စစ်ကြောင်းထိုးလို့ လွိုင်ကော်အရှေ့ဘက်ခြမ်းက စစ်ရှောင်အိမ်ခြေ တထောင်ဝန်းကျင် ထပ်ဆင့်တိမ်းရှောင်နေရ

စစ်ကြောင်းထိုးလို့ လွိုင်ကော်အရှေ့ဘက်ခြမ်းက စစ်ရှောင်အိမ်ခြေ တထောင်ဝန်းကျင် ထပ်ဆင့်တိမ်းရှောင်နေရ
Photo credit - CJ
Photo credit - CJ

စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးလာတာကြောင့် ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်းရှိ စစ်ရှောင်စခန်းတနေရာမှာ ခိုလှုံနေကြတဲ့ စစ်ရှောင်အိမ်ခြေ တထောင် ဝန်းကျင်က ဘေးကင်းရာကို ထပ်ဆင့်ရွေ့ပြောင်းနေကြရတယ်လို့ သိရပါတယ်။

စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာသလို လေကြောင်းတိုက်ခိုက်မှုတွေလည်း ပြုလုပ်နေတာကြောင့် အိမ်ထောင်စုရဲ့ သုံးပုံနှစ်ပုံဝန်းကျင်ဟာ ဘေးကင်းရာကို ထပ်ဆင့်တိမ်းရှောင်ကြရတယ်လို့ စစ်ရှောင်ကော်မတီ တာဝန်ရှိသူတဦးက အခုလို ပြောပါတယ်။

“အခု အဓိက ထပ်ရှောင်ရတာက သူတို့(စစ်ကော်မရှင်တပ်) မြေပြင်စစ်ကြောင်း ထပ်ထိုးလာတယ်။ ပြီးတော့မှ ဂျက်ဖိုက်တာတွေနဲ့ လာရောက် ပစ်ခတ်တာတွေ ရှိနေတဲ့အတွက်မို့လို့ နေရာထပ်ပြီး ရှောင်ကြရတာပေါ့နော်။ အရင်က ရှိတဲ့အိမ်ထောင်စု ၁၅၀၀ ဝန်းကျင်မှာ နှစ်ပုံလောက် ထပ်ရှောင်လိုက်ရတယ်။ အိမ်ထောင်စု တထောင် ဝန်းကျင်လောက်ပေါ့နော်” လို့ စစ်ရှောင်ကော်မတီ တာဝန်ရှိသူတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလလယ်မှာကတည်း စစ်ကြောင်းထိုးလာပြီး ဒေသခံတော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့တွေနဲ့ မကြာခဏ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေသလို စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းပစ်ခတ်မှုတွေကြောင့်လည်း စစ်ရှောင်စခန်းက အမျိုးသားတဦးနဲ့ အမျိုးသမီးတဦး ထိခိုက်ဒဏ်ရရှိခဲ့ပါတယ်။

အဆိုပါ စစ်ရှောင်စခန်းမှာ မှီတင်းနေထိုင်လာကြတာဟာ (၄) နှစ်ကျော် ရှိနေပြီ ဖြစ်ပြီး အိမ်ခြေ တထောင့်ငါးရာ ဝန်းကျင် ရှိပါတယ်။

အခုလို ထပ်ဆင့်ရွေ့ပြောင်းတိမ်းရှောင်ကြရတာကြောင့် အခက်အခဲ စိန်ခေါ်မှုများစွာနဲ့ ရင်ဆိုင်နေကြရပြီး အကူအညီတွေလည်း လိုအပ်နေကြတယ်လို့ သိရပါတယ်။

August 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် ဒေါပိုရှေ့ကျေးရွာ၌...
ဓာတ်ပုံ - ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်တစ်ခုသို့ ရောက်ရှိလာသည့် ကရင်နီဒုက္ခသည်များကို တွေ့ရစဉ်/Photo Credit - ณรงค์เวทย์ มหเศรษฐพงษ์ (Facebook)
August 14, 2026
ထိုင်းအစိုးရ အစီအစဉ်ဖြင့် ကရင်နီ ဒုက္ခသည်လူငယ်များ လုပ်ငန်းခွင်အသီးသီး၌ တရားဝင် အလုပ်လုပ်ကိုင်နေ...
August 13, 2026
ကရင်နီပြည် အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းတွင် တစ်လကျော်ကာလအတွင်း ၆ လအရွယ် မိန်းကလေးငယ်...
August 13, 2026
စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ဖြစ်ပွားနေသည့်အတွက် အာဆီယံ နိုင်ငံများအနေဖြင့်...