မြင်းခြံမြို့နယ် လယ်သစ်ကျေးရွာ စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်မှု အုပ်ကြီးအပါ ၈ ဦး သေဆုံး

မြင်းခြံမြို့နယ် လယ်သစ်ကျေးရွာ စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်မှု အုပ်ကြီးအပါ ၈ ဦး သေဆုံး
photo credit - ကိုသက်ကြီး
photo credit - ကိုသက်ကြီး

မန္တလေးတိုင်း မြင်းခြံမြို့နယ် လယ်သစ်ကျေးရွာရှိ စစ်ကောင်မရှင်တပ်သားများနှင့်ပျူစောထီး ပူးပေါင်းဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လယ်သစ်ကျေးရွာ အုပ်ချုပ်ရေးမှူးအပါအဝင် စစ်ကောင်မရှင်ဘက်မှ ရှစ်ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားကြောင်း မြင်းခြံခရိုင်တပ်ရင်း (၇) Zero ပြောက်ကျားတပ်ဖွဲ့ က ယနေ့ (အောက်တိုဘာလ ၅ ရက်)တွင် သတင်းထုတ်ပြန်သည်။

ယမန်နေ့ (နိုဝင်ဘာလ ၄ ရက်)နေ့လယ် ၂ နာရီအချိန်တွင် စစ်ကော်မရှင်၏ စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲကြာချိန် မိနစ် ၂၀ ခန့် ကြာမြင့်ခဲ့ကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။

၎င်းက “ထိပ်တိုက်ဝင်ပစ်တာ ပစ်ပစ်ချင်း သူတို့ဘက်က နှစ်ယောက် သုံးယောက်လောက် ကျသွားတယ် အဲ့မှာ ကစဉ့်ကလျားနဲ့ ဘန်ကာထဲ ဝင်ပြေးတာကိုမှ ရဲဘော် တဦးက RPG နဲ့ ထပ်ဝင်ပစ်တာမှာ ဘန်ကာ တည့်တည့်ထိပြီး ဘယ်သူမှ မလှုပ်နိုင်တော့ဘူး” ဟု ပြောသည်။

ယင်းနောက် စစ်ကော်မရှင်တပ်သားများထံမှ လက်နက်များ ကောက်ယူရန် ကြိုးစားခဲ့သော်လည်း အနီးအနားရှိ ခမရ (၁၅)က ကား ကြီး သုံးစီးဖြင့် စစ်ကူများ ထွက်လာသည့်သတင်းကြောင့် ရဲဘော်များ ပြန်လည်ဆုတ်ခွာလာရကြောင်း ကိုသက်ကြီးက ဆိုသည်။

ယခုတိုက်ခိုက်ခဲ့သည် လယ်သစ်ရွာ စစ်ဆေးရေးဂိတ်တွင် ပျူ၊ ရဲနှင့် စစ်သား အင်အား ၅၀ နီးပါးရှိတတ်ပြီး သွားရောက်တိုက်ခိုက်ချိန်တွင် အင်အား ၂၀ နီးပါးရှိကြောင်း သိရသည်။ တိုက်ခိုက်မှုအတွင်း လယ်သစ်ရွာ၌ နှစ်ပေါင်းများစွာ အုပ်ကြီးအဖြစ် ဆောင်ရွက်နေသည့် စစ်ကော်မရှင်ဒေါက်တိုင် ငမင်း (ခေါ်) ကိုမင်း ဆိုသူပါ သေဆုံးသွားကြောင်း ကိုသက်ကြီးက ပြောသည်။

တိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်ဘက်မှ ရှစ်ဦး ကနဦးသေဆုံး၍ ဒဏ်ရာရသူများထဲမှ နောက်ထပ် သေဆုံးမှုများ ရှိနိုင်ကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ ထံမှသိရပြီး စစ်ကော်မရှင်ဘက်မှ သေဆုံးမှုနှင့် ပတ်သက်၍ မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

လယ်သစ်ရွာ စစ်ဆေးရေးဂိတ်သည် မြင်းခြံ-တံတားဦး-မန္တလေး လမ်းပိုင်းတွင်တည်ရှိပြီး ခမရ (၁၅) နှင့် နှစ်မိုင်ခန့် သာကွာဝေးပြီး စစ်ကော်မရှင်တပ်အတွက် အရေးကြီးသည့် စစ်ဆေးရေးဂိတ် တခုဖြစ်ကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ ထံမှသိရသည်။

“အဲ့ ဂိတ်က သူတို့အတွက် အရေးကြီးလို့ ဂိတ်ကတော့ ဖြုတ်ဖို့မရှိနိုင်ဘူး။ အင်အားတိုးပြီး ဂိတ်ကို ခံစစ်အတွက် ပြန်ပြင်မယ်လို့ပဲ ယူဆပါတယ်” ဟု ကိုသက်ကြီးက ပြောသည်။

တိုက်ခိုက်မှုအပြီးတွင် အနီးအနားကျေးရွာများကို စစ်ကော်မရှင်တပ်က ဝင်ရောက်စီးနင်းပြီး ဒေသခံ များကို ဖမ်းဆီးစစ်ဆေးခြင်း လမ်းသွားလမ်းလာများ စစ်ဆေးခြင်များ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တော်လှန်ရေးတပ်ဖွဲ့ များအနေဖြင့် စစ်ဆင်ရေးမှ ပြန်လည်ဆုတ်ခွာလာချိန်တွင် သတင်းပေး ဒလန်အဖြစ် သေချာအတည်ပြုထားနိုင်သည့် စစ်ကော်မရှင် သတင်းပေး နှစ်ဦးကိုလည်း ဖမ်းဆီးလာနိုင်ခဲ့ပြီး ခရိုင် ပကဖ အဖွဲ့ ထံ အပ်နှံပေးခဲ့ကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ ထံမှသိရသည်။

ယခုတိုက်ခိုက်မှုကို စစ်သူကြီး(ဒေါင်းစစ်သည် – zero – column – 5 – )က စစ်ကြောင်းမှူးအဖြစ်ဆောင်ရွက်ပြီး ရန်ကုန်အကြီးကောင်စစ်ကြောင်း(၁) – ရွှေကန်သားစစ်ကြောင်း(၂)တို့ မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန် ချက်တွင်ဖော်ပြထားသည်။

August 15, 2026
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေစဉ် ကယ်ဆယ်ရေးလှေ...
ဓါတ်ပုံ - စစ်အုပ်စုတပ်၏ ရေယာဉ်အုပ်စုနှင့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ပျက်စီးခဲ့သည့် နေအိမ်များ
August 14, 2026
စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ် ချင်းတွင်းမြစ်ကြောင်းအတိုင်း အထက်ဘက်မှ စုန်ဆင်းလာသည့်...
ဓာတ်ပုံ - (အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်အား တွေ့ရစဉ်)
August 14, 2026
အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို ပြန်လည် ထိန်းချုပ်နိုင်ရေးအတွက် စစ်အုပ်စုတပ်က...
August 13, 2026
စစ်ဘေးဒဏ်အပြင် ရေဘေးဒဏ်ကိုပါ ထပ်ဆင့်ခံစားနေရသည့် စစ်ကိုင်းတိုင်းအတွင်းမှ ရေဘေးသင့်ပြည်သူ များထံ...