ဒဏ်ရာရနှင့် သေဆုံးရဲဘော်များအတွက် NUG က တာဝန်ယူရန် မူဝါဒ ချမှတ်မည်

ဒဏ်ရာရနှင့် သေဆုံးရဲဘော်များအတွက် NUG က တာဝန်ယူရန် မူဝါဒ ချမှတ်မည်

စစ်အာဏာရှင်စနစ် တော်လှန်ရေးကာလအတွင်း အသက်ပေးလှူခဲ့သည့် ရဲဘော်များ၏ မိသားစုဝင်များ၊ ကိုယ် လက်အင်္ဂါ စွန့်လွှတ်ခဲ့ရသူများနှင့် ထိခိုက်ဒဏ်ရာရသူများအတွက် တာဝန်ယူသွားနိုင်ရန် မူဝါဒများ ချမှတ်သွားမည်ဟု အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) က ထုတ်ဖော် ပြောကြားလိုက်သည်။

လက်ရှိ NUG အစိုးရသာမက အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်ကပါ တာဝန်ယူနိုင်ရေးအတွက် မူဝါဒများ ချမှတ်နေပြီး သီးခြားဥပဒေတစ်ရပ် ပြဋ္ဌာန်းနိုင်ရန်ပါ စီစဉ်လျက်ရှိသည်ဟု ဆိုသည်။

NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က“ကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရတဲ့ ရဲဘော်တွေ အတွက် တစ်သက်စာလုံး၊ တစ်ဘဝစာလုံး ကျန်းမာရေး၊ ပညာရေး၊ အသက်မွေးဝမ်းကျောင်းရေး တို့အတွက် တာဝန်ယူတာဝန်ခံနိုင်ဖို့ မူဝါဒတွေကို ချမှတ်ဆောင်ရွက်နေပါတယ်” ဟု ပြောသည်။

NUG ၏ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ပြုလုပ်ခဲ့သော ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကား ပြောကြား ခြင်း အစီအစဉ်မှတစ်ဆင့် ယခုကဲ့သို့ အသိပေးခဲ့ခြင်း ဖြစ်သည်။

ဦးနေဘုန်းလတ်က “လက်ရှိ အမျိုးသားညီညွတ်ရေး အစိုးရသာမက အနာဂတ်မှာ ပေါ်ပေါက်လာမယ့် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံကပါ တာဝန်ယူတာဝန်ခံနိုင်ဖို့ ဥပဒေတစ်ခု ပြဌာန်းနိုင်ဖို့ကိုလည်း စီစဉ်ဆောင်ရွက် လျက် ရှိပါတယ်” ဟု ပြောသည်။

NUG အနေဖြင့် တော်လှန်ရေးရဲဘော်များ၏ ကုသရေးနှင့် ပြန်လည်ထူထောင်ရေး ကဏ္ဍတွင် ပုံမှန်အားဖြင့် လစဉ် ကျပ်သိန်း ၁,၀၀၀ မှ ၁,၅၀၀ အထိ သုံးစွဲနေသည်ဟု ဦးနေဘုန်းလတ်က ဆိုသည်။

ဦးနေဘုန်းလတ်၏ ပြောဆိုချက်အရ “တော်လှန်ရေးမှာ မြင့်မြတ်စွာ ကျဆုံးခဲ့ရတဲ့ ရဲဘော်တွေရဲ့ မိသားစုဝင် တွေကို တာဝန်ယူစောင့်ရှောက်နိုင်ဖို့ အတွက်လည်း မူဝါဒများ ချမှတ်နေ” သည်ဟု ပြောသည်။

ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) လက်အောက်တွင် ဆေးဝန်ထမ်း ဌာနခွဲကိုလည်း သီးသန့်ဖွဲ့စည်း ထားသည်ဟု ဆိုသည်။

ပြည်တွင်း၌ စစ်ဆေးရုံ ၃၃ ခုနှင့် ဆေးခန်းများ ဖွင့်လှစ်ထားသည့်အပြင် နယ်စပ်ဒေသများရှိ ဆေးရုံများသို့ လွှဲပြောင်းကုသပေးခြင်းနှင့် နိုင်ငံတကာ ကျန်းမာရေးအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက် ရှိသည်ဟု ပြောသည်။

ထို့အပြင် မသန်စွမ်းဖြစ်သွားသည့် တပ်ဖွဲ့ဝင်များအတွက် ခြေတုလက်တုများ တပ်ဆင်ပေးနိုင်ရန် ပြန်လည် ထူထောင်ရေးစင်တာ ၄ ခု ဖွင့်လှစ်ထားပြီး ဒေသအလိုက် လူမှုအခြေပြုအဖွဲ့အစည်းများနှင့်လည်း ချိတ်ဆက်ဆောင်ရွက်နေသည်။

ရုပ်ပိုင်းဆိုင်ရာ ကုသမှုများအပြင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကို သက်သာစေရန် ကာကွယ်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် တော်လှန်အနုပညာရှင်များ ပူးပေါင်း၍ ‘ခွန်အားမျှ’ အမည်ရှိ နှစ်သိမ့်ဆွေးနွေးပညာ ပေးမှုများကိုလည်း ဆောင်ရွက်ပေးလျက်ရှိသည်။

NUG က အသက်ရင်းကာ တိုက်ပွဲဝင်နေကြသည့် ရဲဘော်များအား လေးစားတန်ဖိုးထားကြောင်း ထပ်လောင်း ပြောကြားပြီး ၎င်းတို့၏ လိုအပ်ချက်များကို ဆက်လက် ဖြည့်ဆည်းပေးသွားမည်ဟု ကတိပြုသည်။

ဦးနေဘုန်းလတ်က “အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့ ခေတ်ပြောင်းစနစ်ပြောင်း တော်လှန် ရေးကြီးမှာ အသက်ကို ပဓာနမထားဘဲ ရှေ့တန်းကနေ တော်လှန်တိုက်ပွဲဝင်နေကြတဲ့ PDF တွေ၊ တိုင်းရင်းသား တော် လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ Local Defense Force (LDF) တွေအားလုံးကို အထူးပဲ လေးစားတန်ဖိုးထားပြီး ၎င်းတို့ရဲ့ လိုအပ်ချက်တွေအတွက် တတ်စွမ်းသမျှ ဖြည့်ဆည်းနိုင်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်” ဟု ဆက် ပြောသည်။

တော်လှန်ရေး တပ်ဖွဲ့ဝင်များအား စောင့်ရှောက်မှုပေးခြင်းသည် လက်ရှိပဋိပက္ခတွင် အလွန်အရေးကြီးသော ကဏ္ဍ တစ်ခုဖြစ်ပြီး၊ NUG က ယခုကဲ့သို့ တာဝန်ယူမှုသည် ရဲဘော်များ၏ စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်ပြီး တော်လှန်ရေး တည်ငြိမ်ရေးအတွက် အထောက်အကူပြုနိုင်ကြောင်း လေ့လာသူအချို့က သုံးသပ်ကြသည်။

Most read this week

December 23, 2025
ကချင်ပြည်ထဲက မိုးကောင်း၊ ဗန်းမော်နှင့် ဝိုင်းမော်မြို့နယ်တို့တွင် စစ်ကော်မရှင်တပ်နှင့်...
December 22, 2025
ကရင်နီ (ကယား) ပြည်၊ လွိုင်ကော်မြို့တွင် စစ်ကော်မရှင်တပ်က မဲမထည့်မနေရ ဖိအားပေးနေပြီး အတုအယောင်...
December 19, 2025
တနင်္သာရီတိုင်း ပုလောမြို့နယ်အတွင်း CDM ဆရာမ တစ်ဦးနှင့် သူ၏  ခင်ပွန်းတို့ ဓါးဖြင့်...
December 18, 2025
စစ်ကော်မရှင်က ကျင်းပရန် ပြင်ဆင်နေသည့် ရွေးကောက်ပွဲသည် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆက် လက်...