အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ ရွှေရတီအိမ်ရာစီမံကိန်းအနီးနှင့် မြို့ပေါ်ရပ်ကွက်အချို့ကို စစ်ကော်မရှင်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဂွမြို့တစ်ဘက်ကမ်းရှိ ရွှေရတီအိမ်ရာစီမံကိန်းအနီးကို ယနေ့ ဒီဇင်ဘာလ ၂၂ ရက်၊ နေ့လယ် ၁၂ နာရီ ၄၀ မိနစ်တွင် တစ်ကြိမ်နှင့် ၁၂ နာရီ ၅၅ မိနစ်တွင် တစ်ကြိမ် ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
"မြို့ပေါ်မှာလည်း ဝေ့ပတ်ပြီး နှစ်ကြိမ်သုံးကြိမ်မက ပတ်နေခဲ့တာ။ ပြီးမှ ဟိုဖက် ရွှေရတီဖက်မှာ ကြဲခဲ့တာ။ တော်တော်ကြောက်ဖို့ကောင်းတယ်"ဟု ဒေသခံအမျိုးသမီးကြီးတစ်ဦးက ပြောသည်။
ဗုံးကြဲပြီးနောက် ဂွမြို့အနီးပင်လယ်ပြင်ရှိ စစ်ကော်မရှင် ရေတပ်နေဗီသင်္ဘောများကလည်း ဂွမြို့အနီးကို လက်နက်ကြီးကျည်များဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ရွှေရတီအိမ်ရာစီမံကိန်းသည် ပြီးခဲ့သည့် NLD အစိုးရလက်ထက်တွင် ဂွကမ်းခြေ၌ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့်စီမံကိန်းဖြစ်ပြီး စီမံကိန်း၏ ၅ဝ ရာခိုင်နှုန်းပြီးစီးခဲ့ပြီဟု သိရသည်။
အဆိုပါစီမံကိန်းကို ၁၄ ဧကနီးပါးကျယ်ဝန်းသော ပင်လယ်ကမ်းခြေတွင် အကောင်အထည်ဖော်နေခဲ့ခြင်းဖြစ်ပြီး နိုင်ငံတကာအဆင့်မီ ရွှေရတီဟိုတယ်နှင့် အခြား အပန်းဖြေစရာနေရာများလည်း ပါဝင်မည်ဟု သိရသည်။
အဆိုပါစီမံကိန်းသည် မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် အကြီးဆုံးကမ်းခြေ မြို့သစ်စီမံကိန်းတစ်ခု ဖြစ်လာမည် ဖြစ်သော်လည်း စစ်တပ်က အာဏာသိမ်းပြီးနောက် ဂွမြို့အနီး တိုက်ပွဲများလည်းဖြစ်ပွားလာခဲ့မှုကြောင့် အဆိုပါစီမံကိန်းလည်း ရပ်တန့်သွားခဲ့ရသည်။
စစ်ကော်မရှင်လေတပ်သည် ယနေ့ နေ့လယ် ၂ နာရီခွဲခန့်ကလည်း ဂွမြို့ပေါ်ရပ်ကွက်အချို့ကို ဂျက်ဖိုက်တာဖြင့် ဗုံးလေးလုံး ဆက်တိုက် ထပ်မံလာရောက် ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
“ဘယ်လိုမှ မနေနိုင်ရဲလောက်အောင်ပဲ။ တနေ့လုံး မြို့ပေါ်မှာပတ်သွားနေပြီး အပေါ်ကကြဲလိုက်၊ ပင်လယ်က ပစ်လိုက်နဲ့” ဟု ဂွမြို့ ဒေသခံအမျိုးသမီးက ဆက်ပြောသည်။
ယခုဗုံးကြဲမှုအတွင်း ထိခိုက်ပျက်စီးမှု တချို့ရှိကြောင်း သိရသော်လည်း နိရဉ္စရာအနေဖြင့် သီးခြား အတည်မပြုနိုင်သေးပါ။
ယခု ဒီဇင်ဘာလအတွင်း ဂွမြို့နှင့်အနီးတဝိုက်ကို စစ်ကော်မရှင်လေတပ်က လေကြောင်းမှ ဗုံးကြဲမှု ခပ်စိပ်စိပ်ပြုလုပ်လျက်ရှိသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၁၃ ရက်၊ နံနက် ၁၁ နာရီ ၅ မိနစ်ကလည်း ဂွမြို့ မြို့မရပ်ကွက်ရှိ ကျေးလက်ရုံးအပါအဝင် မြို့အနီးရှိ တောင်တန်းများကို လေကြောင်းမှ ရှစ်ကြိမ်တိတိ ပစ်ခတ်မှုပြုလုပ်ခဲ့သည်။
အလားတူ ဂွမြို့ပတ်ဝန်းကျင်ကိုလည်း ဒီဇင်ဘာလ ၁၁ ရက်၊ နံနက် ၉ နာရီခွဲခန့်က လေကြောင်းမှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ပင်လယ်ပြင်တွင် ရပ်နားထားသည့်နေဗီပေါ်မှလည်း လက်နက်ကြီးကျည်များဖြင့် ဆက်တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောဆိုထားသည်။
ယင်းအပြင် ဒီဇင်ဘာ ၁၁ ရက်၊ နံနက် ၁၁ နာရီ မိနစ် ၂၀ ကလည်း ဂွမြို့နယ်အတွင်းသို့ အကြမ်းဖက်လေတပ်က ဂျက်ဖိုက်တာတစီးဖြင့် လာရောက်ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်ဟု ဒေသခံများက ပြောသည်။
စစ်ကော်မရှင်၏ လေကြောင်းဗုံးကြဲမှုကြောင့် ရခိုင်တွင် ယခုလအတွင်း လူပေါင်း ၄၀ ကျော်သေဆုံးပြီး ၉၀ ကျော် ဒဏ်ရာရရှိခဲ့သည်။







