မော်လမြိုင်မြို့မှာ ယာဉ်ထိန်းရဲတွေ ငွေရှာကြမ်းနေ

မော်လမြိုင်မြို့မှာ ယာဉ်ထိန်းရဲတွေ ငွေရှာကြမ်းနေ

မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကော်မရှင် လက်အောက်ခံ ယာဉ်ထိန်းရဲတွေဟာ ဒေသတွင်း လှုပ်ရှားသွားလာနေကြတဲ့ ပြည်သူတွေဆီကနေ ငွေရှာကြမ်းနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ယာဉ်ထိန်းရဲတွေဟာ လမ်းဆုံလမ်းခွတွေ၊ မြို့ဝင်မြို့ထွက်အပါအဝင် လူသွားလူလာများတဲ့ နေရာတွေနဲ့ ကားဝင်းလို နေရာတွေမှာ မော်တော်ကား၊ ဆိုင်ကယ်အပြင် မီနီအိုးဝေတွေကအစ ဖမ်းဆီးပြီး ငွေကြေးတောင်းခံနေတာပါ။

ယာဉ်ထိန်းရဲတွေဟာ ဖမ်းဆီးခံရသူတွေကိုတော့ ဖမ်းဆီးခံရတဲ့ အမှုပေါ်မူတည်ပြီး ညှိနှိုင်းကာ ချက်ချင်း ငွေကြေးတောင်းခံတာ ရှိသလို ညှိနှိုင်းလို့ အဆင်မပြေသူတွေကိုတော့ ချလန် ဖြတ်ပေးပြီး ယာဉ်ထိန်းရုံးမှာ ဒဏ်ငွေဆောင်စေတာ ဖြစ်ပါတယ်။

မော်လမြိုင်မြို့ခံ တစ်ဦးကတော့ ယာဉ်ထိန်းရဲတွေဟာ မော်တော်ယာဉ်မှန်သမျှ အကုန်စစ်ဆေးကာ ဒဏ်ငွေ ချက်ချင်းဆောင်ခိုင်းနေပြီး ဒဏ်ငွေ ချက်ချင်း မဆောင်သူတွေကိုတော့ တရားရုံး သွားရမယ်ဆိုပြီး ခြိမ်းခြောက်တာတွေက အစ ရှိတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ယာဉ်ထိန်းတွေက အခုဘယ်လို လုပ်စားလဲဆိုတော့ လိုင်စင်ဦးထုပ်မပါဘူးဆိုရင် လိုင်စင်ပါရင်လည်း ရက်လွန်ရင် ဒဏ်ငွေဆောင်ရမယ်ဆိုပြီး ဒဏ်ဆောင် ခိုင်းတယ်။ ချလန်တစ်ခု ဖြတ်ပေးတယ်။ ခပ်လှမ်းလှမ်းမှာ ဒီပွဲစား ၃/၄ယောက် ထိုင်နေတယ်။ တရားရုံး သွားရမယ်ဆိုပြီး ခြိမ်းခြောက်တယ်။ ရဲမေတွေရော ရဲတွေရော မသွားချင်ရင် ပွဲစားတစ်ယောက် ဟိုမှာ သွားပေးလိုက်။ အဲဒီလူက အခု သိမ်းခံရတဲ့ လိုင်စင် သိမ်းခံရတဲ့ သော့ပြန်ပေးမှာပေါ့။ အခုဂိတ်တွေမှာ လုပ်စားနေတယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် ယာဉ်ထိန်းရဲတွေဟာ ဒေသခံတွေရဲ့ မော်တော်ယာဉ်တွေကိုတော့ စစ်ဆေးပြီး အမှု တစ်ခုကို အနည်းဆုံး ကျပ် ၃၅၀၀၀ တောင်းခံ သလို သူတို့နဲ့ နီးစပ်သူတွေ ယာဉ်စည်းကမ်း ဖောက်ဖျက်ရင် ဖမ်းဆီးတာ မရှိဘူးလို့ သူက ဆက်ပြောပါတယ်။

ယာဉ်ထိန်းရဲတွေဟာ မော်တော်ကားတွေကို စစ်ဆေးတဲ့နေရာမှာ မော်တော်ယာဉ် လိုင်စင်နဲ့ လူလိုင်စင် ရှိမရှိကို စစ်ဆေးတာ အပြင် ထိုင်ခုံခါးပတ် ပတ်မပတ်တာကအစ မြေပြင်နဲ့ CCTV တွေကတစ်ဆင့် စစ်ဆေးပြီး ငွေကြေးတောင်းခံနေတာပါ။

မော်တော်ဆိုင်ကယ်တွေကို စစ်ဆေးတဲ့ နေရာမှာတော့ မှန်ထောင်၊ နံပါတ်ပြား၊ ဦးထုပ်၊ ယာဉ်လိုင်စင်နဲ့ လူလိုင်စင်ကို စစ်ဆေးတာ ရှိပြီး မီနီအိုးဝေတွေကိုတော့ ယာဉ်လိုင်စင်နဲ့ လူလိုင်စင်အပြင် လူပိုတင်ဆောင်တာတွေကအစ စစ်ဆေးပြီး ငွေတောင်းကြမ်းနေတာ ဖြစ်ပါတယ်။

မော်လမြိုင်မြို့ မှာတော့ စစ်ကော်မရှင်က အပြည့်အဝ ထိန်းချုပ်ထားတဲ့အတွက် လက်အောက်ခံ ယာဉ်ထိန်းရဲတွေဟာ နေ့စဉ် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စစ်ဆေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ဆေးပြီး ဒေသခံတွေဆီက ငွေညှစ်နေတာပဲ ဖြစ်ပါတယ်။