KNA ခေါင်းဆောင် ဗိုလ်ချုပ်စောချစ်သူ သားပိုင်ဆိုင်သော အွန်လိုင်းငွေလိမ်ခြံဝန်းထဲတွင် နိုင်ငံခြားသားအများအပြား ညှဉ်းပန်းနှိပ်စက်ခံနေရပြီး အတင်းအဓမ္မအလုပ်ခိုင်းစေခံနေရ

KNA ခေါင်းဆောင် ဗိုလ်ချုပ်စောချစ်သူ သားပိုင်ဆိုင်သော အွန်လိုင်းငွေလိမ်ခြံဝန်းထဲတွင် နိုင်ငံခြားသားအများအပြား ညှဉ်းပန်းနှိပ်စက်ခံနေရပြီး အတင်းအဓမ္မအလုပ်ခိုင်းစေခံနေရ

ဟန်ထူးဇော် — ကရင်အမျိုးသားတပ်မတော် (KNA) ခေါင်းဆောင် ဗိုလ်ချုပ်စောချစ်သူ၏ သားဖြစ်သူ (၇၇၇) ဗျူဟာ၊ ဗျူဟာမှူး ဗိုလ်မှူးကြီးစောထူးအဲ့မူး ပိုင်ဆိုင်သော မြဝတီမြို့ သဲပုံကျေးရွာအနီးရှိ Yulong Bay (ခေါ်) ရွှေပိတောက်မြိုင် အွန်လိုင်းငွေလိမ်ခြံဝန်းထဲတွင် နိုင်ငံခြားသားအများအပြား ညှဉ်းပန်းနှိပ်စက်ခံနေရပြီး အတင်းအဓမ္မအလုပ်ခိုင်းစေနေကြောင်း ၎င်းခြံဝန်းထဲမှ လွတ်မြောက်လာသူ တရုတ်နိုင်ငံသားတဦးထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် မြဝတီမြို့၊ အင်ကြင်းမြိုင်ကျေးရွာအနီးရှိ KK- Park အွန်လိုင်းငွေလိမ်ခြံဝန်း ပြိုကွဲသွားချိန်တွင် KK-Park ခြံဝန်းထဲမှ ရွှေဂျင်းဆိုက် - ၅ (A5) ရှိ ထုန်ရှင်ဂရုသည် မြဝတီမြို့ သဲပုံကျေးရွာအနီးရှိ Yulong Bay သို့ ပြောင်းရွှေ့သွားခဲ့သည်။

ရွှေကုက္ကိုလ်ဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းအဆောက်အဦ ခြံဝန်းများကို စစ်ကော်မရှင်က ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်နေသည့်အတွက် ငွေလိမ်လုပ်ငန်းလုပ်ကိုင်နေသည့်အဆောက်အဦထဲမှ ငွေလိမ်ဂိုဏ်းသားများသည် ထွက်ခွာလာပြီး Yulong Bay ထဲမှ ဝန်ထမ်းအိမ်ယာအဆောက်အဦဖြစ်သည့် ၁၉ လုံးတန်း အဆောက်အဦ၊ အတန်း(၂) ၊ အခန်း သုံးလွှာရှိ အလုပ်သမားများနေထိုင်သည့်နေရာများတွင် လျှို့ဝှက်စွာ အွန်လိုင်းငွေလိမ်လုပ်ငန်းကို ဆက်လက်လုပ်ကိုင်နေခဲ့ကြောင်း သိရသည်။

“နေ့စဉ်နှိပ်စက်တာတွေရှိတယ်။ လက်သီးနဲ့ထိုး၊ ပါးရိုက်၊ မြေမှာဒူးထောက်ခိုင်းတယ်၊ အန်အောင်ရိုက်တယ်။ အိမ်ပြန်ချင်တယ်လို့ ပြောတဲ့သူတွေကို သေလောက်အောင် ရိုက်နှိက်တယ်။ အမှောင်ခန်းထဲထည့်ထားတယ်။ ဒေသခံစစ်တပ် (KNA) အချုပ်ခန်းထဲ ထည့်ထားတယ်၊ ခြိမ်းခြောက်တာတွေလုပ်တယ်” ဟု လွတ်မြောက်လာသူ တရုတ်နိုင်ငံသားတဦးမှ မဇ္ဈိမကို ပြောသည်။

ထုန်ရှင်ဂရုမှ ငွေလိမ်အလုပ်သမားများသည် KK-Park ပြိုကွဲသွားချိန်တွင် Yulong Bay နဲ့ ပူးပေါင်းခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံသားတဦးကို တရုတ်မာဖီးယားဂိုဏ်းသားများ၏ ရိုက်နှက်မှုကြောင့် မျက်လုံးတွင် ၁၅ ချက်ချုပ်ရသည်အထိ ဒဏ်ရာရရှိခဲ့ပြီး မျက်လုံးပုံစံပျက်စီးခဲ့ကြောင်း သိရသည်။

နှိပ်စက်ခံရသူ တရုတ်အမျိုးသား၏ မျက်လုံးပြန်ကောင်းလာချိန်တွင် အချုပ်ခန်းမှ ခေါ်ထုတ်ခဲ့ပြီး KNA တပ်ဖွဲ့ထံ လွှဲပြောင်းကာ တရုတ်နိုင်ငံကို ပြန်ပို့ခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး “ အရင် သူဌေးအဟောင်းက ဖုန်းဆက်တောင်းပန်ပြီး သူကိုယ်တိုင်လာခေါ်မှ ပြန်ထည့်ပေးလိုက်ပြီး တရုတ်ကို ပြန်ပို့ပေးတာ။ သူသာ မလာရင် သေသွားနိုင်တယ်”ဟု ၎င်းက ပြောသည်။

ရိုက်နှက်နှိပ်စက်သော လက်ရှိအလုပ်ရှင်အမည်မှာ အာဆင် ဆိုသူဖြစ်ပြီး အွန်လိုင်းတွင် ဂျင်းဇယ်လင်းအမည်ဖြင့် အသုံးပြုနေပြီး ၎င်း၏ လက်အောက်တွင် တန်စန်၊ ရှန်ထျန်းရှယ်နှင့် မိုဝမ်ဆိုပြီး မန်နေဂျာများရှိကြောင်း သိရသည်။

ယင်းလက်အောက်ရှိ လူ့စွမ်းအားအရင်းအမြစ်ဌာန(HR)နှင့် ဝန်ထမ်းများ၊ လုံခြုံရေးဝန်ထမ်းများသည် အလွန်ရက်စက်သည့် လုပ်ရပ်များကို နေ့စဉ်ပြုလုပ်နေကြောင်း ဆိုသည်။

နေရပ်ပြန်ချင်သည့် လူကုန်ကူးခံရသည့် အလုပ်သမားများကို အမေရိကန်ဒေါ်လာ ၁၀,၀၀၀ နှင့်အထက် တောင်းယူသလို ငွေကြေးပေးသော်လည်း နေရပ်ပြန်မလွှတ်ဘဲ ဆက်လက်ချုပ်နှောင်ထားကြောင်း သိရသည်။

ယင်းနေရာတွင် နိုင်ငံခြားသား ၅,၀၀၀ ကျော်က ငွေလိမ်လုပ်ငန်းကို လုပ်ကိုင်နေပြီး အများအပြားပိတ်မိနေကြောင်း သိရသည်။ Yulong Bay အွန်လိုင်းငွေလိမ်ခြံဝန်းနေရာသည် မြဝတီမြို့နှင့် ၁၀ မိုင်နီးပါး ကွာဝေးပြီး ထိုင်း−မြန်မာနယ်စပ် သောင်းရင်းမြစ်ဘေးတွင် တည်ရှိသည်။

Yulong Bay ကို ရွှေပိတောက်မြိုင်ဟု ခေါ်ဆိုသလို ဒေသခံများက ဝမ်းခဟုလည်း ခေါ်ဆိုကြသည်။

၎င်း အွန်လိုင်းငွေလိမ်ခြံဝန်းကို ၂၀၂၀ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး Yulong Bay Resort Tourism Development Company Limited (Yulong Bay Park) မှ ဦးစီးလုပ်ကိုင်နေခြင်း ဖြစ်သည်။

ထို Yulong Bay Park သည် KNAတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်စောချစ်သူ (ယခင် BGF)၏ သားကြီးဖြစ်သူ စောထူးအဲမူးနှင့် စောစိုးလှိုင်ဦး၊ စောမင်းမင်းဦး၊ စင်ကာပူနိုင်ငံသား Aw Ziyang တို့က ရှယ်ယာများပိုင်ဆိုင်ထားကြောင်း Justice For Myanmar ၏ ထုတ်ပြန်သော အစီရင်ခံစာများတွင် ဖော်ပြထားသည်။

Yulong Bay Resort Tourism Development Company Limited သည် မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ်မှ စတင်ကာ တရားဝင်မှတ်ပုံတင်ထားသည့် ကုမ္ပဏီဖြစ်ကြောင်း DICA တွင် ဖော်ပြထားသည်။

ထို့အပြင် Yulong Bay Park အနီးရှိ Royal Dragon Bay (၁၀၇ ဧက)နှင့် Apollo Park တို့တွင်လည်း အွန်လိုင်းငွေလိမ်လုပ်ငန်းကို ဆက်လက်လုပ်ကိုင်နေကြောင်း မဇ္ဈိမမှ စုံစမ်းသိရှိခဲ့သည်။

နာဆာ၏ အာကာသဓာတ်ပုံများအရ ညဖက်မြင်ကွင်းများတွင် Yulong Bay Park၊ Royal Dragon Bay (၁၀၇ ဧက) နှင့် Apollo Park တို့တွင် မီးအလင်းရောင်များတွေ့မြင်ရပြီး အလုပ်ဆက်လက်လုပ်ကိုင်နေသည့် ပုံစံကိုလည်းတွေ့မြင်ခဲ့ရသည်။

Apollo Park သည် Myanmar Apollo International Investment Company Limited (Apollo Park)မှ ဦးစီးလုပ်ကိုင်နေပြီး စောထူးအဲမူး၊ စောစိုးလှိုင်ဦး၊ တရုတ်နိုင်ငံသား Li Chunhuan ၊ ထင်အောင်နှင့် ဝင်းနိုင်တို့က ပါဝင်ကြကြောင်း Justice For Myanmar ၏ ထုတ်ပြန်သော အစီရင်ခံစာများတွင် ဖော်ပြထားသည်။

KNA တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်စောချစ်သူ၏ သားဖြစ်သူ စောထူးအဲ့မူးသည် အမှတ် (၃) စစ်ဒေသ (၇၇၇) ဗျူဟာတွင် ဗျူဟာမှူး ဗိုလ်မှူးကြီးရာထူးဖြင့် KNAတပ်ဖွဲ့တွင် အကြီးပိုင်းရာထူးကို ရယူထားသူ ဖြစ်သည်။

၂၀၂၅ ခုနှစ် မေလ ၅ ရက်နေ့တွင် ကရင်အမျိုးသားတပ်မတော် (KNA) (ယခင် BGF) ခေါင်းဆောင် စောချစ်သူနှင့် ၎င်း၏ သားနှစ်ဦးဖြစ်သူ ဗိုလ်မှူးကြီးစောထူးအဲ့မူး နှင့် ဒုတိယဗိုလ်မှူးကြီးစောချစ်ချစ်တို့ကို အမေရိကန်နိုင်ငံမှ စီးပွားရေး အရေးယူပိတ်ဆို့မှုပြုလုပ်ခဲ့သကဲ့သို့ KNAတပ်ဖွဲ့ကိုလည်း နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုကျူးလွန်သည့်အဖွဲ့အဖြစ် သတ်မှတ်အရေးယူခဲ့သည်။

August 28, 2026
မန္တလေး အိုးဘိုအကျဉ်းထောင်အတွင်း ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများအပေါ် အောက်ခြေ ထောင်ဝန်...
August 27, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်အုပ်စုတပ် စစ်ကြောင်းသည်...
August 27, 2026
ရန်ကုန်တိုင်း၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရှိ Spring Moon Garment Co.,Ltd အထည်ချုပ်စက်ရုံ...
ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...