မတ္တရာတွင် စစ်ရှောင်များရှိသည့် စာသင်ကျောင်းကို လေကြောင်းဗုံးကြဲမှု ၁ ဦး သေဆုံး ၅ ဦးထိခိုက်

မတ္တရာတွင် စစ်ရှောင်များရှိသည့် စာသင်ကျောင်းကို လေကြောင်းဗုံးကြဲမှု ၁ ဦး သေဆုံး ၅ ဦးထိခိုက်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ၊ ဝန်တင်ကုန်းကျေးရွာရှိ စစ်ဘေးရှောင်များနေထိုင်ရာ စာသင်ကျောင်း တခု ကို စစ်ကော်မရှင်မတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီးတဦး သေဆုံးပြီး ငါးဦး ထိခိုက် ဒဏ်ရာရရှိသွားကြောင်း Wetlet Informational Network အဖွဲ့ တာဝန်ရှိသူထံက သိရသည်။

အောက်တိုဘာလ ၃၀ ရက်၊ ည ၁၁ နာရီ ၄၅ မိနစ် ဝန်းကျင်အချိန်တွင် တိုက်လေယာဉ်ဖြင့် ကျောင်းကို ပစ်မှတ်ထားပြီး ပေါင် ၅၀၀ ဗုံး တလုံး ကြဲချသွားခြင်းဖြစ်ကြောင်း Wetlet Informational Network တာဝန်ခံ ကိုဒေါင်းက ပြောသည်။

၎င်းက “ကြဲတာက စာသင်ကျောင်းကို ကြဲတာ ဒါပေမဲ့ ဘေးနားက လယ်ကွင်းထဲ ကျတာ အဲ့မှာထွက်လာတဲ့ အစတွေက စာသင်ကျောင်းထဲမှာ အိပ်နေတဲ့ စစ်ရှောင်တွေကိုထိတာ အမျိုးသမီး ငယ်တဦး သေဆုံးသွားတယ်။ ဒဏ်ရာရသူတွေလည်း ရှိတယ်” ဟု ပြောသည်။

သေဆုံးသူအမျိုးသမီးမှာ အသက် ၁၆ နှစ် အရွယ်ဖြစ်ပြီး ဒဏ်ရာရရှိသူ ငါးဦးထဲမှ တဦးမှာလည်း စိုးရိမ်ရသည့် အခြေအနေ ဖြစ်ကြောင်း သိရသည်။ စစ်ဘေးရှောင်များကို ညတွင်းချင်း နေရာပြောင်းရွှေ့ခြင်းနှင့် ကူညီကယ် ဆယ်ရေးများကိုလည်း လုပ်ဆောင်ပေးထားရကြောင်း ကိုဒေါင်းက ဆိုသည်။

မတ္တရာမြို့ နယ်အတွင်းတွင် စစ်ကြောင်းထိုးနေသည့် စစ်ကော်မရှင်စစ်ကြောင်း သုံးကြောင်း ထက်မနည်းရှိနေပြီး တိုက်ပွဲ ဖြစ်ပွားမှုများ ရှိနေသော်လည်း ဝန်တင်ကုန်းကျေးရွာမှာ တိုက်ပွဲ ဖြစ်ပွားခြင်း မရှိသည့် နေရာဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။

စစ်ကော်မရှင်တပ်ဖွဲ့ သည် မတ္တရာမြို့နယ် အရှေ့မြောက်ခြမ်းရှိ MDY-PDF အဖွဲ့က သိမ်းယူထားသည့် အင်ကြင်းမြိုင် လေကြောင်းရန်ကာကွယ်ရေးစခန်းနှင့် ဆည်တော်ကြီး စခန်းကိုတို့ကို ပြန်လည်သိမ်းယူနိင်ရေး စစ်ကြောင်း ထိုးနေကြောင်း သိရသည်။

“စစ်ကော်မရှင်တပ်က အဲ့ စခန်းတွေပြန်လည်ရရှိရေးအဓိကထား စစ်ကြောင်းထိုးနေတယ်။ သူတို့ စထိုး ကာစကတော့ တိုက်ပွဲတွေ တောက်လျှောက် နေ့တိုင်းနီးပါး ရှိတယ်။ အခုတော့ ကာကွယ်ရေးတပ်ဖွဲ့တွေက ဆည်တော်တမံကနေ ထွက်လာတဲ့ ချောင်းမကြီးရဲ့ မြောက်ဘက်မှာ ရောက်သွားပြီး တောင်ဘက်မှာ ကစစ်ကြောင်းတွေ ဖြစ် တဲ့အတွက်ကြောင့် တိုက်ပွဲ ဖြစ်ပွားမှု က လောလော ဆယ် ပြန် ငြိမ် နေပါတယ်” ဟု ကိုဒေါင်းက ပြောသည်။

ယင်းအပြင် မတ္တရာမြို့နယ်အလယ်ပိုင်း ကားလမ်းအတိုင်း တံငါရွာ တောင်ဖက်ကနေ မြောက်ဘက်ကို ဦးတည်နေသည့် စစ်ကြောင်းတကြောင်းနှင့် မတ္တရာနယ်အနောက်ခြမ်း မှာလည်း စစ်ကြောင်းတကြောင်း ရှိနေ ကြောင်း ကိုဒေါင်းက ဆိုသည်။

စစ်ကော်မရှင်တပ်သည် မန္တလေးတိုင်းအတွင်းရှိ ၎င်းတို့ လက်လွှတ်ထားရသည့် မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း မိုးကုတ် စသည့် မြို့နယ်များအားလုံးကို လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ် လုပ်ဆောင်နေသည့်အတွက် ဒေသခံ ပြည်သူများအနေဖြင့် လေကြောင်းရန် ကာကွယ်ရေးအစီအမံတွေကို လိုက်နာဆောင်ရွက်ကြဖို့နှင့် စစ်ရေး သတင်းများကိုလည်း အမြဲမပြတ် နားစွင့်ထားကြဖို့အတွက် တော်လှန်ရေးအင်အားစုများက တိုက်တွန်း ထားကြသည်။

June 11, 2026
မကွေးတိုင်း ပခုက္ကူမြို့နယ် မြစ်ခြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)က ယနေ့ (ဇွန်လ ၁၀ ရက်...
June 10, 2026
ပါခွီး — စစ်ခေါင်းဆောင်၏ အိန္ဒိယခရီးစဉ်အတွင်း နယ်စပ်ရှိ လက်နက်ကိုင်များ ရှင်းလင်းရေးနှင့်...
June 9, 2026
ယမင်းဖူးပွင့်အောင် — ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာတွင်...
June 8, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စစ်အုပ်စုက စစ်မှုထမ်းအတွက် ပေါ်တာဆွဲဖမ်းဆီးမှု အရှိန်မြှင့်လာပြီး...