ကျောင်း ဆရာ/မများအား ထောက်ပံ့ရန် ထိုင်းဘတ်ငွေ သန်း ၅၀ အရေးပေါ်လိုအပ်

ကျောင်း ဆရာ/မများအား ထောက်ပံ့ရန် ထိုင်းဘတ်ငွေ သန်း ၅၀ အရေးပေါ်လိုအပ်
Photo credit - (ပုံဟောင်း) ကရင်ဆရာ၊ ဆရာမများအသင်း (KTWG)
Photo credit - (ပုံဟောင်း) ကရင်ဆရာ၊ ဆရာမများအသင်း (KTWG)

ကော်သူးလေဒေသရှိ ကျောင်းဆရာ၊ ဆရာမ ၁ သောင်းကျော်အတွက် ထောက်ပံ့ကြေးပံ့ပိုးရန် ထိုင်းဘတ်ငွေ သန်း ၅၀ အရေးပေါ်လိုအပ်နေသည်။

ကရင်ပြည်အတွင်းရှိ ကော်သူးလေဒေသတွင် တာဝန်ထမ်းဆောင်နေကြသည့် ကျောင်းဆရာ၊ ဆရာမများအတွက် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်၏ နှစ်စဉ်ထောက်ပံ့ကြေးများ ပံ့ပိုးပေးနိုင်ရန် အရေးပေါ်ရန်ပုံငွေ ထိုင်း ဘတ်ငွေ သန်း ၅၀ ခန့် လိုအပ်နေကြောင်း ကရင်ပညာရေး အဖွဲ့အစည်းများက ပြောသည်။

ကရင်ဆရာ၊ ဆရာမများအသင်း (KTWG) ၏ Communication and Advocacy တာဝန်ခံ နော်ဖောရှီးဝါးက “ဒီဆရာ ဆရာမတွေက ကော်သူးလေမှာရှိတဲ့ ကျောင်းစုစုပေါင်း ၁,၇၃၈ ကျောင်းရဲ့ ဆရာ၊ ဆရာမတွေ ဖြစ်ပါတယ်။ ကျောင်းသား၊ ကျောင်းသူပေါင်း ၁၄၉,၇၂၀ ကို စာသင်ပေးနေရတဲ့ ဆရာ၊ ဆရာမတွေလည်း

ဖြစ်ပါတယ်။ ဒီစာသင်နှစ်မှာ ဆိုရင် ကျမတို့ KECD နဲ့ KTWG က ဒီဆရာ၊ ဆရာမတွေရဲ့ နှစ်စဉ်ထောက်ပံ့ငွေက ၈၁ သန်းကျော်ကျော်လောက်ပဲ ရှိသေးတယ်ပေါ့နော်။ ဆိုတော့ သန်း ၅၀ လောက် လိုအပ်မှု ရှိနေသေးတယ်။ ရာခိုင်နှုန်းအနေနဲ့ ပြောရမယ်ဆိုရင်တော့ ၄၁ ရာခိုင်နှုန်း လိုအပ်နေသေးတယ်” ဟု ပြောသည်။

ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန (KECD) နှင့် ကရင်ဆရာ၊ ဆရာမများအသင်း (KTWG) တို့၏ အောက်တိုဘာလ ၂၀ ရက်နေ့ ထုတ်ပြန်ချက်အရ ကော်သူးလေဒေသတစ်ဝန်းရှိ ကျောင်းပေါင်း ၁,၇၃၈ ကျောင်းမှ ဆရာ၊ ဆရာမ ၁၀,၈၈၀ ဦးအတွက် တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၁၂,၀၀၀ ဘတ်နှုန်း ပံ့ပိုးရန် ရည်ရွယ်ထားသော်လည်း ရန်ပုံငွေမလုံလောက်မှုနှင့် ရင်ဆိုင်နေရသည်။

ဆရာ၊ ဆရာမများအတွက် နှစ်စဉ်ထောက်ပံ့ကြေး လုံးဝလွှမ်းခြုံနိုင်ရန်အတွက် စုစုပေါင်း ထိုင်းဘတ်ငွေ သန်း ၁၃၀ ဝန်းကျင် လိုအပ်သော်လည်း လက်ရှိတွင် ၅၉ ရာခိုင်နှုန်းသာ ရရှိထားပြီး ကျန်ရှိသည့် ၄၁ ရာခိုင်နှုန်းကို အရေးပေါ်ဖြည့်ဆည်းရန် လိုအပ်နေသည်။

အကယ်၍ လိုအပ်သည့် ရန်ပုံငွေကို အချိန်မီ မရရှိပါက နှစ်စဉ်ထောက်ပံ့ကြေးငွေကို ဆရာ၊ ဆရာမများအားလုံး လွှမ်းခြုံနိုင်စေရန်အတွက် သိသိသာသာ လျှော့ချရမည့် အခြေအနေသို့ ရောက်ရှိနိုင်ကြောင်း KTWG က ပြောသည်။

နော်ဖောရှီးဝါးက “အဲ့ဒီလို လျှော့ချလိုက်ရတဲ့အတွက် ဆရာ၊ ဆရာမတွေရဲ့ motivation (စိတ်ဓာတ်ခွန်အား) ကို သွားပြီး ထိခိုက်စေတယ်။ မိသားစုရဲ့ စားဝတ်နေရေး အခက်အခဲရှိရင် ဆရာ၊ ဆရာမတွေလည်း စာသင်ခန်း ထဲမှာ အပြည့်အဝ အာရုံစူးစိုက်နိုင်မှာ မဟုတ်တော့ဘူး။ ဒါ့အပြင် ဆရာ၊ ဆရာမတွေကို ရေရှည် ဆက်လက် ထိန်းသိမ်းနိုင်ဖို့အတွက်လည်း အခက်အခဲတွေရှိလာနိုင်ပြီး ကလေးတွေရဲ့ ပညာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်”ဟု ပြောသည်။

ကျောင်းဆရာ၊ ဆရာမအများစုမှာ ၎င်းတို့၏ မိသားစု စားဝတ်နေရေး၊ အခြေခံကျန်းမာရေးနှင့် ကလေးပညာရေး တို့အတွက် ဤနှစ်စဉ်ထောက်ပံ့ကြေးငွေကိုသာ မှီခိုနေကြရခြင်း ဖြစ်သည်။

ဘဏ္ဍာရေး အခက်အခဲအပြင် ကုန်ဈေးနှုန်း မြင့်တက်မှု၊ စစ်ကော်မရှင်တပ်၏ စာသင်ကျောင်း၊ ဘုရားကျောင်း၊ နေအိမ်နှင့် ဆေးပေးခန်းတို့ အထိပါ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုများကြောင့် လုံခြုံသည့်နေရာများသို့ ပြောင်းရွှေ့နေရခြင်းစသည့် စိန်ခေါ်မှုများနှင့်လည်း ရင်ဆိုင်နေကြရသည်။

နော်ဖောရှီးဝါးက ယခင်နှစ်များကလည်း ရန်ပုံငွေ မလုံလောက်မှုများ ရှိခဲ့ဖူးသော်လည်း မြို့နယ်နှင့် ခရိုင်များက စားစရိတ်နှင့် ခရီးစရိတ်များကို တတ်နိုင်သမျှ ကူညီခဲ့သည့်အတွက် အဆင်ပြေအောင် စီမံခန့်ခွဲနိုင်ခဲ့ကြောင်း ပြောသည်။

အရည်အသွေးကောင်းသည့် ပညာရေး လည်ပတ်နိုင်ရန်အတွက် ဆရာ/ဆရာမများ၊ သင်ထောက်ကူ ပစ္စည်းများ နှင့် နှစ်စဉ်ထောက်ပံ့ကြေးများ လုံလောက်စွာ ပံ့ပိုးပေးနိုင်ရန် အရေးပေါ်လိုအပ်နေသည့် ရန်ပုံငွေကို ဝိုင်းဝန်း ကူညီပေးကြပါရန် KECD နှင့် KTWG တို့က အလှူရှင်များနှင့် နိုင်ငံတကာအဖွဲ့အစည်းများထံ အလေးအနက် တောင်းဆိုထားသည်။

Most read this week

September 1, 2026
ရခိုင်ပြည် တောင်ပိုင်းရှိ တောင်ကုတ်၊ သံတွဲနှင့် ဂွ မြို့နယ် သုံးခုသို့ စစ်တပ်က...
ဓာတ်ပုံ - APF/ ပုံဟောင်း
September 1, 2026
တနင်္သာရီတိုင်းအတွင်း လက်လွှတ်လိုက်ရသည့် ဆုံးရှုံးနယ်မြေများနှင့် မဟာဗျူဟာကျသည့် ထားဝယ် ရေနက်...
ဓါတ်ပုံ - (AAPP / ၂၀၂၆ ခုနှစ် ရေမွန်မက်ဂ်ဆေးဆေးဆု ရရှိသူ AAPP ပူးတွဲတည်ထောင်သူ ဦးဘိုကြည်)
August 31, 2026
အာရှ၏ နိုဘယ်လ်ဆုဟု တင်စားကြသည့် ၂၀၂၆ ခုနှစ် ရေမွန်မက်ဂ်ဆေးဆေးဆု (Ramon Magsaysay Award) ကို...
ဓာတ်ပုံ - (ဘန်ကောက်သို့ သွားရောက် အလုပ်လုပ်ကိုက်ကြမည့် ကရင်နီစစ်ရှောင်လူငယ်များ / Refugee man)
August 31, 2026
စစ်အာဏာသိမ်းပြီးနောက် ၅ နှစ်အတွင်း ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ခန့် ပြည်ပသို့ ထွက်ခွာသွားခဲ့ရာ...