MNDAA နှင့် စစ်ကော်မရှင်တပ်တို့ကြား တင်းမာမှုဖြစ်ပြီးနောက် သီပေါတံတားကို ဖြတ်သန်းခွင့်ပိတ်

MNDAA နှင့် စစ်ကော်မရှင်တပ်တို့ကြား တင်းမာမှုဖြစ်ပြီးနောက် သီပေါတံတားကို ဖြတ်သန်းခွင့်ပိတ်
Photo credit - CJ
Photo credit - CJ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နှင့် လားရှိုးမြို့ကြားတွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် MNDAA တို့ကြား တင်းမာမှုဖြစ်နေပြီး ယနေ့ (နိုဝင်ဘာ ၁၄ ရက်) နံနက်မှစတင်ကာ သီပေါမြို့အထွက်တံတားကို ဖြတ်သန်းဖွင့်ပိတ်လိုက်ခြင်းကြောင့် သွားလာ၍ မရတော့ကြောင်း ဒေသခံများထံမှ သိရသည်။

လားရှိုးမြို့ဘက်သွားရာ သီပေါမြို့အထွက်ရှိ သီပေါတံတားကို အဝင်ရော၊ အထွက်ပါ ပိတ်ထားခြင်းကြောင့် ခရီးသည်တင်ကားကြီး ကားငယ်များနှင့် ကုန်တင်ကားကြီးများ မြို့တွင်းမြို့ပြင်၌ ရပ်နားစောင့်ဆိုင်းနေကြရကြောင်း ဒေသခံများက ဆိုသည်။

“အဆင်းရောအတက်ရော ပိတ်ထားတယ် ခုမနက်မှာ။ တံတားတဖက်ဆီမှာ ဂိတ်ရှိတယ်။ စစ်တပ်က မြို့ထဲကနေ တံတားထိ။ MNDAA က တံတားအရှေ့ဘက်ခြမ်း။ မြို့ထဲမဟုတ်ဘူး” ဟု ဒေသခံတဦးက ပြောသည်။

“တချို့ကားသမားတွေ မစောင့်နိုင်လို့ လှည့်ပြန်သွားတယ်” ဟု ဒေသခံက ဆိုသည်။

သီပေါမြို့ကို ပြီးခဲ့သည့် အောက်တိုဘာ ၁၇ ရက်နေ့တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထံမှ စစ်ကော်မရှင်တပ်က ပြန်လည်သိမ်းပိုက်ခဲ့ပြီးနောက် သီပေါ-လားရှိုးလမ်းကို သွားခွင့်ပြုခဲ့သည်။

ထို့နောက် ယနေ့ နံနက်တွင်မှ ရုတ်တရက် သွားလာခွင့် ပိတ်လိုက်ခြင်းဖြစ်ကြောင်း ဒေသခံက ပြောသည်။

“လားရှိုးက တကျော့ပြန်ဖြစ်မယ့် သဘောရှိတယ်” ဟု လားရှိုးမြို့ခံတဦးက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၁ ရက်နေ့တွင် လားရှိုးမြို့ ဆင်နှစ်ကောင်ဟိုတယ်၌ စစ်ကော်မရှင်တပ် နှင့် ကိုးကန့်တပ်တို့ကြား တွေ့ဆုံမှုရှိခဲ့ကြောင်း MNDAA နှင့် နီးစပ်သည့် သတင်းရင်းမြစ်ထံမှ သိရသည်။

ဆွေးနွေးမှုရလဒ်မည်ကဲ့သို့ ရှိသည် အတိကျမသိရသော်လည်း ညှိနှိုင်းမှုအဆင်မပြေကြောင်း ဆိုသည်။

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) တွင် ကိုးကန့်တပ်သိမ်းပိုက်ခဲ့သည့် လားရှိုးမြို့ကို တရုတ်၏ ကြားဝင်ပေးမှုဖြင့် စစ်အုပ်စုက ဧပြီလတွင် ပြန်လည်ဝင်ရောက်နိုင်ခဲ့သည်။ သို့သော် လားရှိုးမြို့တွင်းကိုသာ စစ်ကော်မရှင်တပ်က တပ်စွဲထားနိုင်ပြီး မြို့ပြင်ပတ်လည်တွင် MNDAA က ဆက်လက်တပ်ဆွဲထားသည်။

လက်ရှိတွင် MNDAA သည် တရုတ်အစိုးရ၏ ညှိနှိုင်းပေးမှုဖြင့် စစ်ကော်မရှင်တပ်နှင့် အပစ်ရပ်ရန် သဘောတူညီထားသော်လည်း အောက်တိုဘာ ၂၅ ရက်နေ့တွင် ထုတ်ပြန်သည့် MNDAA အပတ်စဉ်(၁) ကေဒါများအလှည့်ကျသင်တန်းဆင်းပွဲတွင် MNDAA စစ်ဦးစီးမှုးချုပ်က လက်ရှိရထားသည့် အပစ်ရပ်စဲမှုသဘောတူညီချက်သည် အဆင့်ဆိုင်ရာ ရလဒ်တခုသာဖြစ်ပြီး နောက်ဆုံးဧကန်သော ငြိမ်းချမ်းရေးမဟုတ်သေးကြောင်း ပြောကြားထားသည်။

June 10, 2026
ပါခွီး — စစ်ခေါင်းဆောင်၏ အိန္ဒိယခရီးစဉ်အတွင်း နယ်စပ်ရှိ လက်နက်ကိုင်များ ရှင်းလင်းရေးနှင့်...
June 9, 2026
ယမင်းဖူးပွင့်အောင် — ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာတွင်...
June 8, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စစ်အုပ်စုက စစ်မှုထမ်းအတွက် ပေါ်တာဆွဲဖမ်းဆီးမှု အရှိန်မြှင့်လာပြီး...
June 6, 2026
ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့် ပူးပေါင်းထားသော တရုတ်ကုမ္ပဏီတခုက...