တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်းရှိ ဆိုင်ခန်းများ ဖယ်ရှားရန် ထပ်မံသတိပေးခံရ

တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်းရှိ ဆိုင်ခန်းများ ဖယ်ရှားရန် ထပ်မံသတိပေးခံရ

သျှမ်းပြည် တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/ တိုက်ခန်းများ ဖယ်ရှားရန် ထပ်မံ သတိပေးလာခြင်းကြောင့် ဈေးသည်များ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။

တောင်ကြီးမြို့ရှိ စစ်ကော်မရှင်လက်အောက်ခံ အားကစားနှင့် ကာယပညာဦးစီးဌာန (အား/ကာ) မှ ပြည်နယ်အားကစားကွင်း ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/ တိုက်ခန်းများ ဖယ်ရှားရှင်းလင်းရန် ဇန်နဝါရီလ (၅) ရက် နေ့စွဲဖြင့် ဒုတိယအကြိမ် ထပ်မံ သတိပေးလာပြီး လျှပ်စစ်မီး ဖြတ်တောက်လိုက်ခြင်းကြောင့် နှစ်ရှည် ဆိုင်ခန်းဖွင့်လှစ်ခဲ့သူများ အခက်အခဲ ကြုံတွေ့နေရကြောင်း ဈေးသည်များက ပြောသည်။

“သူကတော့ ဖယ်ခိုင်းတာပေါ့၊ ဒါပေမယ့် ရက်စွဲတော့ မပါသေးဘူးလေ။ ဆိုင်တွေကတော့ ရက်စွဲ မပါမချင်းကတော့ ထွက်နေကြဦးမှာပဲ။ ရွှေ့ရမယ်ဆိုရင်တော့ အခက်အခဲ အများကြီးရှိတယ်၊ အခုဆို ၁၅ နှစ် ၁၅ နှစ်ကျော်လောက် ရှိပြီ ဒီမှာဖွင့်လာတာ။ ဆိုင်ခန်းနေရာ အသစ်ရှာရတာလည်း ခက်ခဲတယ်လေ၊ ဆိုင်ခန်းတွေ အများကြီးဆိုတော့ အများကြီး ဒုက္ခရောက်တယ်” ဟု တောင်ကြီးမြို့လယ် ဘောလုံးကွင်းရှိ ဈေးသည်အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တောင်ကြီးမြို့လယ်ရှိ ပြည်နယ်အားကစားကွင်း၌ ဆိုင်ခန်း/တိုက်ခန်းပေါင်း (၁၆၀) ကျော် ရှိပြီး ဆိုင်ခန်းငှားရမ်းခအဖြစ် တစ်လလျှင် ကျပ် ၃ သိန်း ပေးဆောင်ရကြောင်း၊ ယမန်နှစ် ၂၀၂၅ ဒီဇင်ဘာလ ၃ ရက်တွင်လည်း အဆိုပါ ဆိုင်ခန်းနေရာများတွင် နိုင်ငံတကာအဆင့်မီ အားကစားကွင်း၊ ရေကူးကန်နှင့် လူငယ်စင်တာ ဆောက်လုပ်မည်ဟု အကြောင်းပြကာ ထွက်ခွာပေးရန် အား/ကာ ဘက်မှ သတိပေးခဲ့ကြောင်း ဈေးသည်များထံမှ သိရသည်။

အဆိုပါ ပြည်နယ်အားကစားကွင်းရှိ ဆိုင်ခန်းများကို လွန်ခဲ့သည့် ၁၉၉၄-၉၅ ခုနှစ်ခန့်တွင် တောင်ကြီးမြို့နယ် စည်ပင်သာယာရေးကော်မတီမှ ဆောက်လုပ်ခဲ့ပြီး နောက်ပိုင်းတွင် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန (အား/ကာ) သို့ ရန်ပုံငွေရှာဖွေရန် လွှဲပြောင်းပေးခဲ့ကြောင်း ဆိုသည်။

ထိုစဉ်က စည်ပင်ထံ စာချုပ်စာတန်းဖြင့် ဆိုင်ခန်း/တိုက်ခန်း ဝယ်ယူခဲ့သူများမှာ လျော်ကြေးငွေ ပြန်ရနိုင်ရန် ခက်ခဲခြင်းကြောင့် ဆိုင်ခန်းနေရာ အစားထိုးရှာပေးရန် အသနားခံစာ တင်ပြခဲ့သော်လည်း အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးမှ ဖယ်ရှားပေးရန်သာ ထပ်မံသတိပေးလာကြောင်း ဈေးသည်များက ပြောသည်။

“တချို့လည်း အစားထိုး နေရာပြန်တောင်းတာ ရှိတယ်။ တောင်ကြီးတက္ကသိုလ်နားမှာ အား/ကာ ပိုင်တဲ့ မြေကွက်ရှိတော့ အဲ့မှာ ဆိုင်ခန်းပြန်ဆောက်ပေးဖို့ စာတင်ထားတာ ရှိတယ်။ ဟိုဘက်မှာ ဆိုင်ခန်းတွေ ပြန်ဆောက်ပြီးမှ ရွှေ့ကြဖို့ ပြောနေကြတယ်။ ဒီကနေ ရွှေ့ရမယ်ဆိုရင်တောင် အစားထိုး နေရာပြန်ပေးရင် ဘယ်သူမဆို လက်ခံမှာပဲ၊ အရင်က စာချုပ်နဲ့ ဝယ်ထားတဲ့ ဆိုင်ခန်းခတော့ ပြန်မရလောက်ဘူး” ဟု တောင်ကြီးမြို့လယ် ဘောလုံးကွင်းမှ ဆိုင်ခန်းပိုင်ရှင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ တောင်ကြီးမြို့ သစ်တောရပ်ကွက်ရှိ အများပြည်သူအပန်းဖြေရန် တစ်နေရာသာ ကျန်ရှိသည့် ဗိုလ်ချုပ်အောင်ဆန်းပန်းခြံကို စစ်ကော်မရှင် လက်အောက်ခံ မြို့နယ်စည်ပင်သာယာရေးဌာနနှင့် ရှမ်းချယ်ရီတောင်တန်း ဆောက်လုပ်ရေးကုမ္ပဏီတို့ ပူးပေါင်းကာ “ပန်းခြံစည်ကား သာယာလှပစေရန်” အမည်တပ်ပြီး လူနေဆိုင်ခန်းတွဲ ဆောက်လုပ်ရောင်းစားရန် စီစဉ်နေကြောင်း မြို့ခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

January 9, 2026
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့တွင် စစ်ကော်မရှင် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၂) အတွက်...
January 8, 2026
သျှမ်းပြည် တန့်ယန်းမြို့တွင် ရွေးကောက်ပွဲ၌ မဲမထည့်သူများကို ခရီးသွားလာခွင့် ကန့်သတ်မည်ဟု...
January 8, 2026
စိုင်းဟန်လင်း — သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်တွင် စစ်ကော်မရှင် ပြုလုပ်မည့်...
January 7, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည်မြောက်ပိုင်း သီပေါ-လားရှိုး ဆက်သွယ်ထားသည့် သီပေါတံတားကြီးမှ...