ရွေးကောက်ပွဲလုပ်မယ်လို့ ကြေညာထားတဲ့ ကချင်က မြို့နယ် ၂ ခုမှာ မလုပ်နိုင်တော့ဘူးလို့ ထုတ်ပြန်

ရွေးကောက်ပွဲလုပ်မယ်လို့ ကြေညာထားတဲ့ ကချင်က မြို့နယ် ၂ ခုမှာ မလုပ်နိုင်တော့ဘူးလို့ ထုတ်ပြန်

ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ထိန်းချုပ်ထားတဲ့ မြို့နယ် ၂ ခုမှာ ရွေးကောက်ပွဲ မကျင်းပဘူးလို့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်ပါတယ်။

အဲဒီ မြို့နယ် ၂ ခုကတော့ မိုးမောက်မြို့နယ်နဲ့ မံစီမြို့နယ်တို့ဖြစ်ပြီး နယ်မြေအလုံးစုံမှာ မပြုလုပ်နိုင်တော့ဘူးလို့ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာပါ။

ရွေးကောက်ပွဲကျင်းပဖို့ အခြေအနေမရှိတာကြောင့် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၂ နယ်နဲ့ ပြည်နယ်လွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် မဲဆန္ဒနယ် ၂ နယ်လုံးကို ပယ်ဖျက်လိုက်တာလည်း ဖြစ်ပါတယ်။

အခုလို မကြေညာခင် ဒီဇင်ဘာ ၂၈ ရက်နေ့တုန်းကတော့ မိုးမောက်၊ မံစီမြို့နယ် ၂ မြို့နယ်လုံးမှာ ရွေးကောက်ပွဲကျင်းပမယ်လို့ စစ်ကော်မရှင်က ကြေညာခဲ့ပါသေးတယ်။ ဒါပေမဲ့ တစ်မြို့နယ်က ကျေးရွာအုပ်စုတစ်ခုစီမှာပဲ ပြုလုပ်မှာဖြစ်တယ်လို့ ထုတ်ပြန်ခဲ့တာပါ။

ဒါပေမဲ့ ရွေးကောက်ပွဲ အပိုင်း ၃ နီးလာချိန်မှာတော့ အဲဒီလို မြို့နယ် ၂ ခုလုံး ရွေးကောက်ပွဲ မကျင်းပနိုင်တော့ဘူးလို့ စစ်ကော်မရှင်က ပြောင်းလဲကြေညာလိုက်တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလတုန်းကတော့ KIA ထိန်းချုပ်ထားတဲ့ ကချင်ပြည်နယ်က ချီဖွေမြို့နယ်၊ ဆော့လော်မြို့နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်နဲ့ အင်ဂျန်းယန် မြို့နယ်တို့မှာ ရွေးကောက်ပွဲမကျင်းပဘူးလို့ စစ်ကော်မရှင်က ကြေညာခဲ့ပါတယ်။

အခု မကျင်းပတော့မယ့်မြို့နယ် ၂ ခုနဲ့ဆိုရင် ကချင်ပြည်နယ်မှာ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့မြို့နယ် ၆ ခုရှိလာပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲအပိုင်း ၁ နဲ့ အပိုင်း ၂ ကိုတော့ ကချင်က မြို့နယ် ၉ မြို့နယ်မှာ ပြုလုပ်ခဲ့ပြီးပါပြီ။

မြို့နယ် ၁၈ မြို့နယ်ရှိတဲ့အထဲ ကျင်းပပြုလုပ်ပြီးစီးတဲ့ မြို့နယ် ၉ ခုနဲ့ မကျင်းပတဲ့ မြို့နယ် ၆ ခုကို ဖယ်လိုက်ရင် မြို့နယ် ၃ ခုပဲ ကျန်တော့တာလည်း ဖြစ်ပါတယ်။

ကျန်နေတဲ့ မြို့နယ် ၃ ခုဟာ ဗန်းမော်မြို့နယ်၊ ဖားကန့်မြို့နယ်နဲ့ ရွှေကူမြို့နယ်တို့ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဗန်းမော်မြို့နယ်ဘက်မှာ နေ့တိုင်းနီးပါး တိုက်ပွဲဖြစ်ပွားမှုတွေရှိနေပြီး ရွှေကူနဲ့ ဖားကန့်ဘက်မှာလည်း အခြေအနေတွေ တင်းမာနေတာပါ။

ကျင်းပပြုလုပ်ခဲ့ပြီးတဲ့ ရွေးကောက်ပွဲအပိုင်း ၁ မှာ မြစ်ကြီးနား၊ တနိုင်း၊ ခေါင်လန်ဖူး၊ နောင်မွန်၊ ပူတာအိုနဲ့ မိုးညှင်း မြို့နယ်တို့ ပါဝင်ခဲ့ပြီး အပိုင်း ၂ တုန်းကတော့ ဝိုင်းမော်၊ မချမ်းဘော့နဲ့ မိုးကောင်းမြို့နယ်တို့ ပါဝင်ခဲ့ပါတယ်။

၂၀၀၈ အခြေခံဥပဒေအောက်ကနေ လုပ်ခဲ့တဲ့ ပြီးခဲ့တဲ့ ၂၀၁၀ ၊ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေတုန်းကတော့ ကချင်ပြည်နယ်မှာ ရွေးကောက်မကျင်းပနိုင်တဲ့ ဒေသတချို့ရှိခဲ့ပေမဲ့ အခုလို မြို့နယ်လုံးကျွတ် ရွေးကောက်ပွဲ မကျင်းပနိုင်တာမျိုး မရှိခဲ့ဘဲ ၁၈ မြို့နယ်လုံးမှာ ပြုလုပ်ခဲ့တာပါ။

စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲအပိုင်း ၃ ကိုတော့ လာမယ့် ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။

မြစ်ကြီးနားသတင်းဂျာနယ်မှ တင်ဆက်သည့် သတင်းများကို Facebook စာမျက်နှာအပြင် အောက်ပါလင့်ခ်များတွင်လည်း ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါသည်။

Most read this week

January 21, 2026
ပူတာအိုမြို့၊ ဒုတ္တန်ရပ်ကွက်အတွင်း ဖွင့်လှစ်ထားတဲ့ ခါကာဘို ဘိုးဘွားရိပ်သာမှာ ခက်ခဲပြီး...
January 15, 2026
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ဘက် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်ကော်မရှင်တို့ကြား မနေ့က...
January 14, 2026
ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာ ၇ ရွာက တိုက်ပွဲရှောင်ဒေသခံပြည်သူတွေဟာ...
ပုံဟောင်းဖြစ်ပါသည်။
January 13, 2026
စစ်ကော်မရှင်ပြုလုပ်တဲ့ ရွေးကောက်ပွဲပြီးတဲ့နောက်ပိုင်း ပူတာအိုခရိုင်အတွင်းက ရွှေလုပ်ကွက်တစ်ချို့...