မိုးကုတ်ရဲစခန်း ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ

မိုးကုတ်ရဲစခန်း ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ

စိုင်းခွမ်မိန်း — သျှမ်းပြည်-မန္တလေးတိုင်းနယ်စပ် မိုးကုတ်မြို့ရှိ စစ်ကော်မရှင်တပ် ပြန်လည်ဝင်ရောက် တပ်စွဲထားသည့် ရဲစခန်းတွင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဇန်နဝါရီလ ၁၅ ရက်) နံနက်ပိုင်းတွင် စစ်ကော်မရှင်တပ် ပြန်လည်တပ်စွဲထားသည့် မိုးကုတ်မြို့ အရှေ့ပိုင်းရှိ ရဲစခန်းထဲ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပြီး ထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်း မိုးကုတ်ဒေသခံများက ပြောသည်။

“ခုနကတော့ ပေါက်ကွဲသံ အကျယ်ကြီး ကြားလိုက်တယ်။ တချို့လည်း ရှော့တိုက်ဒုံးလို့ ပြောတယ်၊ ဒရုန်းနဲ့ ရဲစခန်းထဲ ဗုံးလာချတယ်လို့လည်း ပြောနေကြတယ်။ အရင်က PDF တွေ ဗုံးကြဲခဲ့တဲ့ ဆေးရုံထိပ်ကပဲ၊ ထိခိုက်မှုကတော့ မသိသေးဘူး” ဟု မိုးကုတ်မြို့မှ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

စစ်ကော်မရှင်တပ် ပြန်လည်ဝင်ရောက် တပ်စွဲထားသည့် မိုးကုတ်အရှေ့ပိုင်း ရဲစခန်းထဲသို့ တော်လှန်ရေးအင်အားစု PDF တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောဆိုနေသော်လည်း သီးခြားအတည်ပြုနိုင်ရန် သျှမ်းသံတော်ဆင့်မှ ဆက်လက်စုံစမ်းနေသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၀ ရက်မှ ၁၂ ရက်အထိ မိုးကုတ်မြို့နှင့် မိုးမိတ်မြို့နယ်အစပ် တောင်ကြောတလျှောက်ရှိ ထုံးဖို၊ ဟွေလိပ်နှင့် ကုန်းမကန်းကျေးရွာတို့တွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးအင်အားစု PDF တပ်ဖွဲ့များကြား သုံးရက်ဆက်တိုက် တိုက်ပွဲပြင်းထန်ခဲ့ပြီး မိုးကုတ်မြို့ရှိ စစ်ကော်မရှင်တပ်မှ လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ကူခဲ့ကြောင်း သိရသည်။

အလားတူ ဇန်နဝါရီလ ၄ ရက် နံနက်ပိုင်းတွင် စစ်ကော်မရှင်တပ် ပြန်လည်တပ်စွဲထားသည့် မိုးကုတ်မြို့အရှေ့ပိုင်း လယ်ဦးရပ်ကွက်ရှိ ရတနာသီရိ ဘုန်းကြီးကျောင်းနှင့် အထက(၄) စာသင်ကျောင်းထဲသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခြင်းကြောင့် သံဃာတစ်ပါး ပျံလွန်တော်မူခဲ့ပြီး အမျိုးသမီးတစ်ဦးလည်း သေဆုံးခဲ့ကြောင်း မိုးကုတ်ဒေသခံများက ပြောသည်။

မိုးကုတ်မြို့နှင့် မိုးမိတ်မြို့များမှ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဆုတ်ခဲ့ပြီးနောက် စစ်ကော်မရှင်တပ် ပြန်လည်ဝင်ရောက် တပ်စွဲထားသည်မှာ တစ်လခွဲကျော် ရှိလာသော်လည်း မြို့အနီးတဝိုက်ရှိ PDF တပ်ဖွဲ့များနှင့် နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားနေပြီး အုပ်ချုပ်ရေးယန္တရား မလည်ပတ်နိုင်သေးကြောင်း ဒေသခံများက ပြောသည်။

“ဒီ ၁ လပိုင်းထဲမှာ ဌာနဆိုင်ရာတချို့တော့ ထပ်ရောက်တယ်လို့ ပြောပေမယ့် ဘာရုံးမှ မဖွင့်နိုင်သေးဘူး။ စစ်တပ်ဘက်က အင်အားဖြည့်လာတာ ဘယ်လောက်တောင် ရှိပြီလဲ မသိတော့ဘူး။ တိုက်ပွဲကတော့ PDF က စစ်တပ်ကို တိုက်နေတုန်းပဲ၊ အဲ့တာကြောင့်လည်း မြေပြင်မှာ KIA က ပလောင်တပ် သျှမ်းတပ်နဲ့တောင် နည်းနည်းလေး တင်းမာမှုတွေ ရှိနေတာ” ဟု မိုးမိတ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ ၂၇ ရက်နှင့် ၂၈ ရက်တွင် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုကြောင့် ကူမင်းမြို့တွင် စစ်ကော်မရှင်တပ်နှင့် TNLA တို့ တွေ့ဆုံဆွေးနွေးခဲ့စဉ် မိုးကုတ်မြို့နှင့် မိုးမိတ်မြို့တို့ကို ပြန်လည်ပေးအပ်ကာ အပစ်အခတ်ရပ်စဲရန် သဘောတူညီခဲ့ကြသည်။

ထို့နောက် ၂၀၂၅ နိုဝင်ဘာလ ၂၉ ရက်မှ စတင်ပြီး မိုးကုတ်မြို့နှင့် မိုးမိတ်မြို့ထဲသို့ စစ်ကော်မရှင်တပ် အင်အားထောင်နှင့်ချီ TNLA လုံခြုံရေးဖြင့် ပြန်လည်ဝင်ရောက်လာခဲ့ပြီး မြို့သိမ်းတိုက်ပွဲများတွင် အတူပါဝင် တိုက်ခိုက်ခဲ့ကြသည့် တော်လှန်ရေးအင်အားစု PDF တပ်ဖွဲ့များမှာ မြို့ပြင်ဘက် ဆုတ်ခွာခဲ့ရသည်။

NUG လက်အောက်ရှိ ကာကွယ်ရေးဝန်ကြီးဌာန စစ်ရုံးချုပ်မှ မိုးကုတ်-မိုးမိတ်ဒေသ စစ်ဆင်ရေးဦးစီးအဖွဲ့ကို နိုဝင်ဘာလ ၉ ရက်တွင် ဖွဲ့စည်းခဲ့ပြီး တော်လှန်ရေးအင်အားစု PDF တပ်ဖွဲ့များနှင့် စစ်ကော်မရှင်တပ်ကြား ထိတွေ့တိုက်ပွဲများ၊ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများ မကြာခဏ ဖြစ်ပွားမှုရှိနေကြောင်း သိရသည်။

Most read this week

စစ်အုပ်စုတပ်များအား တွေ့ရစဉ်။ / Photo Crd
September 19, 2026
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း စစ်အုပ်စုတပ်က ဧည့်စာရင်း လိုက်လံစစ်ဆေးရာ၌...
ထိုင်းနိုင်ငံမှ တာချီလိတ်သို့ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်တပ်က ဖမ်းဆီးသိမ်းဆည်း၍ မြေမြှုပ်ဖျက်ဆီးနေစဉ်။ / Crd
September 17, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ အသားနှင့် ကုန်စိမ်းများ...
ဟိုပုံးမြို့နယ်အတွင်းတွေ့ရသည့် စစ်အုပ်စု၏ စစ်မှုထမ်းသင်တန်းဆင်းပွဲ မြင်ကွင်းတစ်ခု။ / Credit
September 16, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၌ စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) အတွက်...
သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...