တိုက်ပွဲများ ကျောက်ဖြူမြို့အနီးထိ နီးကပ်လာသဖြင့် ရန်ကုန်သို့ စစ်ရှောင်သူ များပြားလာ၍ လေယာဉ်လက်မှတ်တစ်စောင်ကို ကျပ်သိန်း ၂၀ ကျော်အထိ စံချိန်တင် ဈေးနှုန်းမြင့်တက်နေ

တိုက်ပွဲများ ကျောက်ဖြူမြို့အနီးထိ နီးကပ်လာသဖြင့် ရန်ကုန်သို့ စစ်ရှောင်သူ များပြားလာ၍ လေယာဉ်လက်မှတ်တစ်စောင်ကို ကျပ်သိန်း ၂၀ ကျော်အထိ စံချိန်တင် ဈေးနှုန်းမြင့်တက်နေ

ရခိုင်ပြည်၊ ကျောက်ဖြူမြို့အနီးအနားအထိ တိုက်ပွဲများနီးကပ်လာနေသည့်အတွက် ရန်ကုန်သို့ စစ်ရှောင်သူများပြားလာ၍ လေယာဉ်လက်မှတ်တစ်စောင်ကို ကျပ်သိန်း ၂၀ ကျော်ထိ စံချိန်တင်ဈေးနှုန်းမြင့်တက်နေကြောင်း သတင်းရရှိသည်။

ယခုနောက်ပိုင်း ကျောက်ဖြူမြို့နယ်အတွင်း တိုက်ပွဲများပိုမိုပြင်းထန်လာပြီး မြို့အနီးအနားအထိ နီးကပ်လာနေသည့်အတွက် ကျောက်ဖြူမြို့‌မှ ပြည်မဖက်သို့စစ်ရှောင်သည့်သူများ များပြားလျက်ရှိသည်ဟု သိရသည်။

ယင်းသို့ စစ်ရှောင်သူများပြားလာသည့်အတွက် ယခု ဒီဇင်ဘာလအတွင်း လေယာဉ်လက်မှတ်တစ်စောင်လျှင် ကျပ်သိန်း ၂၀ ကျော်အထိ စံချိန်တင်ဈေးနှုန်းမြင့်တက်နေရခြင်းဖြစ်သည်ဟု ရန်ကုန်သို့သွားမည့် မြို့ခံအမျိုးသမီးတစ်ဦးက နိရဉ္စရာကို ပြောသည်။

"ဒီလအတွင်းမှာပဲ သိန်း ၂၀ အထိ တက်သွားတယ်။ ရန်ကုန်သွားမယ့်သူတွေ အများကြီးပဲ။ လက်မှတ်အရင်လိုချင်ရင် သိန်း ၂၀ ပေးရတယ်" ဟု ပြောသည်။

ကျောက်ဖြူမြို့မှ ပြည်မသို့ထွက်ခွာသူ ယခုဒီဇင်ဘာလတွင် ပိုမိုများပြားလာသည်နှင့်အမျှ မြို့ခံပွဲစားအချို့က အခွင့်ကောင်းယူပြီး အကြမ်းဖက်စစ်တပ်လက်အောက်ခံ ထွေအုပ်နှင့်ပူးပေါင်းကာ ယခုကဲ့သို့ ဒေသခံများထံမှ ငွေကြေးများအဆမတန်တောင်းစားနေကြသည်ဟု မြို့ခံအမျိုးသမီးတစ်ဦးက နိရဉ္စရာကို ပြောသည်။

"ကျောက်ဖြူမှာ ပွဲစားတွေက နေရာတကာပါတယ်။ ဟိုနေရာသွားလည်း ပွဲစား။ ဒီနေရာသွားလည်း ပွဲစား။ အခုလည်း ဒီပွဲစားတွေကပဲ တောင်းနေတာ။ ထွေအုပ်ကိုစာတင်ပေးမယ်။ လက်မှတ်အရင် ရမယ်ဆိုပြီး။ ထွေအုပ်ရုံးကလူတွေနဲ့ပူးပေါင်းပြီး လုပ်စားနေတာ" ဟု ပြောသည်။

ယခုဒီဇင်ဘာလအတွင်းတွင် ကျောက်ဖြူမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်လာသည့်အတွက် နယ်ကျေးရွာများမှ စစ်ရှောင် ဒေသခံများနှင့် ရမ်းဗြဲ၊ မြောက်ဦး၊ ကျောက်တော်၊ စစ်‌တွေ၊ ရသေ့တောင် စသည့် အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားသည့် မြို့နယ်များမှ ဒေသခံအများအပြားသည် ရန်ကုန်သို့စစ်ရှောင်ရန် ကျောက်ဖြူ မြို့ပေါ်သို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း မြို့ခံများက ပြောသည်။

ဒေသခံတစ်ဦးက "မနေ့ကဆိုရင် ဘုတ်တစ်စီးမှာ လူ ၅၀ လောက်ပါတယ်။ ကျောက်ဖြူမြို့ကိုဝင်လာတာ။ အဝင်တော့ ခွင့်ပြုသေးတယ်။ မြို့ပေါ်ကသာ ထွက်ခွင့်မပေးသေးတာ" ဟု ပြောသည်။

ယခင်က ကျောက်ဖြူ-ရန်ကုန် လေယာဉ်လက်မှတ်တစ်စောင်ကို ငွေကျပ် ခုနစ်သိန်းမှ ငွေကျပ် သိန်း ၁၀ ကျော်အထိရှိခဲ့ရာမှ ယခုရက်ပိုင်းအတွင်းတွင် ချက်ချင်းဆိုသလို ငွေကျပ် သိန်း ၂၀ ကျော်အထိ ဈေးမြင့်တက်သွားကြောင်း ဒေသခံများက ပြောသည်။

စစ်ကော်မရှင်သည် ရခိုင်တွင် ပြီးခဲ့သည့် ၂ဝ၂၃ ခုနှစ်၊ နိုဝင်ဘာလမှစတင်ကာ တိုက်ပွဲများကိုအကြောင်းပြပြီး ရခိုင်နှင့်ပြည်မဘက်သို့ဆက်သွယ်ထားသည့် ကုန်းလမ်း၊ ရေလမ်းတို့ကို ယနေ့အထိပိတ်ဆို့ထားပြီး စစ်ကော်မရှင်ထိန်းချုပ်ထားသည့် ကျောက်ဖြူနှင့် စစ်တွေမြို့တွင် လေကြောင်းခရီးစဉ်တစ်ခုတည်းကိုသာ ဖွင့်ပေးထားခြင်းဖြစ်သည်။

ကျောက်ဖြူမြို့ပြင်ရှိ နယ်များတွင်ဖြစ်ပွားနေသည့် AA နှင့်အကြမ်းဖက်စစ်တပ်တို့၏ တိုက်ပွဲများမှထွက်လာသော လက်နက်ကြီး/ငယ်ပစ်ခတ်သံများ၊ ဗုံးကြဲချသံများကိုပါ မြို့အနီးမှကြားလာရသည့်အတွက် ပြည်မသို့ ထွက်ခွာမည့်သူများ များပြားခြင်းဖြစ်ကြောင်း သိရသည်။

ကျောက်ဖြူမြို့နယ်တွင် သိုင်းချောင်း၊ မင်းပြင်စသည့်နေရာများ၌ AA နှင့် အကြမ်းဖက်စစ်တပ်တို့ တိုက်ပွဲဆက်လက်ပြင်းထန်လျက်ရှိကြောင်း သိရသည်။

Most read this week

December 10, 2025
အကြမ်းဖက်စစ်တပ်ထိန်းချုပ်ထားပြီးတိုက်ပွဲတစ်ခါမျှ မဖြစ်ဖူးသေးသည့် ရခိုင်မှ မာန်အောင်မြို့နယ်တွင်...
December 8, 2025
ယခင်ကလက်နက်ကြီးပစ်ခတ်သံများကိုသာ ကြားခဲ့ရပြီး ယခုရက်ပိုင်းအတွင်း စက်သေနတ်နှင့် လက်နက်ငယ်မျိုးစုံ...
ရိက္ခာပြတ်ရာမှ ၆၆၆ ပွိုင့်ကုန်းက အတင်းတိုးထွက်လာသော စစ်တပ်စစ်ကြောင်း AA ဆီမှာ ချေမှုန်းခံရ
December 4, 2025
စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် ပွိုင့် ၆၆၆ စခန်းမှထွက်ခွာလာတဲ့ စစ်အုပ်စု စစ်ကြောင်းတစ်ခုကို...