စစ်အုပ်စု အလုပ်သမားဌာန လုပ်ငန်းစဉ်အသစ်ကြောင့် ပြည်ပထွက်မည့်လုပ်သားများ လေဆိပ်မှ ထွက်ခွာခွင့်မရ

စစ်အုပ်စု အလုပ်သမားဌာန လုပ်ငန်းစဉ်အသစ်ကြောင့် ပြည်ပထွက်မည့်လုပ်သားများ လေဆိပ်မှ ထွက်ခွာခွင့်မရ

ကီရာ — စစ်အုပ်စုလက်အောက်ခံ အလုပ်သမားဦးစီးဌာနက ယမန်နေ့ (ဇန်နဝါရီ ၁၁ ရက်) တွင် ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ်(OWIC)ကိုင်ဆောင်သူ ပြည်ပထွက်ခွာမည့် လုပ်သားများအတွက် လုပ်ငန်းစဉ်များ ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ယနေ့ ( ဇန်နဝါရီ ၁၂ ရက် ) လေဆိပ်မှ ထွက်ခွာခွင့်မရကြဘဲ ပြန်လှည့်လာခဲ့ကြရသည်ဟု ပြည်ပထွက်ခွာရန်ပြင်ဆင်ခဲ့ကြသူများထံက သိရသည်။

ပြည်ပထွက်ခွာခွင့်အတွက် လိုအပ်သည့် စာရွက်စာတမ်းများကို ယခင်က အလုပ်သမားဦးစီးဌာနသို့ မေလ်းမှပို့ရသည်။ လက်ရှိ လုပ်ငန်းစဉ်အသစ်တွင် ထိုစာရွက်စာတမ်းများကို စာတိုက် ၊ အမြန်ချော၊ ကိုယ်စားလှယ် သို့ လူကိုယ်တိုင် လျှောက်ထားရမည်ဖြစ်သည်။

“အရင်ကဆို ကျွန်တော်တို့ ခွင့်ပြန်တွေက နေပြည်တော်ကို Gmail ကနေပို့လိုက်ရင် ရပြီ။ အခုဟာက မနေ့ကည ၉နာရီလောက်ကမှ အမိန့်ထုတ်လိုက်တာတဲ့ ဥပဒေနောက်တခုပေါ့နော်။ လူကိုယ်တိုင်သွားပြီးတော့ တင်ရမှာ။ ပြီးရင် သူတို့က ဘယ်နေ့ဘယ်ရက်ကျမယ်ဆိုတာကိုလည်း ရက်အတိအကျမပြောနိုင်ဘူး။ ကျတဲ့အခါမှပဲ ထွက်ပေါ့လေယာဉ်လက်မှတ်လည်း အဲ့ကျမှဝယ်ပေါ့။ နေပြည်တော်ကနေ တယ်လီဂရမ်မှာ စာရင်းချပေးပြီး အဲ့ကစာရင်းပါမှ မြန်မာပြည်ကနေ ထွက်လို့ရမယ်ပေါ့”ဟု ယနေ့လေဆိပ်ထွက်ခွာခွင့်မရခဲ့သူတစ်ဦးက ပြောသည်။

ယခင်က မေလ်းမှ အကြောင်းကြားစာ၊ အလုပ်သမားသက်သေခံကတ်(OWIC)နှင့် အလုပ်ခွင့်ပြန်စာတို့သာ လေဆိပ်တွင် ပြသရန် လိုကြောင်း သိရသည်။

ယနေ့ မနက်ပိုင်းတွင် လေဆိပ်မှ ထွက်ခွာခွင့်မရသူ ဦးရေမှာ ငါးဦးခန့်ရှိသည်ကို မဇ္ဈိမက သိရှိရပြီး လက်တွေ့ဦးရေမှာ ထို့ထက်ပိုမိုများပြားနိုင်သည်။

အဆိုပါအမိန့်ထုတ်ပြန်စာတွင် ဦးစီးဌာနခွင့်ပြချက်နှင့် အဆိုပါခွင့်ပြုစာရင်းကို Safe Imgration Telegeam Channel ကြေညာမှသာ ထွက်ခွာခွင့်ရမည်ဟုလည်း ဖော်ပြထားသည်။

လေဆိပ်ထွက်ခွာခွင့်မရသူတဦးကလည်း “ကျွန်တော်တို့က ဒီနေ့ဒီရက်ထွက်ရမယ်ဆိုပြီး လေယာဉ်လက်မှတ်တွေကော အကုန်လုံးအဆင်သင့်ဖြစ်နေပြီ။ နေပြည်တော်ကိုလည်း G mail ကနေ တင်ထားတာတွေက အကုန်ရနေပြီဆိုတော့ လေဆိပ်သွားပြီးတော့ အထုတ်တွေလည်း အပ်ပြီးပြီ ။ အကုန်လုံး အဆင်ပြေတယ်။ သူတို့တောင် ဘာမှမသိကြသေးဘူး။အဲ့မှာ အလုပ်သမားရေးဝန်ကြီးဌာနကောင်တာဝင်လိုက်တော့မှ အဲ့ကောင်တာကနေ ညကျမှ အဲ့လိုမျိုး အမိန့်ထုတ်ထားလို့ အထုတ်တွေပြန်ယူပြီး ပြန်ကြပါလို့ပြောတယ်။ အဲ့တော့ လှည့်ပြန်လာရတာပေါ့”ဟု ပြောသည်။

ရုတ်တရက် ထုတ်ပြန်သတ်မှတ်လိုက်သည့် ဥပဒေအသစ်ကြောင့် အခက်အခဲဖြစ်ခဲ့ရပြီး တဖက်ပြည်ပအလုပ်ရှင်ကိုလည်း အထက်ပါအခြေအနေကို ရှင်းပြရန် ခက်ခဲပြီး အလုပ်ဖြုတ်ခံရသည့်အထိ ဖြစ်နိုင်သည်ဟု ၎င်းက ဆက်လက်ပြောပြသည်။

“အမှန်ဆိုရင် သုံးရက်လောက်ဖြစ်ဖြစ် တပတ်လောက်ဖြစ်ဖြစ် ကြိုပြီးအကြောင်းကြားသင့်တာလေ။ ကျွန်တော်တို့လည်း ပိုက်ဆံတွေအများကြီးကုန်ထားရတာ အခုဆို အလုပ်ရှင်တွေကလည်း ကျွန်တော်တို့ကို ဘယ်လိုမြင်မလဲ။ သူဌေးဘက်က ကျွန်တော်တို့ကို အလုပ်ဖြုတ်ရလောက်တဲ့အထိ ဖြစ်သွားပြီလေ”ဟု ဆိုသည်။

ပြည်ပထွက်ခွာခွင့်လျှောက်ထားပြီး မည်သည့်ရက်တွင် ပြန်လည်ခွင့်ပြုမည်ဟုလည်း ဖော်ပြထားခြင်း မရှိသည့်အပြင် ၎င်းတို့တယ်လီဂရမ်ချန်နယ်မှ ကြေညာသည့်စာရင်းပါမှ ထွက်ခွာရမည်ဖြစ်သည်။ ထို့ပြင် အဆိုပါရက်တွင် မထွက်ခွာပါက ထွက်ခွာခွင့်အသစ်ကို အစကနဦးကမှ ပြန်လည်လျှောက်ထားရမည်ဖြစ်ကြောင်း ဥပဒေသစ်တွင် ဖော်ပြထားသည်ကိုလည်း တွေ့ရသည်။

Most read this week

September 19, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုတစ်ခု၏ တပ်စခန်းအား လေကြောင်းမှ...
စစ်အုပ်စုကို အသိအမှတ်မပြုရန် မြန်မာပြည်သူများ လက်မှတ်ရေးထိုးထားသည့် တောင်းဆိုလွှာများ ကို ဂျပန်လွှတ်တော်အမတ်များနှင့် ဂျပန်ရောက် မြန်မာများက ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဌာနသို့ သွားရောက် ပေးအပ်စဉ်။
September 18, 2026
နိုင်ငံကူးလက်မှတ် (ပတ်စပို့) သက်တမ်းကုန်ဆုံးနေသည့် ဂျပန်ရောက် မြန်မာနိုင်ငံသားများအနေဖြင့်...
September 18, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် စစ်မှုထမ်းရန် မဲနှိုက်ရမည်ဟု ဆိုသော်လည်း လက်တွေ့တွင်...
September 17, 2026
ချင်းပြည်၊ တီးတိန်မြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား စက်တင်ဘာ ၁၆...