ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့ ၊ မနက် ၁ နာရီဝန်းကျင်မှာ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) လက်အောက်၊ မယ်စဲ့မြို့နယ်မှာရှိတဲ့ အကျဥ်းထောင် အမှတ် ၂ ကနေ ထောင်ဖောက် ထွက်ပြေးသွားတဲ့ စစ်သုံ့ပန်းအကျဉ်းသားတွေထဲက အယောက် ၃၀ ကို ထိုင်းနိုင်ငံ နယ်စပ်မှာ ထပ်မံ ဖမ်းဆီးရမိထားတယ်လို့ ထိုင်း သတင်းတွေက ယမန်နေ့ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ဖော်ပြပါတယ်။
ဇန်နဝါရီလ ၁၉ ရက်နေ့မှာ ဖမ်းမိထားတဲ့ စစ်သုံ့ပန်းအကျဥ်းသား၊ ဗိုလ်မှူးအဆင့်ရှိသူ ပိုင်စိုးသူ အပါအဝင် နောက်ထပ် ဖမ်းမိထားတဲ့ အကျဥ်းသားတွေအားလုံးကို ထိုင်းအာဏာပိုင်တွေက ထိန်းသိမ်းထားတယ်လို့လည်း ပြောပါတယ်။
ထောင်ဖောက်ထွက်ပြေးသွားတဲ့ အကျဥ်းသားတွေရဲ့ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်ပြီး ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ ( IEC ) ကို ဆက်သွယ်မေးကြည့်တဲ့အခါ အခုလိုပြောပါတယ်။
“အချက်အလက်ကတော့ စုနေတုန်းပေါ့နော။ တချို့ကလည်း ဆုံးတာတော့ မှန်တယ်ပေါ့နော။ ပြီးတော့ ဒီရက်ပိုင်းမှာတော့ အသိပေးဖို့ ရှိပါတယ်” လို့ IEC အတွင်းရေးမှူး ၂ ဦးဗညားက ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။
ထိုင်းသတင်းတွေအရ ထိုင်းအာဏာပိုင်ဆီမှာ လက်နက်ချလိုက်တဲ့ မယ်စဲ့ထောင်က စစ်သုံ့ပန်း အကျဥ်းသားတွေကို နိုင်ငံတကာစစ်ဥပဒေအရ မြန်မာအစိုးရဆီ ပြန်လွှဲအပ်ပေးရမှာဖြစ်ပါတယ်။
ကရင်နီမှာရှိတဲ့ ဒေသခံတွေကတော့ လက်နက်ယူပြီး ထွက်ပြေးသွားကြတဲ့ စစ်သုံ့ပန်း အကျဥ်းသားတွေကြောင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံရေးအတွက် ပိုပြီးတော့ စိုးရိမ်လာရတယ်လို့ ပြောပါတယ်။

“မယ်စဲ့ကနေ ဒီအထိဆိုရင် နှစ်ရက်သုံးရက်လောက်တော့ လမ်းလျှောက်ရမယ်။ ကားကြုံနဲ့ လိုက်လာတဲ့သူတွေရှိရင် ရှိနိုင်တယ်။ အဲကြောင့်မို့လို့ လမ်းခုလတ်မှာ အကယ်၍ သူတို့ ဒုက္ခရောက်လို့ရှိရင် လမ်းခုလတ်မှာ သူတို့ခိုးနိုင်တယ်။ အစားအသောက်က ပြတ်မယ်ဆိုလို့ရင် ထမင်းတွေ ဘာတွေ ဝင်ခိုးပြီးတော့ စားနိုင်တယ်။ အဓိက က ဆိုင်ကယ်တို့ အဲလိုတွေကြောက်ရတယ်။ ပြီးတော့ လက်နက်ကပါသွားတယ်ဆိုတော့ ကိုယ့်ကို လက်နက်နဲ့ သတ်မလားပေါ့နော။ လူသတ်မှုဖြစ်မှာလည်း စိုးရိမ်တယ်။” လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။
ထောင်ဖောက်ထွက်ပြေးသွားတဲ့ အကျဥ်းသား ၈၆ ယောက်ထဲက ၃၁ ယောက်ကို ထိုင်းမှာ ဖမ်းဆီးရမိပြီဖြစ်တာကြောင့် အကျဥ်းသား ၅၅ ဦးက ကျန်နေပါသေးတယ်။ ထွက်ပြေးသွားတဲ့ အကျဥ်းသားတွေကို လိုက်လံဖမ်းဆီးတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ထုတ်ပြန်ပေးသွားမယ်လို့ IEC က ပြောဆိုထားပါတယ်။







