ရွေးကောက်ပွဲမှာ စစ်ကျွန်ဘဝ သွပ်သွင်းရန်သာ ဖြစ်ကြောင်း လှုပ်ရှားသူများ သုံးသပ်

ရွေးကောက်ပွဲမှာ စစ်ကျွန်ဘဝ သွပ်သွင်းရန်သာ ဖြစ်ကြောင်း လှုပ်ရှားသူများ သုံးသပ်

စစ်ကော်မရှင်က ကျင်းပရန် စီစဉ်နေသည့် အတုအယောင် ရွေးကောက်ပွဲသည် တရားမျှတမှု မရှိဘဲ စစ်အာဏာ ရှင်စနစ် သက်ဆိုးရှည်စေရန်နှင့် ပြည်သူများ စစ်ကျွန်ဘဝမှ ရုန်းထွက်၍ မရအောင် လုပ်ဆောင်ခြင်းသာ ဖြစ်သည်ဟု အရပ်ဘက် တက်ကြွလှုပ်ရှားသူများက ပြောဆိုလိုက်သည်။

စစ်ကော်မရှင်သည် ရွေးကောက်ပွဲ၏ အပိုင်း (၁) ကို လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့၊ အပိုင်း (၂) ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့နှင့် အပိုင်း (၃) ကို ဇန်နဝါရီလ ၂၅ ရက်နေ့တို့တွင် အသီးသီး ကျင်းပသွားမည်ဟု ထုတ်ပြန်ကြေညာထားသည်။

အဆိုပါ ရွေးကောက်ပွဲသည် စစ်ကော်မရှင်၏ စီမံကိန်းဖြစ်သောကြောင့် ပြတ်ပြတ်သားသား ဆန့်ကျင်ကြရန် လိုကြောင်း ကျေးလက်မြေအဖွဲ့ ဒါရိုက်တာ ဒေါ်မူစဲက တိုက်တွန်းပြောဆိုသည်။

“ဒီအတုအယောင် ရွေးကောက်ပွဲသည် ကျမတို့ကို စစ်ကျွန်ဘဝကနေ ပြီးတော့မှ လုံးဝရုန်းထွက်လို့ မရအောင် လုပ်မယ့် ရွေးကောက်ပွဲ ဖြစ်တယ်။ သူတို့ရေးထားတဲ့ ရွေးကောက်ပွဲ ဥပဒေသည် ဒီလိုပဲ ဖြစ်တဲ့ အတွက်ကြောင့် မို့လို့ ဒီဥစ္စာကို ကျမတို့ ပြတ်ပြတ်သားသား ဆန့်ကျင်ရမယ်။ ပြတ်ပြတ် သားသား အတုအယောင် ရွေးကောက်ပွဲ ပါဆိုပြီး ကျမတို့ ထုတ်ဖော်ဖို့လိုတယ်။”

ထို့အပြင် ရွေးကောက်ပွဲ အကြိုကာလတွင် စစ်တပ်၏ ဖိနှိပ်မှုများ ပိုမိုမြင့်တက်လာကြောင်း မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်း (HURFOM) ဒါရိုက်တာ နိုင်အဲမွန်က ထောက်ပြသည်။

“ရွေးကောက်ပွဲ ကာလနဲ့ စပ်လျင်းပြီးတော့ နယ်မြေ ပိတ်ပင်တားဆီးတာ၊ ကန့်သတ်တာရှိတယ်။ အချက် အလက်တွေ မခိုင်လုံဘဲနဲ့ ခရီးသွားတဲ့ ကိစ္စတွေကို တားမြစ်တာ ရှိလာတယ်။ အဲ့အပေါ်မှာ ငွေတွေ မတရား တောင်းပြီးတော့မှ ပြီးသွားတာမျိုး၊ အကြောင်းမဲ့ ဖမ်းဆီးပြီးတော့မှ ငွေညှစ်တဲ့ ကိစ္စမျိုး၊ ဆိုင်ကယ်တို့ ကားတို့ သိမ်းလိုက်တာမျိုးတွေက ပို ဖြစ်လာတယ်။ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့ ESCR right တွေ ချိုးဖောက်မှု ပိုဖြစ်လာတယ်။”

စစ်ကော်မရှင်သည် စစ်ရှောင်ပြည်သူများထံ စားနပ်ရိက္ခာ တင်ပို့မည့် လမ်းကြောင်းများကိုပါ ပိတ်ဆို့ နေသောကြောင့် အရေးပေါ် အကူအညီ လိုအပ်နေသည့် စစ်ရှောင်ပြည်သူများအတွက် အခြေခံ စားနပ်ရိက္ခာ ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရသည်ဟု နိုင်အဲမွန်က ပြောသည်။

စစ်အာဏာရှင်စနစ် အမြစ်ပြတ်မှသာ ပြည်သူများ၏ မတရားမှုများကို အဆုံးသတ်နိုင်မည် ဖြစ်ကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလကလည်း ၇၇ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် ပြောကြားချက်တွင် တိုက်တွန်းခဲ့သည်။

“ဖက်ဒရယ် ဒီမိုကရေစီစနစ် တည်ဆောက်ဖို့ကလည်း စစ်အာဏာရှင်စနစ်ကို ချေမှုန်းနိုင်ရေးနဲ့ တိုက်ရိုက် ဆက်စပ် နေပါတယ်။ စစ်အာဏာရှင် သက်ဆိုးရှည်နေသ၍ ပြည်သူတွေဟာ အချိန်တိုင်း လူ့အခွင့်အရေးကို ဆက်လက် ဆုံးရှုံးနေကြရအုံးမှာ ဖြစ်ပါတယ်။ ပြည်သူတွေ ကြုံနေရတဲ့ မတရားမှုတွေကို အဆုံးသတ်နိုင်ဖို့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးကို အားသွန်ခွန်စိုက် လုပ်ဆောင်ဖို့ လေးနက်စွာ တိုက်တွန်း လိုပါတယ်။”

နိုင်ငံတကာ အဖွဲ့အစည်းများ ဖြစ်သော သြစတြေးလျ သံရုံး၊ ယူကေ၊ ကနေဒါနှင့် ဥရောပသမဂ္ဂ (EU) တို့ကလည်း စစ်ကော်မရှင်၏ ရွေးကောက်ပွဲသည် တင်းမာမှုနှင့် အကြမ်းဖက်မှုများကို ပိုမိုဆိုးရွား စေနိုင်ပြီး စစ်မှန်သည့် ဖြေရှင်းနည်းနှင့် ပိုမိုဝေးကွာစေနိုင်ကြောင်း ပူးတွဲ ထုတ်ပြန်ပြောဆိုထားသည်။

March 30, 2026
မြန်မာစစ်တပ်အတွက် လက်နက်ပွဲစားလုပ်ကိုင်ပေးနေသော Synpex Shwe (SS) ကုမ္ပဏီသည်...
မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး ရန်ကုန် ရန်ကင်း (Facebook)
March 28, 2026
နိုင်ငံကူးလက်မှတ် ဥပဒေသစ်ဖြင့် နိုင်ကျဉ်းဟောင်းများကို စစ်ကော်မရှင်က...
Indaw Revolution (IR)
March 26, 2026
လူပေါင်း ၈၀ ခန့် သေဆုံးခဲ့ရသည့် တိုက်ခိုက်မှု နောက်ပိုင်း စစ်ကိုင်းတိုင်း ဒေသကြီး၊ ကသာမြို့တွင်...
ဓာတ်ပုံ - (ပုံဟောင်း)
March 25, 2026
ရှမ်းမြောက် နမ့်ခမ်းမှ ကိုးကန့်တပ် (MNDAA) တပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားပြီး ၁၀၅ မိုင်တွင်လည်း...