ကျောက်မဲမြို့နယ် SSPP တပ်စခန်းအနီး စစ်ကော်မရှင်တပ် ထိုးစစ်ဆင်၊ တိုက်ပွဲပြင်းထန်

ကျောက်မဲမြို့နယ် SSPP တပ်စခန်းအနီး စစ်ကော်မရှင်တပ် ထိုးစစ်ဆင်၊ တိုက်ပွဲပြင်းထန်

သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအနီးရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်စခန်းအနီး စစ်ကော်မရှင်တပ် မြေပြင် ထိုးစစ်ဆင်ခဲ့ခြင်းကြောင့် နှစ်ဘက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

ယနေ့ (နိုဝင်ဘာလ ၂၉ ရက်) နေ့လယ် ၁ နာရီကျော်ခန့်မှ စတင်ပြီး ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စု တောတွင်းတစ်နေရာရှိ SSPP တပ်စခန်းအနီးသို့ စစ်ကော်မရှင်တပ်မှ မြေပြင်ထိုးစစ်ဆင် ဝင်ရောက်လာခြင်းကြောင့် နှစ်ဘက်ထိတွေ့တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ကြောင်း ကျောက်မဲဒေသခံများက ပြောသည်။

“ဒီနေ့လယ်က ဖြစ်တာ၊ ပုံဝိုးဘက်ကို စစ်တပ်က စစ်ကြောင်းထိုးလာပြီး သေနတ်ပစ်သံ ကြားတာပဲ။ တချို့ပြောတာလည်း တောင်ထိပ်ဘက်က တောထဲမှာ လုပ်ထားတဲ့ ကျားဖြန့်ရုံကို စစ်တပ်က ဝင်ပစ်တာလို့လည်း ပြောကြတယ်။ စစ်တပ်က ရှေ့ရက်က ရပ်စောက်ဘက်ကနေ ကူးလာတာ” ဟု ကျောက်မဲမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျောက်မဲမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲနှင့် ပတ်သက်၍ ယနေ့ နေ့လယ်ပိုင်းတွင် စစ်ကော်မရှင်တပ် အင်အား (၁၀၀) ဝန်းကျင်သည် SSPP တပ်စခန်းတည်ရှိရာ ပုံဝိုးကျေးရွာအနီး တောတွင်းတစ်နေရာတွင် ထိုးစစ်ဆင် ဝင်ရောက်လာခြင်းကြောင့် နေ့လယ် ၃ နာရီခန့်အထိ နှစ်ဘက်ထိတွေ့တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ရကြောင်း SSPP Info မှ သတင်းထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်မှ မြေပြင်စစ်ကြောင်းနှင့် ဒရုန်းများ အသုံးပြု၍ တိုက်ခိုက်နေကြောင်း SSPP ထုတ်ပြန်ချက်တွင် ထည့်သွင်းရေးသားထားသည်။

ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားရသည့် အကြောင်းရင်းနှင့် နှစ်ဘက်တပ်ဖွဲ့ ထိခိုက်မှု ရှိ မရှိ မေးမြန်းအတည်ပြုနိုင်ရန် SSPP ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းဖုန်းဟန်ထံ သျှမ်းသံတော်ဆင့်မှ ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပါ။

ယခုလ နိုဝင်ဘာလ (၈) ရက်မှ (၁၃) ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် SSPP ၏ ပဉ္စမအကြိမ်မြောက် ပါတီကွန်ဂရက် အစည်းအဝေးကြီးတွင် ရလဒ်(၅) ချက် ထုတ်ပြန်ခဲ့ရာ ၎င်းတို့ထိန်းချုပ်နယ်မြေ၊ အိမ်နီးချင်းနိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံများနှင့် နိုင်ငံတကာ လူမှုအသိုင်းအဝိုင်း အကျိုးစီးပွားကို ထိခိုက်စေသည့် အွန်လိုင်းငွေကြေး လိမ်လည်မှုများ မရှိစေရေးနှင့် မူးယစ်ဆေးဝါး ကင်းစင်ပပျောက်ရေးတို့ကို အထူးကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့အတူ နိုဝင်ဘာလ (၃) ရက်တွင်လည်း SSPP/SSA ထိန်းချုပ်နယ်မြေအတွင်း ကျားဖြန့်လုပ်ငန်းနှင့် မပတ်သက်ရန် အောက်ခြေတပ်သားများကို အမိန့်စာ ထပ်မံထုတ်ပြန်ခဲ့ရာ အကယ်၍ ကျားဖြန့်လုပ်ကိုင်သူများကို လက်ခံထားပါက (၇) ရက်အတွင်း ဖယ်ရှားရန် သတိပေးထားသည်

Most read this week

Photo credit - CJ
December 4, 2025
သျှမ်းပြည်မြောက်ပိုင်း သီပေါ-လားရှိုး ဆက်သွယ်ထားသည့် သီပေါတံတားကြီးကို စစ်ကော်မရှင်တပ်နှင့်...
December 3, 2025
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး ၅ နှစ်ကြာခဲ့ပြီးနောက် စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်သည်...
Photo credit - CJ
November 28, 2025
သျှမ်းပြည် သိန္နီမြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ ဒေသခံစိစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်းများ...