CDM ဆရာမ နှင့် ခင်ပွန်း ဓါးဖြင့်အချက်ပေါင်းများစွာ ထိုးသတ်ခံရ

CDM ဆရာမ နှင့် ခင်ပွန်း ဓါးဖြင့်အချက်ပေါင်းများစွာ ထိုးသတ်ခံရ

တနင်္သာရီတိုင်း ပုလောမြို့နယ်အတွင်း CDM ဆရာမ တစ်ဦးနှင့် သူ၏  ခင်ပွန်းတို့ ဓါးဖြင့် အချက်ပေါင်းများစွာ ထိုးသတ်ခံရသည်။

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်းရှိ ဆားခဲကျေးရွာတွင် CDM ဆရာမတစ်ဦးနှင့် ခင်ပွန်းဖြစ်သူတို့သည် ၎င်းတို့၏ နေအိမ်အတွင်း၌ပင် ဓားဖြင့် အချက်ပေါင်းများစွာ ထိုးသတ်ခြင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းထံမှ သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက် ၂ နာရီခန့်တွင် အသက် ၄၉ နှစ်အရွယ်ရှိ CDM ဆရာမ ဒေါ်အေးသီအောင်နှင့် ခင်ပွန်းဖြစ်သူတို့အား အမည်မသိ လူတစ်စုက နေအိမ်အတွင်း ဝင်ရောက်လုပ်ကြံခဲ့ခြင်း ဖြစ်သည်။ 

သတ်ဖြတ်ခံရသူ ဒေါ်အေးသီအောင်သည် ပုလောမြို့နယ် ပညာရေးဘုတ်အဖွဲ့ဝင်တစ်ဦး ဖြစ်ပြီး တော်လှန်ရေး နယ်မြေအတွင်းရှိ ကလေးငယ်များ၏ ပညာရေးအတွက် ရှေ့တန်းမှ ဦးဆောင်ကြိုးပမ်းနေသူတစ်ဦးလည်း ဖြစ်သည်။

အခင်းဖြစ်ပွားခဲ့သည့် အခြေအနေနှင့်ပတ်သက်၍ ဒေသခံရွာသားတစ်ဦးက “နေအိမ်ထဲမှာပဲ ဒေါ်အေးသီတာတို့ လင်မယားကို ဓားနဲ့ အချက်ပေါင်းမနည်းဘူး ထိုးသတ်ခံရတာ။ ပါးစပ်တွေ၊ လည်ပင်းတွေနဲ့ မျက်နှာတွေမှာ ရစရာမရှိအောင်ပါပဲ။ ဆရာမကြီးမှာက ဒဏ်ရာပိုများတယ်၊ ယောကျာ်းလုပ်တဲ့သူမှာက နည်းတယ်။ သူတို့အိမ်နေရာက လူပြတ်တယ်” ဟု ပြောသည်။

ဆားခဲကျေးရွာသည် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ စိုးမိုးထားသည့် နယ်မြေအတွင်း တည်ရှိပြီး ယခုကဲ့သို့ တော်လှန်ရေးတွင် တက်ကြွစွာ ပါဝင်နေသည့် ပညာရေးဝန်ထမ်းတစ်ဦး ရက်စက်စွာ လုပ်ကြံခံရမှုအပေါ် ဒေသခံများအကြား တုန်လှုပ်ခြောက်ခြားမှုများ ဖြစ်ပေါ်နေသည်။ 

သတ်ဖြတ်ခံခဲ့ရသည့် ဇနီးမောင်နှံ၏ ရုပ်အလောင်းများကို ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် ကျေးရွာ သုသာန်၌ မီးသင်္ဂြိုဟ်လိုက်ပြီဖြစ်ကြောင်း ရွာသားများက ပြောသည်။

ဤလုပ်ရပ်သည် လူမဆန်သော အကြမ်းဖက်လုပ်ရပ်ဖြစ်ကြောင်းနှင့် ကျူးလွန်သူများကို ဖမ်းဆီးအရေးယူနိုင်ရန် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်နေကြောင်း မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းက သတင်း ထုတ်ပြန်ခဲ့သည်။

“ဆရာမတို့ လင်မယားနှစ်ဦးကို ရက်စက်စွာ သတ်ဖြတ်ခြင်းသည် လူမဆန်သော အကြမ်းဖက်လုပ်ရပ်မျိုး ဖြစ်သဖြင့် ပြင်းထန်စွာ ရှုတ်ချသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် မြိတ်ခရိုင်အတွင်း၌ စစ်ကော်မရှင်တပ်များနှင့် ဒေသခံကာကွယ်ရေးတပ်များ အကြား စစ်ရေး တင်းမာမှုများ ရှိနေသည်။

တော်လှန်ရေးအင်အားစုများ စိုးမိုးထားသည့် နယ်မြေများအတွင်း၌ပါ ယခုကဲ့သို့ လုပ်ကြံသတ်ဖြတ်မှုများ ပေါ်ပေါက်လာခြင်းကြောင့် နယ်မြေလုံခြုံရေးနှင့် ပတ်သက်၍ စိုးရိမ်မှုများ မြင့်တက်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။

March 10, 2026
ကရင်နီ (ကယား) ပြည်တွင် စက်သုံးဆီပြတ်လပ်မှု အကျပ်အတည်း ဆိုးရွားလာနေပြီး တစ်လီတာ ကျပ်တစ်သောင်းအထိ...
March 9, 2026
ချင်းမိုင်မြို့၊ ဟန်းဒေါင်းမြို့နယ်တွင် အသက် ၂၂ နှစ်အရွယ် စားပွဲထိုးအမျိုးသမီးငယ်တစ်ဦး...
March 6, 2026
ကရင်နီပြည်၊ မယ်စဲ့မြို့နယ်အတွင်းရှိ စစ်သုံ့ပန်းမိသားစုဝင်များ ထိန်းသိမ်းရာစခန်းကို စစ်ကော်မရှင်က...
March 5, 2026
မြန်မာနိုင်ငံတစ်ဝန်းတွင် စစ်အင်အားပြုန်းတီးမှုနှင့် ရင်ဆိုင်နေရသည့် စစ်ကော်မရှင်သည် မွန်၊...