မွန်ပြည်တွင် စစ်ကော်မရှင်က ကျားဖြန့်ခေါင်းစဉ်ဖြင့် ရှမ်းပြည်သားများကို တည်းခိုခွင့် ကန့်သတ်နေသည့် အပြင် ဖမ်းဆီးငွေညှစ်မှုများ ရှိနေဟု ဒေသတွင်း လူ့အခွင့်အရေး စောင့်ကြည့် လှုပ်ရှားနေသူများက ပြောသည်။
စစ်ကော်မရှင်၏ ထိန်းချုပ်မှုအောက်ရှိ မွန်ပြည်သို့ ဝင်ရောက်သည့် ပြည်တွင်းခရီးသွားများအပေါ် စစ်ဆေးမှုများ အလွန်အမင်း တင်းကျပ်လာနေပြီး အထူးသဖြင့် ရှမ်းပြည် နိုင်ငံသားစိစစ်ရေးကတ် (၁၃/) ကိုင်ဆောင်ထား သူများအား တည်းခိုခွင့်ကန့်သတ်ခြင်းနှင့် ဖမ်းဆီးငွေညှစ်ခြင်းများ ပိုမိုလုပ်ဆောင်လာနေခြင်း ဖြစ်သည်။
သံလွင်တံတား (မော်လမြိုင်)၊ ဘီးလင်းနှင့် သထုံမြို့အဝင်အထွက် စစ်ဆေးရေးဂိတ်များတွင် တင်းကျပ်စွာ စစ်ဆေးဖမ်းဆီးနေခြင်းသည် နိုင်ငံသားတို့၏ လွတ်လပ်စွာ သွားလာခွင့်ကို ချိုးဖောက်နေခြင်း ဖြစ်ကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူများက ဝေဖန်သည်။
စစ်ကော်မရှင်၏ ယခုလုပ်ရပ်သည် နယ်မြေအေးချမ်းမှုထက် လက်ရှိကျင်းပမည့် ရွေးကောက်ပွဲကို ရည်ရွယ် သည့် နိုင်ငံရေးလှုပ်ရှားမှုနှင့် ဆက်စပ်နေကြောင်း မွန်ပြည်လူ့အခွင့်အရေး ဖောင်ဒေးရှင်း HURFOM ဒါရိုက်တာ နိုင်အဲမွန်က သုံးသပ်သည်။
“မွန်ပြည်နယ်၊ ကရင်ပြည်နယ် တစ်ချို့ သူတို့ထိန်းချုပ်တဲ့နေရာမှာ တခြားလူတွေကို အဝင်မခံတော့ဘဲနဲ့ သူ့ရှိ ရင် ဒေသခံပြည်သူတွေကို အသေပိတ်ပြီးတော့စည်းရုံး၊ ပြီးလို့ရှိရင် ပြည်ခိုင်ဖြိုးကို မဲထည့်ခိုင်းဆိုတဲ့ အခြေ အနေမျိုးတွေ ရှိတယ်။ ဒါကြောင့်မို့လို့ နယ်မြေကန့်သတ်မှုတွေ ပိုလုပ်ပြီးတော့ တစ်ခြားသော ပြည်နယ်သား တွေကို ကန့်သတ်တယ်၊ အဲ့ထဲမှာတော့ ရှမ်းက အများဆုံးဖြစ်ခဲ့တယ်။ အထူးသဖြင့် လူငယ်တွေကို ပိတ်တာ ရှိတယ်။”
အထူးအခြေအနေအဖြစ် မော်လမြိုင်မြို့တွင်းသို့ ဝင်ရောက်လာသည့် ရှမ်းပြည် (၁၃/) မှတ်ပုံတင် ကိုင်ဆောင်သူ မည်သူမဆို စက်တင်ဘာလ ၁၇ ရက်နေ့မှစတင်၍ စစ်ကော်မရှင်က သတ်မှတ်ထားသည့် တော်ဝင်ဟင်္သာ ဟိုတယ်၊ Mawlamyine Strand Hotel နှင့် ဟောင်သရောမိုတယ် သုံးခုတွင်သာ တည်းခိုနေထိုင်ခွင့် ပြုထား သည်။
ထို့အပြင် စစ်ကော်မရှင်က ‘ကျားဖြန့်’ နှင့် ဆက်နွယ်သည်ဟု စွပ်စွဲကာ မြဝတီဘက်မှ ပြန်ဝင်လာသူ အလုပ် သမားများနှင့် သာမန်ခရီးသွားများ အပါအဝင် စုစုပေါင်း လူအယောက် ၄၀ ခန့် ကို ဘားအံနှင့် မော်လမြိုင် အထွက် ဂိတ်များဖြစ်သည့် ကျိုက်မရောတံတားနှင့် မုတ္တမ သံလွင်တံတားတို့တွင် ဖမ်းဆီးထားကြောင်း HURFOM က ဆိုသည်။
ဤ Operation သည် နိုင်ငံတကာ၏ အရေးယူဆောင်ရွက်မှုမှ လွတ်မြောက်ရန် ဟန်ပြပြုလုပ်နေသည့် ‘ပြဇာတ်’ သာ ဖြစ်ကြောင်းနှင့် ကျားဖြန့်လုပ်ငန်း ခေါ်သွင်းသူများတွင်မူ အာဏာပိုင်များနှင့် နယ်ခြားစောင့်တပ် (BGF) များ ပါဝင်နေကြောင်း နိုင်အဲမွန်က ထောက်ပြသည်။
“တကယ်တမ်းကြတော့ ဒါတွေအားလုံးက ပြဇာတ်တွေပဲ။ တကယ့်တကယ်ကျားဖြန့် လူတွေကို ခေါ်သွင်းတဲ့ လူတွေကိုခေါ်သွင်းတဲ့ကိစ္စ အာဏာပိုင်တွေနဲ့ BGF တွေအများဆုံးပါတယ်။ ပြည်သူလူထုက ဘာမှမသိဘဲနဲ့ ဒီကြားထဲမှာ Operation ကို ခေါင်းစဉ်တပ်ပြီးတော့ လုပ်စားခံရတဲ့ကိစ္စဖြစ်တယ်” ဟု နိုင်အဲမွန်က ပြောသည်။
မွန်ပြည် ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ပေါင်မြို့နယ်အတွင်း နိုဝင်ဘာလအတွင်းကလည်း ကျားဖြန့်လုပ်ငန်းမှ ပြန်လာသူ ၆၀၀ ကျော် ကို ဖမ်းဆီးခဲ့ရာ ရှမ်းပြည် မှတ်ပုံတင် ကိုင်ဆောင်ထားသူ အများစု ပါဝင်ခဲ့ကြောင်း လဂွန်းအိမ်စာစဉ်က နိုဝင်ဘာလ ၂၇ ရက်နေ့က ဖော်ပြထားသည်။
တစ်ချိန်တည်းမှာပင် ကျိုက်ထိုဒေသ စီးပွားရေးသည် ကျိုက်ထီးရိုးဘုရားဖူးကို မှီခိုနေရသဖြင့် ဘုရားဖူး ပြည်သူ များအပေါ် အတင်းအကျပ် စစ်ဆေးနေခြင်းမျိုး မရှိသော်လည်း ရွေးကောက်ပွဲအတွက် လုံခြုံရေး အပြည့်အဝ ချထားမှုနှင့် မှတ်ပုံတင်မပါဘဲ သွားလာသည့် ဆိုင်ကယ်၊ ကားများကို ဖမ်းဆီးစစ်ဆေးနေသည်ဟု ဆိုသည်။
မွန်ပြည်လူသားချင်းစာနာမှု ကွန်ယက်အဖွဲ့ (MSHN) မှ ပြောရေးဆိုခွင့်ရှိသူ မဆောင်းက “ကျမတို့ ကျိုက်ထိုရဲ့ စီးပွားရေးအခြေအနေက ကျိုက်ထီးရိုးဘုရားကို မှီခိုနေတာဆိုတော့ စစ်ကော်မရှင်အနေနဲ့လည်း ဘုရားဖူး ပြည်သူတွေ အပေါ် အတင်းအကျပ် စစ်ဆေးနေတာတွေတော့ မရှိပါဘူး။ အဓိက က without ကား၊ ဆိုင်ကယ် တွေ ဖမ်းပြီး စစ်တယ်။ ရွေးကောက်ပွဲတွက် မဲဆွယ်ဖို့ လုံခြုံရေးအပြည့်ချတာတွေတော့ ရှိပါတယ်” ဟု ပြော သည်။
မွန်ပြည်နယ် ဝန်ကြီးချုပ်က ခရီးသွားလာမှုကို အားပေးနေသည့်ကြားမှ စစ်ကော်မရှင်၏ တင်းကျပ်သော စစ်ဆေးမှုနှင့် ဖမ်းဆီးကန့်သတ်မှုများကြောင့် ပြည်သူများ၏ သွားလာရေး လွတ်လပ်မှုနှင့် နိုင်ငံသား အခွင့် အရေးများ ခြိမ်းခြောက်ခံနေရသည်ဟု လူ့အခွင့်အရေးလှုပ်ရှားသူများက ထောက်ပြလျက်ရှိသည်။







