ဝက်လက်တွင် စစ်ကြောင်းသုံးကြောင်းဖြင့် စစ်ကြောင်းထိုးနေ၍ ဒေသခံ သောင်းနှင့်ချီ ထွက်ပြေးနေရ

ဝက်လက်တွင် စစ်ကြောင်းသုံးကြောင်းဖြင့် စစ်ကြောင်းထိုးနေ၍ ဒေသခံ သောင်းနှင့်ချီ ထွက်ပြေးနေရ
Photo credit - CJ
Photo credit - CJ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်ကြောင်းသုံးကြောင်း၊ အင်အား အများအပြားဖြင့် စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေသောကြောင့် ကျေးရွာပေါင်း ၂၀ ကျော်မှ ဒေသခံ ၁၅,၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဝက်လက်မြို့နယ် လူထုသပိတ် တိုက်ပွဲဦးဆောင်ကော်မတီမှ တာဝန်ရှိသူတဦးက ပြောသည်။

“ရွှေဘိုဖက်က တကြောင်း၊ စစ်ကိုင်းတပ်မ(၃၃)က စစ်ကော်မရှင်တပ်သားတွေနဲ့ ရွာသာကြီး ပျူစောထီး တွေပူးပေါင်းထားတဲ့စစ်ကြောင်းက နှစ်ကြောင်းဖြန့်ပြီး စစ်ကြောင်းထိုးနေလို့ ဒေသခံတွေတိမ်းရှောင်နေ ကြရတာပါ”ဟု ပြောသည်။

စစ်ကော်ရှင်တပ်သည် နိုဝင်ဘာလ ၅ ရက်နေ့မှစတင်ကာ ရွှေဘိုမြို့နယ်ဖက်ခြမ်းမှ စစ်ကြောင်းထိုးဝင် ရောက်လာပြီး ဝက်လက်အနောက်ခြမ်း ရွာသာကြီး ပျူစောထီးရွာမှစစ်ကြောင်းသည်လည်း အနီးအနား ရှိကျေးရွာများကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခြင်နေခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

“ရွှေဘိုဖက်ကလာတဲ့ စစ်ကြောင်းက နှောပင်၊ ဇီးတောနဲ့ လုံးတော်ရွာတွေကို မီးရှိုတယ်။ ရွာသာကြီးက လာတဲ့စစ်ကြောင်းက ထုံးဘိုနဲ့အနီးအနားကျေးရွာတွေကို တောက်လျှောက်မီးရှို့နေတာ”ဟု ပြောသည်။

ယနေ့(နိုဝင်ဘာ ၁၀ ရက်) မွန်းလွဲပိုင်းတွင်လည်း ရွာသာကြီးမှ စစ်ကော်မရှင်တပ်သားနှင့် ပျူစောထီး ပူး ပေါင်းအင်အား ၄၀ ခန့်ဖြင့် ဂဒူးရွာနှင့် သူဌေးကုန်းရွာဘက်သို့ စစ်ကြောင်းနှစ်ကြောင်းခွဲပြီး ပစ်ခတ်ဝင် ရောက်နေကြောင်း ဒေသတွင်းအဖွဲ့အစည်းများထံမှ သိရသည်။

“ရွာသာကြီးက အထိုင်အင်အားနဲ့ စစ်ကိုင်းဖက်ကလာတဲ့ စစ်ကြောင်းနဲ့ပေါင်းပြီး အနီးအနားက ရွာတွေကို စစ်ကြောင်းထိုးမီးရှို့နေတာ” တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးကပြောသည်။

ယင်းသို့ မြို့နယ်အတွင်း လှည့်ပတ်စစ်ကြောင်းထိုးနေသည့်အတွက် ရွာတော်ကုန်း၊ တမာကုန်း၊ ထုံးဘို၊ သရက်ကြီး၊ လိန်ပင်မူးကြီး၊ ပင်းဇင်း၊ လှတော၊ ကျီးကန်၊ မဲကုန်း၊ မောက္ကဒီး၊ နှမ်းကြီး၊ လှည်းဦးကြီး၊ ရွှေကျင်၊ ရေထွက်၊ မောက်ကြိုး၊ သားနား၊ စိုင်နိုင်ကြီး၊ စိုင်နိုင်လေး၊ ဘုန်းဘွဲ့ စသည့် ကျေးရွာများမှ သောင်း နှင့်ချီသောပြည်သူများ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း ဝက်လက်မြို့နယ် လူထုသပိတ် တိုက်ပွဲဦးဆောင်ကော်မတီ ထံမှသိရသည်။

“စစ်ဘေးရှောင်ပြည်သူတွေအတွက် ဆန်ဆီအပြင် အမိုးအကာ၊ အဝတ်အထည်နဲ့ ဆေးဝါးတွေ လိုအပ် နေပါတယ်” ဟု ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီမှ တာဝန်ရှိသူတဦးက ပြောသည်။

ဝက်လက်မြို့နယ်အတွင်း လှည့်လည်စစ်ကြောင်းထိုးနေသည့် စစ်ကော်မရှင်တပ်ကို တော်လှန်ရေးတပ်ဖွဲ့ များကလည်း ကြားဖြတ်တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။

နိုဝင်ဘာလ ၆ ရက်နေ့က ရွာသာကြီးအထိုင်စခန်းမှထွက်လာသည့် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက် ခဲ့ရာ စစ်ကော်မရှင်တပ်သား ၁၇ ဦး သေဆုံးခဲ့ပြီး အလောင်းများကိုပင်ပြန်မကောက်နိုင်ဘဲ ဝက်လက်မြို့ ပေါ်သို့ဝင်ရောက်သွားကြောင်း ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့ကထုတ်ပြန် အသိပေးထားသည်။

April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...