သာသနာနွယ်ဖောင်ဒေးရှင်း ဆရာတော်နှင့် ကပ္ပိယ နှစ်ဦးကို မုပွန်နယ်မြေရဲစခန်းတွင် ဖမ်းဆီးစစ်ဆေးနေ

သာသနာနွယ်ဖောင်ဒေးရှင်း ဆရာတော်နှင့် ကပ္ပိယ နှစ်ဦးကို မုပွန်နယ်မြေရဲစခန်းတွင် ဖမ်းဆီးစစ်ဆေးနေ

စစ်ကော်မရှင်အဖွဲ့စုံမှ ယမန်နေ့ နိုဝင်ဘာ ၂၇ ရက်နေ့ ညနေပိုင်းက မော်လမြိုင်မြို့၊ တောင်ဝိုင်းရပ်၊ ဇေတဝန် ကျောင်းဝင်းအထိ ဝင်ရောက်ဖမ်းဆီးခဲ့သည့် သာသနာနွယ်ဖောင်းဒေးရှင်း ဆရာတော် အရှင်စန္ဒာဇောတိနှင့် ကပ္ပိယနှစ်ဦးကို မုပွန်နယ်မြေရဲစခန်း၌ စစ်ဆေးမှုပြုလုပ်နေကြောင်း စစ်ကော်မရှင်အဖွဲ့နှင့် နီးစပ်သူများမှ သိရသည်။

သာသနာနွယ်ဖောင်းဒေးရှင်း ဆရာတော် အရှင် စန္ဒာဇောတိကို တောင်ဝိုင်းတောင်ကို စစ်ကော်မရှင်က ဖြိုချနေသည့် ကိစ္စနှင့်ပတ်သတ်၍ သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်ကြောင်း အွန်လိုင်းမှတစ်ဆင့် ထောက်ပြပြောဆိုမှုကြောင့် ယမန်နေ့ ညနေပိုင်းက စစ်ကော်မရှင်လက်အောက်ခံအဖွဲ့စုံမှ ဘုန်းကြီးကျောင်းဝင်းအထိ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

မွန်ပွန်ရဲစခန်းတွင် စစ်ဆေးခံနေရစဉ် ဆရာတော်နှင့် နီးစပ်သူ မည်သူတစ်ဦးတစ်ယောက်မှ တွေ့ဆုံခွင့်မပြုသဖြင့် အဆက်သွယ်ပြတ်တောက်နေကြောင်းလည်း သိရသည်။

"အွန်လိုင်းမှာရေးသားထားတာရော၊ တရားပွဲတွေမှာ တောင်ဝိုင်းတောင်မှာရှိတဲ့မြေကြီးတွေ ဖြိုလိုက်ရင် တောင်တွေက မာကျောမှုမရှိပဲနဲ့ ဘုရားတွေ စေတီတွေ ပျက်စီးအောင်လုပ်နေတယ်ဆိုပြီးပြောဆိုနေတဲ့အတွက် မနေ့က ညနေ ၄ နာရီဝန်းကျင်မှာ ဖမ်းခေါ်သွားတယ်။ အမှန်တော့ ဆရာတော်က အမှန်တရားပြောတာပဲ။" ဟု ဆိုသည်။  

မော်လမြိုင်မြို့ခံတို့၏ ပြောဆိုချက်အရ ဖမ်းဆီးခေါ်ဆောင်ခံရသည့် သာသနာနွယ်ဖောင်းဒေးရှင်း ဆရာတော် အရှင်စန္ဒာဇောတိသည် မွန်ပြည်နယ်ဝန်ကြီးချုပ်အဖွဲ့နှင့် ဆက်ဆံရေးကောင်းမွန်သူဖြစ်သဖြင့်  မကြာမီတွင် ခံဝန်ကတိဖြင့် ပြန်လည်လွတ်မြောက်လာနိုင်ကြောင်း ပြောဆိုကြသည်။

"ပြစ်မှုကြီးကြီးမားမားနဲ့ ဆရာတော်က ထောင်မကျနိုင်ဘူးလို့ ကျနော်ထင်တယ်။ ဒါမဲ့ ခံဝန်တွေ ဘာတွေ လုပ်ပြီးတော့ နောင်အခါ မပြောမဆိုဖို့ ဝင်မရှုပ်ဖို့ကိုတော့ ခံဝန်တွေထိုးပြီးတော့ လွတ်ကောင်း လွတ်နိုင်မယ်လို့ ကျနော်မြင်တယ်။" ဟု ဆိုသည်။

ဆရာတော် အရှင် စန္ဒာဇောတိသည် သာသနာနွယ်ဖောင်ဒေးရှင်းကို ဦးဆောင်သူဖြစ်ပြီး လူငယ်များ၏ ပညာရေး၊ လူမှုရေးနှင့် ဘေးဒုက္ခတစ်စုံတစ်ရာအတွက် ကူညီကယ်ဆယ်ရေးများကို ကူညီလုပ်ဆောင်နေကြောင်းလည်း သိရသည်။

မြို့ခံများအကြား စိုးရိမ်မှုမြင့်တက်နေသည့် တောင်ဝိုင်းတောင်မှ မြေဖြိုချမှုလုပ်ငန်းနှင့်ပတ်သတ်ပြီး ပြည်နယ်အစိုးရအဖွဲ့က တောင်မြေ၊ ကျောက်များကို မြို့သစ်စီမံကိန်းနှင့် လေဆိပ်သစ်စီမံကိန်းတို့အတွက် မြေဖို့ရာတွင် အသုံးပြုနေကြောင်းလည်း မြို့ခံများက ပြောသည်။

စစ်ကော်မရှင်ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် နိုဝင်ဘာလဆန်းပိုင်းမှစပြီး စက်ယန္တရားအများအပြား အသုံးပြုကာ မြေသယ်ကားများဖြင့် တစ်ရက်လျှင် အခေါက် ၂၀၀ နီးပါးအထိ နေ့စဉ်သယ်ယူနေကြသည်။

နှစ်စဉ်ခရီးသွားရာသီတွင် တောင်တက်သူများ၊ လာရောက်အပန်းဖြေသည့် မြို့ခံများ၊ အနယ်နယ်အရပ်ရပ်မှ ခရီးသွားဧည့်သည်များဖြင့် နွေ၊ မိုး၊ ဆောင်း စည်ကားနေသည့် မော်လမြိုင် တောင်ဝိုင်းတောင်သည် မော်လမြိုင်မြို့၏ အလှကျက်သရေဆောင်ဖြစ်သလို သဘာဝဂေဟစနစ်အတွက် အလွန်အရေးပါသည့် နေရာတစ်ခုဖြစ်သည်။

April 21, 2026
မွန်ပြည်နယ်၊ ရေးမြို့ အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်( စကခ ၁၉)...
April 20, 2026
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ နောင်ဘိုကျေးရွာအုပ်စု၊ အကောင်းကြိုက်ဆိုင်အနီး ရန်ကုန် -...
ပုံ-Nay Naw(facebook)
April 11, 2026
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် မြဝတီ-ကော့ကရိတ်-ဘားအံ...
April 10, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ထင်းရူးကျေးရွာရှိ စစ်တပ်စခန်းကို ရာမညမွန်တပ်တော် (RMA) နှင့်...