ရွာငံဒေသခံများကို ရွေးကောက်ပွဲထောက်ခံပွဲ အင်အားပြရန် USDP စည်းရုံးဖိအားပေးနေ

ရွာငံဒေသခံများကို ရွေးကောက်ပွဲထောက်ခံပွဲ အင်အားပြရန် USDP စည်းရုံးဖိအားပေးနေ

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်တွင် စစ်ကော်မရှင် ဦးစီးပြုလုပ်မည့် ရွေးကောက်ပွဲကို ထောက်ခံကြောင်း အင်အားပြပွဲ ပြုလုပ်ရန် USDP ကြံ့ခိုင်ရေးပါတီဝင်များက ဒေသခံများကို လိုက်လံစည်းရုံး နေကြောင်း သတင်းရရှိသည်။

စစ်ကော်မရှင် ဦးစီးကျင်းပမည့် ရွေးကောက်ပွဲအား ရွာငံမြို့နယ် ဒေသခံများအနေဖြင့် ထောက်ခံကြောင်း အင်အားပြရန် တစ်အိမ်လျှင် တစ်ယောက်နှုန်းဖြင့် ကျောက်ကူပြင်ကျေးရွာ ဘောလုံးကွင်း၌ သွားရောက် စုဝေးရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ပါတီဝင်များက နိုဝင်ဘာလ ဒုတိယပတ်မှ စတင်ကာ စည်းရုံးပြောဆိုနေပြီး ဖိအားပေး ခိုင်းစေမှုများပါ ရှိနေကြောင်း ဒေသခံများက ပြောသည်။

“တစ်အိမ် တစ်ယောက်နှုန်းနဲ့ အင်အားသွားပြရမယ်လို့ လာပြောသွားတယ်။ မသွားရင် နာမည်စာရင်း မှတ်ထားပြီး တခြားကိစ္စတွေ အာမ,မခံဘူးလို့ ပြောတယ်။ သူတို့ ခိုင်းတော့လည်း မဖြစ်မနေ သွားရတော့မှာ။ နောက်လ ဒီဇင်ဘာလမှာ အင်အားသွားပြရမယ် ပြောတယ်” – ဟု ကျောက်ကူပြင် ကျေးရွာအုပ်စုမှ ဒေသခံတစ်ဦးက ပြောသည်။

ရွေးကောက်ပွဲ ထောက်ခံပွဲအတွက် အင်အားပြရန် ကြံ့ခိုင်ရေးပါတီဝင်များ ဖိအားပေးခိုင်းစေနေသည့် ကျေးရွာများမှာ ရွာငံမြို့နယ်ရှိ ကျောက်မြောင်း၊ ဒုတ္ထိုးရေ၊ ကျောက်ကူပြင်၊ သိမ်ကုန်းနှင့် တပင်ပျော် ကျေးရွာအုပ်စုဝင်များမှ ဒေသခံများ ဖြစ်ကြောင်း သိရသည်။

စစ်ကော်မရှင် ဦးဆောင်ကျင်းပမည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ ရွေးကောက်ပွဲ ပထမပိုင်းတွင် ရွာငံမြို့နယ် မပါဝင်သေးပေ။ ရွေးကောက်ပွဲ ပထမပိုင်းတွင် ပြည်ထောင်စုတစ်ဝန်းလုံးရှိ မြို့နယ် ၃၃၀ အနက် ၁၀၂ မြို့နယ်သာ ကျင်းပမည်ဖြစ်ပြီး ထိုအထဲတွင် သျှမ်းပြည်အတွင်း မြို့နယ် ၁၂ မြို့နယ်သာ ပါဝင်သည်။

၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် မြို့နယ် ၁၀၀ ပါဝင်ပြီး၊ ထိုအထဲတွင် သျှမ်းပြည်အတွင်းမှ ရွာငံမြို့နယ်အပါအဝင် စုစုပေါင်း ၁၇ မြို့နယ် ပါဝင်သည်။

အဆိုပါ မြို့နယ်များမှာ တန့်ယန်း၊ မိုင်းရယ်၊ ဆီဆိုင်၊ ကလော၊ ရပ်စောက်၊ ကွန်ဟိန်း၊ မိုင်းပန်၊ မောက်မယ်၊ မိုင်းကိုင်၊ လဲချား၊ မိုင်းခတ်၊ မိုင်းပျဉ်း၊ မိုင်းဖြတ်၊ မိုင်းတုံ၊ မိုင်းယောင်းနှင့် မိုင်းယန်းမြို့နယ်တို့ ဖြစ်ကြသည်။

Photo credit - USDP

June 10, 2026
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်)...
June 9, 2026
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ၊ဟိုပုံးမြို့နယ်၊ ညောင်ရွှေမြို့နယ်နှင့်...
June 8, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် မိုင်းရယ်မြို့နယ်ရှိ ကျေးရွာဘက်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA...
June 6, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် ခရမ်းချဉ်သီးဈေးနှုန်း...