စစ်ကောင်စီ၏ ရေကြောင်းအန္တရာယ်ကြောင့် သံတွဲ၊ ဂွ၊ ရမ်းဗြဲမြို့နယ်တို့မှ ဒေသခံများမှာ အသက်မွေးဝမ်းကျောင်းအလုပ်တစ်ခုဖြစ်သည့် ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်းကို မလုပ်ကိုင်နိုင်တော့သဖြင့် တစ်နေ့ ထက်တစ်နေ့ ရုန်းကန်ရပိုခက်ခဲလာကြောင်း သိရသည်။
ထိုမြို့နယ်များရှိ ပင်လယ်ပြင်တွင် စစ်ကောင်စီ စစ်သင်္ဘောများ ယခင်ကထက် အတက်အဆင်း ပြုလုပ်နေသည့်အပြင် ကမ်းခြေတစ်လျှောက် ကျေးရွာများအား လက်နက်ကြီးဖြင့် ပစ်ခတ်မှု၊ ငါးဖမ်းသမားများအား ပစ်ခတ်ဖမ်းဆီးမှုများပြုလုပ်နေဟု ဒေသခံများက ပြောသည်။
ထိုကြောင့် ဒေသခံများမှာ အဓိက အားထားနေကြရသော ငါးဖမ်းလုပ်ငန်းကို လုံခြုံရေး စိုးရိမ်ချက်ကြောင့် ပုံမှန်မလုပ်နိုင်တော့သဖြင့် စားဝတ်နေရေး အကျပ်အတည်းကြုံနေကြရသည်။
“သံတွဲပင်လယ်ပြင်မှာ စစ်ကောင်စီ နေဗီတွေ အတက်အဆင်းပြုလုပ်နေတာတွေ တွေ့ရတယ်။ ငါးဖမ်းသမားတွေဆိုလည်း နေဗီတွေက လှမ်းပစ်တာတွေရှိတဲ့အတွက် ကမ်းဝေးအထိ ငါးသွားမဖမ်းရဲဘူး။ ကမ်းနီးမှာပဲ တစ်ပိုင်တစ်နိုင် ငါးဖမ်းနေကြရတယ်” ဟု သံတွဲဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
စစ်ကောင်စီသည် ဂွနှင့် သံတွဲ ပင်လယ်ပြင်တွင် ရေတပ်အင်အားတိုးချဲ့ ဖြည့်တင်းထားပြီး ဂွနှင့် သံတွဲသို့ ရေကြောင်း အတက်အဆင်းပြုလုပ်ကာ လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်လျက်ရှိသည်။
ထိုသို့အခြေအနေများကြောင့် အာရက္ခတပ်တော်က သံတွဲ နှင့် ဂွမြို့အနီးပင်လယ်ပြင်တွင် ည ၆ နာရီမှ နံနက် ၆ နာရီအထိ ညအချိန်ငါးဖမ်းခွင့်ကို အောက်တိုဘာလ ၁၉ ရက်မှစကာ အကန့်အသတ်မရှိ ပိတ်ပင်ထားသည်။
နေ့အချိန်ငါးဖမ်းရာတွင်လည်း ကမ်းဝေးသို့ သွားရောက်ငါးဖမ်းခြင်းမပြုရန်နှင့် စစ်ကောင်စီ နေဗီများကို မြင်တွေ့ပါက ကမ်းအနီးအမြန်ဆုံးဆိပ်ကပ်ကြရန် ဒေသခံ ငါးဖမ်းသမားများကို အသိပေးထားသည်။
“ဂွမြို့နယ်ရဲ့ အဓိက စီးပွားရေးလုပ်ငန်းက ငါးဖမ်း လုပ်ငန်းပေါ့လေ။ ငါးဖမ်းလုပ်ငန်းကို အသက်မွေးလုပ်ငန်းကို မှီခိုပြီးစားသောက်နေရတဲ့အခါကျတော့ လက်ရှိမှာ စစ်ကောင်စီ နေဗီတွေက ငါးဖမ်းသမားတွေကို အကြောင်းမဲ့ ပစ်ခတ်ဖမ်းဆီးတာတွေရှိတဲ့အတွက် ငါးဖမ်းသမားတွေလည်း စိုးရိမ်ပြီး ငါးမဖမ်းရဲကြတော့ဘူး” ဟု ဂွမြို့နယ် စစ်ဘေးရှောင်ပူးပေါင်းအဖွဲ့တာဝန်ခံက ပြောသည်။
ပင်လယ်ကမ်းရိုးတန်းများတွင် အထိုင်ချထားသည့် စစ်ကောင်စီနေဗီများမှ ကမ်းအနီး မြို့၊ ရွာများကို လက်နက်ကြီးပစ်ခတ်မှု မကြာခဏ လုပ်ဆောင်နေသဖြင့် အရပ်သားထိခိုက်သေဆုံးမှုများ ရှိနေသည်။
စစ်ကောင်စီ နေဗီများက အာရက္ခတပ်တော် ထိန်းချုပ်မြို့နယ်များ၏ ပင်လယ်ကမ်းရိုးတန်းတလျှောက် သွားလာလှုပ်ရှားကာ လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်လာခြင်းမှာ ဒေသခံများ၏ လုံခြုံရေးကို ခြိမ်းခြောက်နေမှုဖြစ်ကြောင်း သုံးသပ်နေကြသည်။
“စစ်ကောင်စီကတော့ ရွေးကောက်ပွဲအတွက် ရခိုင်တောင်ပိုင်းမြို့တွေ သံတွဲတို့ ဂွတို့ကို ပြန်လည် ထိုးစစ်ဆင်ဖို့ ကြိုးပမ်းလာနေတာဖြစ်တယ်။ ရေတပ်အင်အားဖြည့်တာတွေ ပြုလုပ်ပြီး နေဗီတွေ အတက်အဆင်းလုပ်ပြီး စစ်အင်အား ပြနေတာဖြစ်တယ်။ လက်နက်ကြီးပစ်ခတ်ပြီး ဒေသခံတွေကို စိတ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်တဲ့ သဘောပေါ့” ဟု စစ်ရေးစောင့်ကြည့်နေသူတစ်ဦးက ပြောသည်။
စစ်ကောင်စီသည် အာရက္ခတပ်တော်ထိန်းချုပ် မြို့နယ်အချို့ကို ပြန်လည်တိုက်ခိုက်သိမ်းပိုက်ရန် ပြင်ဆင်နေကြောင်း စစ်ရေးအကဲခတ်သူတို့က သုံးသပ်ကြသည်။
လက်ရှိတွင် စစ်ကောင်စီက ရခိုင်လက်ကျန်မြို့များဖြစ်သည့် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့နယ်တို့တွင် ရေကြောင်းကိုအသုံးပြုကာ လက်နက်ခဲယမ်းများနှင့်အတူ စစ်အင်အား ဖြည့်တင်းနေကြောင်း သိရသည်။







