စစ်ကော်မရှင်က မြစ်ဆုံစီမံကိန်း ပြန်စမယ့် အစီအစဉ်သစ် ထုတ်ပြောလာ

စစ်ကော်မရှင်က မြစ်ဆုံစီမံကိန်း ပြန်စမယ့် အစီအစဉ်သစ် ထုတ်ပြောလာ

စစ်ကော်မရှင်ရဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက မြစ်ကြီးနားမြို့ကို ရောက်တဲ့အချိန် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို အကောင်အထည်ဖော်မယ့် အခြေအနေတွေသစ်တွေနဲ့ ပတ်သက်ပြီး ပြောလိုက်ပါတယ်။

မနေ့ ဒီဇင်ဘာ ၁၆ ရက်နေ့က မြစ်ကြီးနားမြို့မှာရှိတဲ့ စစ်အုပ်စုရဲ့ အစိုးရအဖွဲ့ဝင်တွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေ အပါအဝင် ဒေသခံတွေနဲ့ တွေ့ဆုံချိန် ပြောခဲ့တာဖြစ်တယ်လို့ စစ်အုပ်စုရဲ့ ဝါဒဖြန့်သတင်းစာတွေက ဒီနေ့ ဖော်ပြထားကြတာပါ။

အဲဒီစီမံကိန်းဟာ စစ်ကိုင်းငလျင်ပြတ်ရွေ့ကြောနဲ့ နီးကပ်တဲ့အတွက် အရင် ငလျင်ပြင်းအား ၇ ဒဿမ ၁ ကို အခြေခံပြီး တွက်ချက်ခဲ့တာကနေ အခုထပ်ပြင်ဆင်ပြီး တွက်ချက်သွားမယ်လို့ ဆိုပါတယ်။

ရေအောက်ကြမ်းပြင်ထိန်းညှိတဲ့စနစ် ထည့်သွားမယ်လို့ ပြောထားပေမဲ့ ဘယ်လိုထိန်းညှိ သွားမယ်ဆိုတာကိုတော့ မပြောထားပါဘူး။

ဒါ့အပြင် ဧရာဝတီမြစ်ရဲ့ မြစ်ရေအမြင့်ဟာ နှစ်စဉ် ဧရာဝတီတိုင်းကနေ မြစ်ကြီးနားမြို့အထိ ၁၀ မီတာ အမြဲရှိနေမှာ ဖြစ်တာကြောင့် သင်္ဘောကြီးတွေလည်း သွားလာနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

မြစ်ဆုံစီမံကိန်းကို အရင်က လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၆,၀၀၀ ထုတ်လုပ်ဖို့ မှန်းထားတာကနေ အခု ၅,၆၀၀ ထုတ်လုပ်နိုင်ဖို့မှန်းထားတယ်လို့လည်း စိုးဝင်းက ပြောပါတယ်။

ဆည်အမျိုးအစားကတော့ Concreate Face Rock Fill Dam (CFRD) ကွန်ကရစ်မျက်နှာ ကျောက်ဖြည့် တမံအမျိုးအစား ဖြစ်တယ်လို့ ဆိုပါတယ်။

သမ္မတဦးသိန်းစိန် လက်ထက်က ၁၀ စုနှစ်တစ်စုကျော် ရပ်ဆိုင်ထားခဲ့တဲ့ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို ပြန်လည်အကောင်ထည်ဖော်ဖို့အတွက် စစ်ကောင်စီက အခုလို ထုတ်ပြောလိုက်တာလည်း ဖြစ်ပါတယ်။

စစ်ကော်မရှင်ဟာ အခုအချိန်မှာလည်း ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့ကို ပြန်လည်ဖွဲ့စည်းထားပါသေးတယ်။

စီမံကိန်းဟာ မြန်မာနိုင်ငံရဲ့ အကြီးဆုံးသော စစ်ကိုင်းငလျင်ပြတ်ရွေ့ကြောနဲ့ ကီလိုမီတာ ၁၀၀(မိုင် ၆၀) လောက်သာ ‌ဝေးတာကြောင့် ငလျင်လှုပ်ခဲ့ရင် ရေကာတာပြိုကျနိုင်တဲ့ အန္တရာယ်ရှိနေပြီး ပြိုကျခဲ့ရင်တော့ မြစ်ကြီးနားမြို့ဟာ ရေလွှမ်းမိုးနိုင်တယ်လို့ အစီရင်ခံတွေက ဆိုထားပါတယ်။

ပညာရှင်တွေရဲ့ အစီရင်ခံစာအရ မြစ်ဆုံစီမံကိန်းကြောင့် ရေနစ်မြုပ်နိုင်တဲ့ ဧရိယာဟာ စင်ကာပူနိုင်ငံအရွယ်အစား ၀န်းကျင်ရှိပြီး လူပေါင်းသောင်းချီ ရွှေ့ပြောင်းရနိုင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် မြစ်ဆုံဆည်တည်ဆောက်မှုကြောင့် ဧရာဝတီမြစ်ကြောင်းတလျှောက် ဇီဝမျိုးစိတ်တွေရဲ့ အသက်ရှင်မှုအပါအဝင် ပြောင်းလဲမှုမျိုးစုံဖြစ်လာနိုင်တာကြောင့် ဧရာဝတီကိုမှီခိုနေရတဲ့ မြန်မာနိုင်ငံရဲ့ လူမှုဘဝတွေဟာလည်း ပြောင်းလဲမှုတွေဖြစ်လာနိုင်မယ်လို့ ခန့်မှန်းထားကြပါတယ်။

Most read this week

December 16, 2025
စစ်ကော်မရှင်က ဖမ်းဆီးပြီး ထောင်ဒဏ် ၁၃ နှစ် ချမှတ်ထားတဲ့ အလွတ်တန်းသတင်းထောက် ကချင်တိုင်းရင်းသူ...
December 15, 2025
တနိုင်းမြို့နယ်က ပယင်းမှော်ဒေသဘက်မှာ စစ်ကော်မရှင်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တို့...
December 10, 2025
နိုင်ငံတကာတရားစစ်ခုံရုံးကနေ စစ်ကော်မရှင်ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ပေးဖို့ ဒီကနေ့ကျရောက်တဲ့...
December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...