စစ်ကောင်စီက ဖမ်းဆီးပြီး ထောင်ဒဏ် ၁၃ နှစ် ချမှတ်တဲ့ အလွတ်တန်းသတင်းထောက် မဆွတ်ရိန်ပန်အတွက် အယူခံဆက်ဝင်မယ်

စစ်ကောင်စီက ဖမ်းဆီးပြီး ထောင်ဒဏ် ၁၃ နှစ် ချမှတ်တဲ့ အလွတ်တန်းသတင်းထောက် မဆွတ်ရိန်ပန်အတွက် အယူခံဆက်ဝင်မယ်

စစ်ကော်မရှင်က ဖမ်းဆီးပြီး ထောင်ဒဏ် ၁၃ နှစ် ချမှတ်ထားတဲ့ အလွတ်တန်းသတင်းထောက် ကချင်တိုင်းရင်းသူ မဆွတ်ရိန်ပန်ရဲ့ ထောင်ဒဏ်နဲ့ပတ်သက်ပြီး အယူခံဆက်ဝင်သွားမယ်လို့ နီးစပ်သူတွေဆီက ကြားသိရပါတယ်။

အခုလအတွင်း ထပ်မံချမှတ်ခံလိုက်ရတဲ့ ထောင်ဒဏ် ၁၀ နှစ်ထက် လျော့နည်းနိုင်အောင် မြို့နယ်အဆင့်ကနေ နေပြည်တော်အထိ အယူခံဆက်ဝင်သွားဖို့ ရှိတယ်လို့ မဆွတ်ရိန်ပန်နဲ့ နီးစပ်သူတစ်ဦးက အခုလိုပြောပါတယ်။

“ကျွန်တော်တို့ အယူခံတော့ ဆက်တက်ဖို့ရှိမယ်။ မြို့နယ်အဆင့်မရရင် ခရိုင်တက်မယ်။ ခရိုင် မရလို့ရှိရင် နေပြည်တော်ထိတက်မယ်ပေါ့နော်။ ကျွန်တော်တို့ကြိုးစားမှာက ပုဒ်မ ပြောင်းမယ်ပေါ့နော်။ လျော့ပေါ့ အဲဒါအမြင့်ဆုံးမျှော်မှန်းတာပဲ။ ဒီထက် ၁၀ နှစ်မဟုတ်ဘဲ တခြားပုဒ်မ ပြောင်းဖို့တော့ ကြိုးစားကြည့်မှာပေါ့။” လို့ ဆိုပါတယ်။

မဆွတ်ရိန်ပန်ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ - (က) အပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ ည တို့အတွက် ဒီနှစ်ထဲမှာ ထောင်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရပြီး ၈ လလောက်အကြာ ၂၀၂၅ ခုနှစ် မေလ ၁၆ ရက်နေ့က အင်းစိန်ထောင်တွင်း တရားရုံးမှာပဲ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ - က အတွက် ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရပါတယ်။

နောက်ထပ်ပုဒ်မဖြစ်တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ ည ကိုတော့ အခုနှစ် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂ ရက်နေ့မှာပဲ ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင်တရားရုံးက ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

သတင်းထောက်တဦးအနေနဲ့ သတင်းအလုပ်လုပ်တာဟာ ရာဇဝတ်မှုကျုးလွန်တာ မဟုတ်ကြောင်းနဲ့ ဒီလို ပုဒ်မနဲ့ ထောင်ဒဏ်တွေဟာ ဘယ်သူမှကျခံဖို့ မသင့်ကြောင်းလည်း အထက်ပါ နီးစပ်သူက ဆိုပါတယ်။

“သတင်းထောက်တွေက သတင်းအလုပ်လုပ်တာ ပုံမှန်ပဲဗျာ။ ဒါပေမဲ့ အဲဒါကို သူ့ကို တရားစွဲတဲ့ ပုဒ်မတွေ ထောင်ဒဏ်တွေက ဘယ်သူ့ဘယ်သူမှ ခံစားကျခံသင့်တာမဟုတ်ဘူးလို့ မြင်တယ်။ ပြီးတော့ သတင်းထောက် အလုပ်လုပ်တာသည် ရာဇဝတ်မှုကျူးလွန်တာမဟုတ်ဘူး။ သတင်း အချက်အလက်လက်လှမ်းမီရေး၊ ပြည်သူတွေ သတင်းသိခွင့်ရရေးဆိုတာ ဒီဘက်ခေတ်မှာ သိပ် အရေးကြီးတဲ့ကိစ္စပဲ။ ဒါကို လုပ်တာနဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မဆိုတာ ဘာမှကို မဆိုင်ပါဘူး။တရားလက်လွတ်ဖြစ်တယ်။ ဘယ်လိုမှ မျှတတဲ့ တရားတဲ့ဟာ မဟုတ်ဘူးလို့တော့ မြင်တယ်ဗျာ။” လို့ ဆိုပါတယ်။

မဆွတ်ရိန်ပန်ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့ညက အရပ်ဝတ်နဲ့ စစ်သား ၃ ဦးဟာ သူ့ရဲ့ မိဘနာမည်၊ မွေးဇာတိ အသက် စတဲ့ အချက်အလက်အတိအကျနဲ့ လာရောက်ပြီးတော့ ဖမ်းဆီးသွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

နေပြည်တော်က ဖမ်းဆီးခိုင်းကြောင်းနဲ့ သံသယရှိလို့ လာဖမ်းတာ ဖြစ်ကြောင်းဆိုပြီး ဖမ်းခေါ် သွားတဲ့အချိန်မှာလည်း ရိုက်နှက်ခေါ်ဆောင်သွားခဲ့တာလို့ သိရပါတယ်။ ဖမ်းခေါ်သွားတဲ့အချိန် မဆွတ်ရိန်ပန်ရဲ့ ဖုန်းနဲ့ I Pad တွေအပြင် အဝတ်အစားတွေနဲ့ ဆန်တွေကအစ ပစ္စည်းအကုန်ယူသွားခဲ့တာလို့ ပြောပါတယ်။

အဖမ်းခံရပြီး နောက်တစ်နေ့ ရှေ့နေနဲ့ လိုက်ရာမှ ရန်ကုန် ရေကြည်အိုင် စစ်ကြောရေးစခန်းမှာ စစ်ကြော ခံနေရတာကို သိရှိခဲ့ရတယ်လို့ဆိုပါတယ်။

ရက်ပေါင်း ၂၂ ရက်ကြာ စစ်ကြောခံခဲ့ရပြီး စစ်ကြောရေးက ရိုက်နှက်မှုတွေကြောင့် မျက်နှာရောင်ကိုင်းပြီး ကိုယ်ခန္ဓာ အညိုအမဲစွဲတာတွေလည်း အင်းစိန်ထောင်ရောက်ပြီး ၃ လလောက်ကြာတဲ့အထိ ပျောက်တာ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

Pu Noi Tsawm ဆိုတဲ့ ကလောင်အမည်နဲ့ သတင်းရေးသားတဲ့ အသက် ၂၆ နှစ် အရွယ် မဆွတ်ရိန်ပန်ဟာ သတင်းထောက်လုပ်သက် ၂ နှစ် ကျော်ရှိပြီး ရန်ကုန်ကနေအိမ်မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

Most read this week

December 15, 2025
တနိုင်းမြို့နယ်က ပယင်းမှော်ဒေသဘက်မှာ စစ်ကော်မရှင်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တို့...
December 10, 2025
နိုင်ငံတကာတရားစစ်ခုံရုံးကနေ စစ်ကော်မရှင်ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ပေးဖို့ ဒီကနေ့ကျရောက်တဲ့...
December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...