စစ်ကော်မရှင်သည် အတုအယောင် ရွေးကောက်ပွဲကို လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်ပြီး အပိုင်းသုံးပိုင်းခွဲကာ ကျင်းပသွားမည်ဟု ကြေညာထားသည်။
အတုအယောင် ရွေးကောက်ပွဲ အပိုင်း (၁) ကို ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် မြို့နယ် ၁၀၂ မြို့နယ်၌ ကျင်းပသွားမည် ဖြစ်ပြီး အပိုင်း (၂) ကိုလည်း လာမည့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် မြို့နယ် ၁၀၀ မြို့နယ်၌ ကျင်းပသွားမည် ဖြစ်သည်။
အလားတူ အတုအယောင် ရွေးကောက်ပွဲ အပိုင်း (၃) ကို အပိုင်း (၂) အပြီး နှစ်ပတ်ခြားအကြာတွင် ကျင်းပမည်ဟု စစ်ကော်မရှင်၏ ပြောဆိုခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ပြောဆိုထားသည်။
ထို့ကြောင့် အပိုင်း (၃) ကို ၂၀၂၆ ဇန်နဝါရီလ ၂၅ ရက်တွင် ကျန်ရှိသော မြို့နယ် ၇၂ မြို့နယ်၌ ကျင်းပမည်ဟု ခန့်မှန်းထားသည်။
လက်ရှိ စစ်ကော်မရှင် ကျင်းပပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီပေါင်း ၅၇ ပါတီနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၉၅ ဦး စုစုပေါင်း ကိုယ်စားလှယ်လောင်း ၅,၀၀၀ ကျော် ဝင်ရောက် ယှဉ်ပြိုင်မည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
နိုင်ငံရေးပါတီများအနက် နိုင်ငံတစ်ဝန်း ဝင်ပြိုင်မည့် ပါတီ ၆ ခုမှ ကိုယ်စားလှယ်လောင်း ၃,၉၀၈ ဦး၊ တိုင်းနှင့် ပြည်နယ်မှ ဝင်ပြိုင်မည့် ၅၁ ပါတီမှ ကိုယ်စားလှယ်လောင်း ၉၆၀ ဦး၊ တစ်သီးပုဂ္ဂလ ၉၅ ဦး စုစုပေါင်း ၄,၉၆၃ ဦး အမည်စာရင်းတင်သွင်းထားကြောင်း စစ်ကော်မရှင်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာလ ၂၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ထို့အပြင် အမြင့်ဆုံး သေဒဏ်အထိ ချမှတ်နိုင်သော ရွေးကောက်ပွဲဥပဒေ စတင်ပြဋ္ဌာန်းခဲ့သည့် ဇူလိုင်လမှ စတင်၍ အောက်တိုဘာလ ၂၉ ရက်အထိ အမူပေါင်း ၄၀ မှုအတွက် အမျိုးသား ၈၃ ဦးနှင့် အမျိုးသမီး ၅ ဦး စုစုပေါင်း ၈၈ ဦးကို အရေးယူထားကြောင်း စစ်ကော်မရှင်က အောက်တိုဘာလ ၃၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
လက်ရှိ စစ်ကော်မရှင် ကျင်းပပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပြည်သူလုံခြုံရေးအပေါ် ဘယ်လိုခြိမ်းခြောက်ခံနေရလဲ၊ ရွေးကောက်ပွဲ နည်းစနစ်နှင့် ကျင်းပမည့်ပုံစံများနှင့် ရွေးကောက်ပွဲကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေအကြောင်းတို့ကို ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူ ကိုထင် (Spring Sprouts) ကို သျှမ်းသံတော်ဆင့် သတင်းထောက် စိုင်းဟန်လင်းက ဆက်သွယ်မေးမြန်းထားသည်။
မေး။ ။စစ်ကော်မရှင်က လာမယ့် ဒီဇင်ဘာလထဲမှာ ရွေးကောက်ပွဲကျင်းပမယ်လို့ ကြေညာထားတယ်။ အခုလုပ်မယ့် ရွေးကောက်ပွဲမှာ ပြည်သူတွေ မဲပေးကြဖို့ မင်းအောင်လှိုင်ကိုယ်တိုင် ကွင်းဆင်းလှုံ့ဆော် နေတာရှိသလို တစ်ဖက်မှာလည်း တော်လှန်ရေးအဖွဲ့တွေက ရွေးကောက်ပွဲမှာ ပြည်သူတွေ မပါကြဖို့ တားမြစ်ထားတာ တွေ့ရတယ်။ ဆိုတော့ အခုစစ်ကော်မရှင်လုပ်မယ့် ရွေးကောက်ပွဲမှာ ပြည်သူတွေရဲ့ လုံခြုံရေးအပေါ် ဘယ်လိုသက်ရောက်မှု ရှိလာနိုင်မလဲဗျ။
ဖြေ။ ။ စစ်အုပ်စုကတော့ ဥပဒေတွေနဲ့ရော အကြမ်းဖက်မှုနည်းလမ်းတွေကို သုံးပြီးတော့ပါ လူထုကို ဖိနှိပ်မှာ ဖြစ်ပါတယ်။ မကြာသေးခင်ကပဲ ပြုလုပ်ခဲ့ပြီး ပြည်သူ ၃ ထောင်ကျော်ဖြေဆိုခဲ့တဲ့ စစ်တမ်းတခုထဲမှာ ဖြေဆိုသူ ၉၆ ရာခိုင်နှုန်းက ရွေးကောက်ပွဲမှာ မဲမထည့်ဘူးလို့ ဖြေကြပါတယ်။ လူထုက မဲမထည့်ချင်ပါဘူး။ မပါဝင်ချင်ပါဘူး။ တဖက်မှာလည်း စစ်အုပ်စုရဲ့ ဖမ်းဆီးမှု၊ အကြမ်းဖက်မှု၊ စောင့်ကြည့်မှုဆိုတဲ့ ဖိအားတွေကလည်း ရှိနေတော့ မထည့်လို့မရတဲ့ အခြေအနေလည်း ကြုံကောင်း ကြုံရနိုင်ပါတယ်။ တော်လှန်ရေးအဖွဲ့တွေအနေနဲ့ လူထုရဲ့ ဒီအခက်အခဲကို နားလည်ဖို့ လိုပါမယ်။ လူထုရဲ့ လုံခြုံရေးကို ထိခိုက်အောင် လုပ်တဲ့ စစ်အုပ်စုရဲ့ ကျူးလွန်မှုတွေကို မှတ်တမ်းတင်တာ၊ စောင့်ကြည့်တာကို ပိုအာရုံစိုက်ကြဖို့ လိုပါတယ်။
မေး။ ။ စစ်ကော်မရှင်လုပ်တဲ့ အီလက်ထရောနစ် မဲပေးစက်အရ မဲရုံကို လာတဲ့လူတွေကို သိနိုင်တယ်။ အကယ်၍ မဲပေးတဲ့ရက်မှာ ဘယ်သူက မဲသွားထည့်တာ၊ မဲသွားမထည့်တာတို့ဆိုရင် သိနိုင်တဲ့အတွက် ပြည်သူတွေရဲ့ လုံခြုံရေး ဘယ်လောက်အာမခံနိုင်လဲ။ ဒီကိစ္စနဲ့ ဆက်စပ်ပြီး ပြည်သူတွေရဲ့ လုံခြုံရေး စိုးရိမ်မှုတွေက ဘယ်လို ဖြစ်လာမလဲ။
ဖြေ။ ။ အီလက်ထရောနစ်မဲပေးစက်သုံးတာ၊ အဲ့ဒေတာတွေ ဘယ်လိုစီမံခန့်ခွဲမလဲဆိုတာ မသိရတာ၊ PSMS စနစ်ရှိနေတာတွေက လူထုရဲ့ အချက်အလက်တွေကို စစ်အုပ်စုက ချိတ်ဆက်စောင့်ကြည့်ဖို့အတွက် နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ ရေတို လုံခြုံရေးတင်မကပဲ ရေရှည်စုံစမ်းထောက်လှမ်းမှုအောက် ရောက်နေနိုင်တဲ့အထိ အန္တရာယ်ရှိပါတယ်။
မေး။ ။နောက်ပြီး ရွေးကောက်ပွဲတွေကို အပိုင်းလိုက် ဘာကြောင့် ကျင်းပတာလဲဗျ။
ဖြေ။ ။ ရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပါတာက မဲပေးစက်မလုံလောက်တာ၊ နယ်မြေတွေ မစိုးမိုးတာလိုမျိုး လက်တွေ့အခြေအနေတွေနဲ့လည်း ဆိုင်သလို၊ ရွေးကောက်ပွဲတခုနဲ့ တခုကြား ရလဒ်ကို လိုသလို ပြောင်းလဲဖို့ ကြိုးစားနိုင်တာ၊ နယ်မြေမစိုးမိုးတဲ့အခြေအနေကိုလည်း စိုးမိုးနေသယောင် ဟန်ပြလုပ်တာ၊ စစ်ရေးအရ ဖိအားပေးပြီး ရွေးကောက်ပွဲကျင်းပနိုင်ရေးအထိ လုပ်တာတွေလည်း ပါဝင်ပါတယ်။
ဒီလိုအပိုင်းလိုက်လုပ်တာအတွက် ပြည်သူတွေကို အခုထိ အပိုင်း (၃) အထိ စုံအောင် ထုတ်ပြန်နိုင်တာမျိုးတွေ မရှိသေးဘူး။ သူတို့ကိုယ်တိုင်မှာကို စိုးမိုးနိုင်စွမ်း မရေမရာဖြစ်နေသေးတဲ့အနေအထား ဖြစ်နေသေးတယ်လို့ မြင်ရပါတယ်။
မေး။ ။သျှမ်းမြောက်မှာလို ပဋိပက္ခ ဖြစ်နေတဲ့ နေရာတွေမှာ ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စည်းရုံးဖို့ ဘယ်လို အခက်အခဲတွေ ဖြစ်လာနိုင်လဲ၊ လုံခြုံရေးခြိမ်းခြောက်မှုတွေ ဘယ်လို ရှိလာနိုင်လဲ။
ဖြေ။ ။ တချို့နေရာတွေမှာ အရေးပေါ်အခြေအနေကြေညာထားတဲ့ မြို့နယ်တွေမှာ ရွေးကောက်ပွဲ လုပ်ဖို့ရှိပါတယ်။ သျှမ်းမြောက်က ဒေသတွေ ပါဝင်ပါတယ်။ ရွေးကောက်ပွဲလို့ ပြောပေမယ့် အရေးပေါ်အခြေအနေအောက်မှာ ဘာမှ နိုင်ငံသားအခွင့်အရေးတွေ မရပဲနဲ့ ဖြတ်သန်းရမှာပါ။ ကိုယ်စားလှယ်လောင်းရော၊ ပြည်သူရော မထင်ရင် မထင်သလို ဖမ်းဆီးခံရ၊ နောက်ယောင်ခံလိုက်ခံရတဲ့ အခြေအနေတွေနဲ့ ဖြတ်သန်းရမှာ ဖြစ်ပါတယ်။
မေး။ ။ရွေးကောက်ပွဲမှာ မဲသွားမပေးတဲ့ပြည်သူတွေကို အရေးယူလို့ရတဲ့ ဥပဒေရှိလား၊ ပြည်သူတွေအနေနဲ့ ဘယ်လိုပြစ်ဒဏ်တွေ ဘယ်လိုဖိနှိပ်မှုတွေနဲ့ ကြုံလာရနိုင်လဲ။
ဖြေ။ ။ မဲသွားမပေးရင်တော့ တိုက်ရိုက်အရေးယူလို့မရဘူးဆိုပေမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဝေဖန်တယ်ဆိုရင်၊ သူတို့အတွက် အန္တရာယ်ရှိတယ် အမှုလည်း တပ်မရဘူးဖြစ်နေရင် ဆိုက်ဘာလုံခြုံရေးဥပဒေလိုမျိုး VPN သုံးတာနဲ့ ဖမ်းလို့ရတဲ့ ဥပဒေတွေနဲ့ ပုဒ်မတပ်ဖမ်းမှာပါ။
မေး။ ။ အခု အီလက်ထရွန်းနစ် မဲပေးတဲ့ကိစ္စမှာ အဲ့စက်ပိုင်းဆိုင်ရာတွေကို ဘယ်သူက ကူညီပေးတာလဲ ပြောပြလို့ရရင်ပြောပြပေးပါလား။ နောက် အဲ့စက်ပိုင်းဆိုင်ရာတွေက ဘယ်ကုမ္ပဏီတွေ ပါဝင်ပတ်သက်နေလဲဆိုတာရောပေါ့ ဆရာ။
ဖြေ။ ။တကယ်တော့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ နည်းပညာတွေကို သုံးတယ်ဆိုရင် ဒီအချက်အလက်တွေဟာ အလွန်အရေးကြီးတဲ့ အချက်အလက်တွေဖြစ်တဲ့အတွက် လုံခြုံမှုကို အာမခံရသလို၊ ဂုဏ်သိက္ခာရှိဖို့လည်း အာမခံဖို့လိုပါတယ်။ အချက်အလက်တွေကို ဘယ်လိုထိန်းသိမ်းတယ်၊ ဘယ်လိုသုံးတယ်၊ ဘယ်လိုမသုံးဘူးစတာတွေကို အခုက ဘယ်သူမှ မသိနိုင်ပါဘူး။ ဒီအချက်အလက်တွေက ထောက်လှမ်းရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် သုံးလို့ ရနိုင်တဲ့အခြေအနေ၊ သုံးမယ့်အခြေအနေလည်း ဖြစ်နေပါတယ်။ စက်ပိုင်းဆိုင်ရာ နဲ့ပတ်သက်ပြီး ဘယ်ကုမ္ပဏီတွေ ပါဝင်တယ်ဆိုတာ ကျနော်လည်း သေချာမသိရသေးပါဘူး။
မေး။ ။ နောက်ဆုံးအနေနဲ့ ဒီရွေးကောက်ပွဲမှာ လူထုတွေ ဆောင်ရန်၊ ရှောင်ရန် ကိုရော ဆရာအနေနဲ့ ဘာများဖြည့်စွတ်ပြောချင်ပါသလဲ။
ဖြေ။ ။ လူထုကတော့ ရွေးကောက်ပွဲကို မထောက်ခံကြသလို၊ ပါလည်း မပါဝင်ချင်ကြပါဘူး။ စစ်တမ်းတွေအရလည်း မြင်နေကြရပြီးဖြစ်ပါတယ်။ လူထုက အန္တရာယ်ကင်းနိုင်တဲ့အနေအထားနဲ့ အခြေအနေကို ကြည့်ပြီး တုံ့ပြန်ကြမယ်လို့ ယုံကြည်ပါတယ်။ မဲထည့်ရရင်တောင် အများစုက ဖိအားကြောင့် မဲထည့်ရတာဖြစ်တယ်ဆိုတာကိုလည်း နားလည်ပါတယ်။ ဒီကာလမှာ မိမိအခွင့်အရေးနဲ့ အခြားသူတွေရဲ့ အခွင့်အရေးတွေ ချိုးဖောက်ခံရတာ၊ မသမာမှုတွေ ကြုံတွေ့ရတာတွေကို စုပေါင်းမှတ်တမ်းတင်နိုင်ဖို့လိုပါတယ်။ အဲ့အတွက်တော့ လုံခြုံတဲ့ နေရာတွေကို အချက်အလက်တွေ၊ သတင်းတွေ ပေးပို့တာမျိုးကို လုပ်နိုင်ပါတယ်။ လုပ်သင့်ပါတယ်။ ဒါမှ ဒီရွေးကောက်ပွဲအကြောင်း ပြန်ပြောကြတဲ့အခါ ဘယ်သူမဲထည့်ခဲ့တယ်၊ မထည့်ခဲ့ဘူးဆိုတာထက် မသမာမှု၊ လိမ်လည်မှု၊ အခွင့်အရေးချိုးဖောက်မှုတွေကို ဘယ်လိုမှတ်တမ်းတင်နိုင်ခဲ့တယ်ဆိုတာကို ပြန်ပြောနိုင်မယ်။ ဘယ်လိုလိမ်ညာခဲ့တယ်ဆိုတာကို ပြန်ပြောနိုင်ကြမယ်လို့ ထင်ပါတယ်။







