စိုင်းဆိုင်အိုက် — မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို ညီနောင်မဟာမိတ်သုံးဖွဲ့ထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။
ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။
တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့် ကျင်စန်းကျော့ဂိတ်တွင် အခွန်ဆောင်ခဲ့ရသကဲ့သို့ ကိုးကန့်တပ် (MNDAA) ထိန်းချုပ်သည့် ချင်းရွှေဟော် နယ်စပ်ဂိတ်တွင်းလည်း ကိုးကန့်တပ်ဖွဲ့ (MNDAA) ထံ အခွန်ဆောင်ခဲ့ရသည်။
ထိုမှတဆင့် မန္တလေးတိုင်းဒေသကြီးနှင့် သျှမ်းပြည်တောင်ပိုင်းသို့ တင်ပို့ခဲ့ကြသည်။
“တကယ်တော့ ဒီနယ်စပ်ကုန်ပစ္စည်းတွေက ညီနောင်မဟာမိတ်တွေထိန်းချုပ်တဲ့ဂိတ်ကို ဖြတ်ရတော့ သူတို့ကို အခွန်ဆောင်ခဲ့ရတယ်။ အဲ့ဒါက လားရှိုးမြို့နယ်ထိပဲအကျုံးဝင်တာ။ မန္တလေးနဲ့အခြားဒေသကို သယ်ဆောင်လို့မရဘူး။ အဲ့ဒါကိုကျော်ရင် တရားမဝင်ကုန်ပစ္စည်းဖြစ်သွားတော့ စစ်ကော်မရှင်က ဖမ်းတာပဲ” ဟု မူဆယ်မြို့ ကုန်သည်တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနစ် နိုဝင်ဘာလမှစတင်ပြီး အခွန်မဆောင်ထားသည့် နိုင်ငံခြားကုန်ပစ္စည်းများကို လွိုင်လင်မြို့နယ် မိုင်းပွန်မြို့ရှိ စစ်ကော်မရှင်၏ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
ယခုနှစ်၂၀၂၆ ခုနစ် ဇန်နဝါရီ ပထမပတ်တွင်လည်း သီပေါမြို့နယ် တာလုံကူးတို့ဆိပ် အခြေပြု အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)၊ ဗျူဟာ-၁ က တရုတ်နိုင်ငံမှ တရားမဝင်ကုန်ပစ္စည်းများ တင်လာသည့် မော်တော်ယာဉ် ၇၇ စီးနှင့် ယာဉ်မောင်း ၆၈ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ထို့အပြင် သျှမ်းပြည်မြောက်ပိုင်း MNDAA ထိန်းချုပ်ထားသည့် ချင်းရွှေဟော် နယ်စပ်ဂိတ် ကြံ၊ ပြောင်းအပါအဝင် လယ်ယာထွက်ကုန်များနှင့် နေ့စဉ်သုံးကုန်ပစ္စည်းများကို တစ်ရက်လျှင် ကုန်တင်ယာဉ်အစီးရေ (၂၀၀)ကျော် အဝင်၊အထွက် ဖြတ်ခဲ့ကြောင်း MNDAA က ဇန်နဝါရီ ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ထိုသတင်းထုတ်ပြန်ချက် ထွက်ပေါ်လာ ပြီးနောက် ယနေ့ (ဇန်နဝါရီ ၁၃) ရက်တွင် စစ်ကော်မရှင် က ဖွဲ့စည်းထားသောမူဆယ်ခရိုင်/မြို့နယ် တရားမဝင်ကုန်ပစ္စည်းများ တားဆီးရေးအဖွဲ့က ကုန်သည်များကို ခေါ်ယူပြီး အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးတွင် လက်နက်ကိုင်တပ်ဖွဲ့များထံ အခွန်ဝင်ငွေ မစီးဆင်းရန်နှင့် စစ်ကော်မရှင်ထံ အခွန်မဆောင်ထားသည့် ကုန်ပစ္စည်းများအားလုံးကို ဖမ်းဆီးရန် ပြောဆိုခဲ့သည်။
မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်တွင် ပြီးခဲ့သော၂၀၂၃ ခုနစ် အောက်တိုဘာ ၂၇ရက် က “၁၀၂၇ စစ်ဆင်ရေး”ခေါင်းစဉ်ဖြင့် ညီနောင်မဟာမိတ်တပ်ဖွဲ့ ဖြစ်သည့် ကိုးကန့်တပ်ဖွဲ့ (MNDAA) ၊ တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ အာရက္ခတပ်တော် (AA)တို့ ပူးပေါင်းပြီး စစ်ကော်မရှင်ကို တိုက်ခိုက်ခဲ့သည်။
“၁၀၂၇ စစ်ဆင်ရေး”တွင် စစ်ကော်မရှင်တပ်ဖွဲ့သည် သမိုင်းတွင် တကြိမ်တခါမျှ မကြုံဖူးသည့် ဆုံးရှုံးမှုကြီးရခဲ့ရာမှ တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုကြောင့် လက်ရှိတွင် စစ်ရေးများငြိမ်သက်ခဲ့သော်လည်း ကုန်သွယ်စီးဆင်းမှုကိစ္စကို အခက်ကြုံနေရသေးကြောင်း နယ်စပ်ကုန်သည်များက ပြောဆိုလိုက်သည်။







