အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ဒေသရှိ ကလေးသူငယ်များမှာ ရာသီဥတုပြောင်းလဲမှုနှင့်အတူ ယခု ဆောင်းရာသီအတွင်း ဖြစ်လေ့ရှိသော ရာသီတုပ်ကွေးအပြင် အဆုတ်ရောင်၊ ချွဲကျပ် စသည့် ရောဂါများ အဖြစ်များနေကြောင်း ကျန်းမာရေးအသိုင်းအဝိုင်းနှင့် ကလေးမိဘများက ပြောဆိုကြသည်။
ယင်းကြောင့် ရခိုင်မြို့နယ်များရှိ ဆေးရုံဆေးခန်းများတွင် ယခုလအတွင်း ကလေးလူနာ များပြားလာနေသည်ကို တွေ့ရကြောင်းလည်း အုပ်ထိန်းသူများက ဆိုသည်။
ပေါက်တောမြို့နယ်မှ ကလေးဖခင်တစ်ဦးက “ ကျနော့်သမီးက ၄ လသားပဲ ရှိသေးတယ်။ ရာသီဥတု အအေးပိုတော့ ချောင်းဆိုးတာကနေ မသက်သာ။ ပိုဆိုးလာလို့ ဆေးခန်းသွား ပြတော့ ဆရာဝန်က အဆုတ်ပွတယ်လို့ ပြောပြီး ဆေးရုံတက်ခိုင်းတယ်။ ဆေးရုံမှာ ငါးရက်လောက် ဆေးကုသခဲ့ရတယ်။ ဆေးရုံတက်နေတုန်းမှာလည်း လသားအရွယ် အဆုတ်ပွ နေမကောင်းလို့ ဆေးရုံတက်ရသူ ကလေးတွေ အများကြီးပဲ ” ဟု ပြောသည်။
ဆောင်းတွင်းကာလဖြစ်သဖြင့် ကလေးသူငယ်များတွင် သာမန်ဖျားနာခြင်းအပြင် အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါများဖြစ်သော ပန်းနာရင်ကျပ်ရောဂါ၊ အဆုတ်ရောင်နမိုးနီးယား၊ အအေးမိနှာစေးရောဂါ တို့ အဖြစ်များတတ်ကြောင်း ကျန်းမာရေးအသိုင်းအဝိုင်းက သိရသည်။
မွေးကင်းစမှ နှစ်နှစ်အတွင်း ကလေးငယ်များတွင် ဖြစ်တတ်သည့်ရောဂါများမှာ အသွင်တူတတ်ကြပြီး နှစ်နှစ် အောက်ကလေးငယ်များမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ အဖြစ်များကြောင်း သိရသည်။
ယင်းရောဂါများ မဖြစ်ပွားစေရေးအတွက် ကလေးအတွက် မိခင်နို့ရည်အပြင် ခြောက်လအထက် ဖြည့်စွက်စာ ကျွေးသည့် အရွယ်တွင်လည်း ရေဓာတ်ဖြည့်ပေးသည့် အစားအစာများ ပိုမိုကျွေးရန် လိုအပ်ကြောင်း ကျန်းမာရေးအသိုင်းအဝိုင်းက အကြံပြုထားသည်။
ULA ကျန်းမာရေးဌာနတွင် အလုပ်နေသူ သူနာပြုဝန်ထမ်းတစ်ဦးက “ ဆောင်းတွင်းဖြစ်တဲ့အတွက် ကလေးတွေက ဒီရာသီမှာ ဖြစ်တတ်တဲ့ ဖျားတာနာတာတွေ ဖြစ်ကြတယ်။ အအေးပိုပြီး နို့မစို့တာတွေကြောင့် ကိုယ်ခံအားကျတော့ ဖျားနာတာတွေ ပိုပြီး ဖြစ်နိုင်တယ်။ ဒါကြောင့် တစ်နှစ်အောက်ကလေးဆိုရင်တော့ နို့မကြာခဏ တိုက်ပေးမှ ကလေးက ကိုယ်ခံအား ကောင်းပြီး သက်တောင့်သက်သာဖြစ်မယ်။ ပြီးတော့ ပန်းနာရင်ကျပ်တို့ ရှိတဲ့ ကလေး ဆိုရင်တော့ ကလေး နေ့စဉ်ထိတွေ့နေတဲ့ ပစ္စည်းတွေရဲ့ သန့်ရှင်းရေးကိုလည်း အလေးထားဖို့ လိုတယ် ” ဟု ပြောသည်။
ယင်းအပြင် ဆောင်းရာသီအတွင်း ကလေးများအတွက် တုပ်ကွေးကာကွယ်ဆေး (Gene) ကို ပုံမှန်ထိုးပေးရန် လိုအပ်ကြောင်းလည်း ကျန်းမာရေးအသိုင်းအဝိုင်းက ဆိုသည်။
ရခိုင်မြို့သိမ်းတိုက်ပွဲ စတင်ချိန်မှ စ၍ စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထားမှုကြောင့် ဒေသတွင်း ဆေးဝါးအပါအဝင် ကုန်ပစ္စည်များပြတ်လပ်ကာ ဈေးနှုန်းအဆမတန်မြင့်တက်၍ ဒေသခံများ၏ နေ့စဉ်လူမှုဘဝရပ်တည်ရေးမှာ အခက်အခဲများစွာ ရင်ဆိုင်နေကြရသည်။
လက်ရှိ ရခိုင်ဒေသရှိ ဒေသခံများမှာ ဆေးရုံဆေးခန်း အားနည်းမှု၊ ကျန်းမာရေးဝန်ထမ်းမလုံလောက်မှု စသည့် အကျပ်အတည်းများနှင့် ရင်ဆိုင်နေရပြီး ဆေးဝါးရှားပါးမှု၊ ကုန်ဈေးနှုန်းမြင့်တက်မှုနှင့်အတူ လမ်းခရီး အခက်အခဲကြောင့် အချိန်မီ ဆေးဝါးကုသခွင့်မရ၍ အသက်သေဆုံးသွားသူများလည်း ရှိနေသည်။
ရမ်းဗြဲမြို့နယ်မှ ကလေးမိခင်တစ်ဦးက “ ကလေးက မွေးကတည်းက လမစေ့ဘဲ မွေးတော့ အစကတည်းက ကျန်းမာရေး သိပ်မကောင်းဘူး။ အခုလည်း ဆောင်းဝင်စကတည်းက ဖျားလိုက် ပြန်ကောင်းလိုက်မို့ အစကတော့ ရိုးရိုးဖျားတယ်ပဲ ထင်တာ။ ဆေးခန်းသွားပြတော့မှ တုပ်ကွေးမိတာလို့ ပြောတယ် ” ဟု ပြောသည်။
ရခိုင်မြို့သိမ်းတိုက်ပွဲများ စတင်လာသည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှ စ၍ ရခိုင်ဒေသကို ကုန်းလမ်း၊ ရေလမ်း ဖြတ်တောက်ကာ ကုန်ပစ္စည်းသယ်ယူခွင့်ကို စစ်ကောင်စီက ကန့်သတ်ထားသဖြင့် ဆေးဝါးပြတ်လပ်မှုနှင့် အတူ ကလေးငယ်များမှာ ကာကွယ်ဆေးထိုးခွင့် မရဖြစ်ခဲ့ရသည်။
လက်ရှိတွင် အသက် ၂ နှစ်အောက် ကလေးငယ်များအား အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ကာကွယ်ဆေးများ စတင် ထိုးနှံပေးနေပြီဖြစ်ကြောင်း သိရသည်။
သို့သော်လည်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဆေးရုံ၊ ဆေးခန်း ရွှေ့လျား နေရမှုများကြောင့် ရခိုင်ဒေသတွင် ကျန်းမာရေစောင့်ရှောက်မှုများ လိုအပ်ချက်များစွာ ရှိနေသေးကြောင်း ကျန်းမာရေးအသိုင်းအဝိုင်းက ပြောသည်။







