ဖလမ်းမြို့သို့ဦးတည်ချီတက်လာသည့် စစ်ကော်မရှင်တပ်စစ်ကြောင်းက ဒေသခံ ၁၂ ဦးကို ဖမ်းဆီး

ဖလမ်းမြို့သို့ဦးတည်ချီတက်လာသည့် စစ်ကော်မရှင်တပ်စစ်ကြောင်းက ဒေသခံ ၁၂ ဦးကို ဖမ်းဆီး

ချင်းပြည်နယ်၊ ဖလမ်းမြို့ကိုဦးတည် စစ်ကြောင်းထိုးနေသည့် စစ်ကော်မရှင်တပ်စစ်ကြောင်း က ဒေသခံ ၁၂ ဦးကိုဖမ်းဆီးပြီး လေကြောင်းမှဗုံးကြဲကာ ဆက်လက်တိုးလာနေကြောင်း ဒေသခံထံက သိရသည်။

တီးတိန်မြို့မှဆင်းလာသည့် စစ်ကြောင်းနှင့် ကလေး-သိုင်းငင်းလမ်းမှ စစ်ကြောင်းတို့ပူးပေါင်းပြီး ဖလမ်း မြို့ဘက် အင်အား ၃၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာရာ ဘွာလ်ခွားကျေးရွာကို ဒီဇင်ဘာလ ၇ ရက်နေ့က ဝင်ရောက်စီးနင်းပြီး ဒေသခံ ၁၂ ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

“အဖမ်းခံရတာ အမျိုးသမီးနှစ်ယောက်နဲ့ အမျိုးသား ၁၀ ယောက်ပါ။ အခုထိ ပြန်မလွတ်လာသေးဘူး၊ စစ်ကြောင်းနဲ့ပါသွားတယ်လို့ ယူဆရတယ်။ အားလုံး အဆက်အသွယ်ပြတ်နေတယ်” ဟု အမည်မဖော် လိုသည့် ဒေသခံက ယနေ့(ဒီဇင်ဘာ ၁၀ ရက်)တွင် မဇ္ဈိမကိုပြောသည်။

အဆိုပါစစ်ကြောင်းသည် ကလေး-သိုင်းငင်းလမ်းမှ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် စတင် စစ်ကြောင်းထိုး လာခြင်းဖြစ်ပြီး ဖလမ်းမြို့နယ် ဗားလုံ၊ ခွန်းမွာလ်၊ ဖိုင်ဇောလ်ကျေးရွာများကိုဖြတ်ကျော်ပြီး ဖလမ်းမြို့နှင့် လမ်းမအတိုင်း မိုင် ၅၀ ခန့်ဝေးကွာသော ဘွာလ်ခွါးရွာကို ရောက်ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ စစ်ကြောင်းသည် ဆက်လက်၍ တိုးလာနေပြီး ခွာလီ ၊ရဲမ်ဆင်း ရွာဘက်က ဒေသခံများ စစ်ဘေး တိမ်းရှောင်နေကြောင်းသိရသည်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်းနှင့် မကွေးတိုင်း ၊ ဂန့်ဂေါမြို့နယ်မှတဆင့် ဖလမ်းမြို့နယ်အတွင်း ဝင်ရောက်လာသော စစ်ကြောင်းသည် ဝေဘူလမြို့ကိုထိန်းချုပ်ပြီးနောက် မဏိပူရမြစ်ဘေးကိုခြေကုတ် ယူက ဖလမ်းမြို့နယ်ဘက်သို့ ဆက်လက်ချီတက်လာနေကြောင်း သိရသည်။

အဆိုပါစစ်ကြောင်းသည် ဖလမ်းမြို့နှင့် မိုင် ၂၀ ကျော်ဝေးသော Sumhrang ရွာအနီးရောက်ပြီး လမ်းမတ လျောက်ရှိကျေးရွာများကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ချင်းတပ်ဖွဲ့ စစ်ရေးသတင်းရင်း မြစ်ကပြောသည်။

“Y 12 နဲ့ ဗုံးအလုံး ၆၀ ကျော်ချတယ်။ လူအထိအခိုက်တော့မရှိဘူး၊ အဆောက်အဦပျက်စီးတာတွေတော့ ရှိတယ်” ဟု ၎င်းက ဆိုသည်။

ဖလမ်းမြို့ တပ်ကုန်း၊ ရိဒ်လမ်းခွဲ၊ လုံပီရပ်ကွက်၊ မန်းခဲန်းက ဘုရားကျောင်းနှင့် စာသင်ကျောင်းများ အပါအဝင်၊ Thiphir , Sumhrang , Lungpi ၊ Thanhniarနှင့် လိုင်းဇိုကျေးရွာများကို ဒီဇင်ဘာလ ၉ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်မှ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အကြားတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကလေး-သိုင်းငင်းလမ်းမှ စစ်ကြောင်းထိုးလာသည့်စစ်ကော်မရှင်တပ်သည် စစ်ဘေးရှောင်တဦးကိုသတ် ဖြတ်ခဲ့ပြီး ၎င်းတို့ထောင်ထားသည့်မိုင်းကြောင့် စစ်ဘေးရှောင် တဦးသေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ကလေးမြို့မြောက်ပိုင်း၊ သာယာကုန်းရွာမှ ဖလမ်းမြို့နယ် ဖိုင်ဇောလ်ရွာကို စစ်ရှောင်လာသည့် ဦးခရစ် နွန်ထန်း (၃၈ နှစ်)သည် ဒီဇင်ဘာလ ၈ ရက်နေ့တွင် ယင်းရွာသို့ စစ်ကြောင်းရောက်လာသဖြင့် ထပ်မံရှောင် တိမ်းရာ Arti Tlang လမ်းမအကွေ့တွင် စစ်ကော်မရှင်တပ်များက ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အတူ ကလေးမြို့၊ နန်းချောင်းကျေးရွာမှ ဖလမ်းမြို့နယ်အတွင်းစစ်ဘေးရှောင်လာသူ ကိုကျော်စိုးလင်း (၂၃ နှစ်) သည် ဒီဇင်ဘာ၇ရက်နေ့က စစ်ကော်မရှင်ထောင်ထားသည့် မိုင်းနင်းမိပြီး ဒီဇင်ဘာလ ၈ ရက်နေ့ တွင် သေဆုံးခဲကြောင်းသိရသည်။

ဖလမ်းမြို့ကို စစ်ကော်မရှင်တပ်က စစ်ကြောင်းနှစ်ကြောင်းထိုးလာရာ ချင်းညီနောင်(CB) နှင့် ချင်းလဲန်း ကောင်စီ (CC)တပ်ဖွဲ့များကခုခံတိုက်ခိုက်လျက်ရှိပြီး မြို့နယ်အတွင်းမှ စစ်ဘေးရှောင် ၂၀,၀၀၀ ကျော်အတွက် စားနပ်ရိက္ခာ၊ အမိုးအကာနှင့် ဆေးဝါးများ အရေးပေါ်လိုအပ်လျက်ရှိကြောင်း အကူအညီပေး ရေး အဖွဲ့အစည်းများ ပြောကြားထားသည်။

Most read this week

December 9, 2025
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အနောက်မြောက်ခြမ်းတွင် စစ်ကြောင်းထိုးနေသည့် စစ်ကော် မရှင်တပ်က...
December 9, 2025
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အနောက်မြောက်ခြမ်းတွင် စစ်ကြောင်းထိုးနေသည့် စစ်ကော် မရှင်တပ်က...
December 4, 2025
မြဝတီမြို့နယ်တောင်ဘက်၊ ဖလူး၊ မင်းလက်ပံဒေသအနီးတဝိုက်တွင် စစ်ကော်မရှင်တပ်နှင့် ကရင်အမျိုးသား...
December 3, 2025
အာဏာသိမ်း စစ်ကော်မရှင်တပ်နှင့် မြန်မာတော်လှန်‌ရေးအင်အားစုများကို အင်ဒိုနီးရှားက...