ်။ တီမောအနေနဲ့ သူ့ရဲ့ နိုင်ငံရေး ဥပဒေအတိုင်း ဆောင်ရွက်တာဖြစ်တဲ့အတွက်ကြောင့် အာဆီယံရဲ့ ပဋိညာဉ်တွေ ဘာမှ ချိုးဖောက်တာ မရှိဘူး။ တကယ်တမ်းဆိုရင်တော့ အာဆီယံနိုင်ငံရဲ့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရမယ် ဒီမိုကရေစီ မြှင့်တင် ရမယ်ဆိုတဲ့ဟာကို တီမောနိုင်ငံအနေနဲ့ ပိုပြီးတော့တောင် ကျနော်တို့ မြန်မာပြည်သူလူထုရဲ့ အသံကို နားထောင်ပေးတယ်လို့ပဲ ကျနော်တို့ကတော့ ဆိုချင်ပါတယ်” ဟု တုံ့ပြန်သည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွင်းကလည်း ချင်းတိုင်းရင်းသားများက ဖိလစ်ပိုင်နိုင်ငံ၌ တရားစွဲဆိုရန် ကြိုးပမ်းခဲ့သော်လည်း ပယ်ချခံခဲ့ရဖူးသည်။ 

အရှေ့တီမောနိုင်ငံသည် မြန်မာ့နွေဦးတော်လှန်ရေးကို အစောပိုင်းကတည်းက ထောက်ခံခဲ့ပြီး အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ကိုလည်း တရားဝင်ဖိတ်ကြား ထိတွေ့ဆက်ဆံမှုများ ပြုလုပ်ခဲ့သည့် နိုင်ငံဖြစ်သည်။

Most read this week

ဓါတ်ပုံ - Wai Hun Aung
January 23, 2026
မြန်မာနိုင်ငံတွင် စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်...
AA Info Desk (ပုံဟောင်း)
January 21, 2026
မြန်မာနိုင်ငံတစ်ဝန်း တစ်နှစ်အတွင်း အမျိုးသမီး ၈၀၀ နီးပါး သေဆုံးခဲ့ပြီးနောက် စစ်ကော်မရှင်တပ်၏...
စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုကွန်ရက် (ဖားကန့်မြို့နယ်)
January 20, 2026
မြစ်ဆုံစီမံကိန်းအား စစ်ကော်မရှင်က ပြန်စတင်ရန် ကြိုးပမ်းမှုမှာ တရုတ်၏ ထောက်ခံမှုရယူရန် နိုင်ငံရေး...
January 19, 2026
ကရင်နီပြည်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထောင်ဖောက်ပြေးခဲ့သည့် စစ်ကော်မရှင် စစ်သုံ့ပန်း ၈၀...