ချင်းစကားများအပါ တိုင်းရင်းသားဘာသာစကား (၂၀) ကျော်ဖြင့် အသုံးပြုနိုင်မည့် eimiAI ကို လူထုနဲ့ စတင်မိတ်ဆက်မည်။

ချင်းစကားများအပါ တိုင်းရင်းသားဘာသာစကား (၂၀) ကျော်ဖြင့် အသုံးပြုနိုင်မည့် eimiAI ကို လူထုနဲ့ စတင်မိတ်ဆက်မည်။

ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့် ဘာသာပြန်ဆိုခြင်းနှင့် အခြားဝန်ဆောင်မှုများ ရရှိနိုင်မည့် eimiAI ကို လာမည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၀) ရက်နေ့၊ မြန်မာစံတော်ချိန် ညနေ (၆) နာရီမှာ Grand Launch အခမ်းအနားဖြင့် လူထုနဲ့ တရားဝင် စတင် မိတ်ဆက်သွားမည် ဖြစ်ကြောင်း eimiAI ဖန်တီးရေးဆွဲသူ ချင်းလူမျိုး IT ပညာရှင်တစ်ဦးဖြစ်တဲ့ Ko Michael Suantak ထံမှ သိရပါတယ်။

“eimiAI ကို လူထုနဲ့ မိတ်ဆက်တဲ့ အခမ်းအနားကိုတော့ Google Meet ကနေ ပြုလုပ်သွားမှာ ဖြစ်တယ်။ ဝင်ရောက်ရမယ့် Link ကတော့ https://meet.google.com/gwr-jfph-jgt ဖြစ်ပါတယ်။ eimiAI ဆိုတာ သာမန် AI တစ်ခု မဟုတ်ပါဘူး။ အရည်အသွေးမြင့် Dataset များဖြင့် စနစ်တကျ လေ့ကျင့်ပေးထားပြီး သင့်ရဲ့ ရိုးရာယဉ်ကျေးမှု၊ ဘာသာစကားနဲ့ အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ လိုအပ်ချက်များကို နားလည်ပေးနိုင်တဲ့ အဆင့်မြင့် နည်းပညာ ဂေဟစနစ်တစ်ခု ဖြစ်ပါတယ်။ ဒီဇင်ဘာလ ၂၀ ရက်နေ့ Grand Launch နဲ့ အတူ Triple-20 မှတ်တိုင်အနေနဲ့ ဘာတွေ ပါလာမလဲ ဆိုတော့ ဘာသာစကား ၂၀ မျိုး၊ ဝန်ဆောင်မှု Gems ၂၀ မျိုးနှင့် eimiAI ambassadors ၂၀ ဦး စတာတွေ ပါလာလိမ့်မယ်” လို့ Ko Michael Suantak က Chin World Media ကိုပြောပါတယ်။

eimiAI တွင် အသုံးပြုနိုင်မည့် ဘာသာစကားများမှာ ဖလမ်း (Falam)၊ တီးတိန် (Tedim)၊ ဆင်(မ်)သဲ (Simte)၊ မတူ (Matu)၊ ကယားလီ (Kayah Li)၊ ထာဒို (Thadou / Thadou-Kuki)၊ ပေါ်ကျင့်ဟော (Paucinhau)၊ ဟားခါး (Hakha / Hakha Chin)၊ ကရင် (စကော) (Karen S'gaw)၊ ဗိုင်းဖေ (Vaiphei)၊ ရဝမ် (Rawang)၊ မီဇိုး (Mizo)၊ ဝန်ချို (Wancho)၊ ပိုက်သဲ (Paite)၊ စီယံ (Sizang)၊ ကချင် (Kachin)၊ မာရ် (Hmar)၊ ရခိုင် (Arakanese)၊ ရိုဟင်ဂျာ (Rohingya/Rohingyalist)၊ ရှမ်း (Shan) နှင့် ပအိုဝ်း (Pa’O) ဘာသာစကားတို့ ဖြစ်ကြပြီး တိုင်းရင်းသား ဘာသာစကားများနှင့် ကမ္ဘာသုံး ဘာသာစကားများကြားရှိ အတားအဆီးများကို eimiAI က ဖြိုဖျက်ပေးမည်ဖြစ်တယ်လို့လည်း Ko Michael Suantak ထံမှ သိရပါတယ်။

“ဘာသာစကားကတော့ အမျိုးပေါင်း ၂၀ နဲ့ စတင် launch လုပ်ဖို့ ရည်ရွယ်ထားပေမယ့် ၂၁ မျိုးနဲ့ စတင်ခွင့် ရခဲ့တယ်။ တခြား ဝန်ဆောင်မှုတွေလည်း ကဏ္ဍအရ အမျိုး ၂၀ လို့ သတ်မှတ်ပေမယ့် အသေးစိတ်မှာ ၆၀ နီးပါး ရှိပါတယ်” လို့ eimiAI ရဲ့လက်ရှိ အခြေအနေကို Ko Michael Suantak က ဆက်လက်ရှင်းပြပါတယ်။

ဝန်ဆောင်မှု Gems (၂၀) မျိုးတွင် ပညာရေး၊ ကျန်းမာရေး၊ ဥပဒေနှင့် နည်းပညာဆိုင်ရာ ကျွမ်းကျင်အကူအညီများ ပါဝင်ကြောင်းနှင့် eimiAI Ambassador များသည် eimiAI နှင့်အတူ ဒစ်ဂျစ်တယ် တော်လှန်ရေးကို ဦးဆောင်ပေးမည့် လူထုကိုယ်စားလှယ်များ ဖြစ်ကြောင်း သိရှိရပါတယ်။

ပညာရေးကဏ္ဍနှင့် ပတ်သက်၍လည်း Ko Michael Suantak က “ကျောင်းစာနဲ့ ပတ်သက်ရင် ပြည်တွင်း သင်ရိုးညွှန်းတမ်းတွေကို KG ကနေ Grade-12 အထိ eimiAI နဲ့ သင်ကြားလို့ ရအောင်လည်း စီစဉ်ထားပါတယ်။

မေးခွန်းပုံစံတွေလည်း ထုတ်ပေးနိုင်မှာ ဖြစ်သလို၊ အစမ်းစာမေးပွဲ ဖြေဆိုတာ၊ ကိုယ့်ရဲ့ အဖြေလွှာကို စစ်ဆေးခိုင်းပြီး အကြံပြုချက် ရယူတာအထိ အသုံးပြုနိုင်အောင် ပြုလုပ်ထားပါတယ်။ အသုံးပြုပုံ၊ အသုံးပြုနည်းတွေကိုတော့ YouTube ကနေ တခုပြီး တခု သင်တန်းပေးသွားဖို့ ရှိပါတယ်” လို့ ပြောပြပါတယ်။

Grand Launch ပြုလုပ်မည့် eimiAI ကို ချင်းလူမျိုး IT ပညာရှင်တစ်ဦးဖြစ်သည့် Ko Michael Suantak မှ (၁၂) လကျော် အချိန်ပေး ဖန်တီးခဲ့ခြင်းဖြစ်ပြီး Gemini နှင့် တွဲဖက်အသုံးပြုရမည့် Device (၁၀) ခုအထိ သုံးစွဲနိုင်သော eimiAI အကောင့်တစ်ခုလျှင် တစ်လ ဒေါ်လာ ၂၀ (မြန်မာငွေ ကျပ် ၁ သိန်း ဝန်းကျင်) ဖြင့် စာရင်းသွင်း အသုံးပြုရမည်ဖြစ်ကြောင်း သိရှိရပါတယ်။

June 20, 2026
ဖိနှိပ်မှုတွေကြားက မတုန်လှုပ်ဘဲ မိမိယုံကြည်ချက်ကို ခိုင်မြဲစွာရပ်တည်လျက်...
June 19, 2026
ချင်းပြည်နယ် တီးတိန်မြို့နဲ့ ရိဒ်ခေါ်ဒါရ် (အိန္ဒိယ - မြန်မာ) နယ်စပ်ကုန်သွယ်ရေးလမ်းမကြီးပေါ်က...
June 18, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့တွေကို ရက်ပေါင်း ၃၀ အတွင်း...
June 17, 2026
မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာနက ပြစ်ဒဏ်ကျခံပြီးသား...