တနင်္သာရီတိုင်းအတွက် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနေရာ အပြောင်းအလဲပြုလုပ်ကြောင်း ယနေ့ (အောက်တိုဘာလ ၃၀ ရက်)ထုတ် စစ်ကော်မရှင်ထိန်းချုပ်သတင်းစာများတွင် ဖော်ပြထားသည်။
ယခင် တနင်္သာရီတိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းမင်းလတ် နေရာတွင် ဗိုလ်မှူးကြီး သိန်းဇော်မြင့် အား ပြောင်းလဲခန့်အပ်လိုက်ခြင်းဖြစ်သည်။ ယခုအကြိမ်အပါအဝင် စစ်ကော်မရှင်က အာဏာသိမ်းပြီး လေးနှစ်ကျော်ကာလအတွင်း တနင်္သာရီတိုင်းတွင် လေးကြိမ်ထက်မနည်း နယ်လုံဝန်ကြီး အပြောင်းအလဲပြုလုပ်ခဲ့သည်။
ဗိုလ်မှူးကြီး မင်းမင်းလတ် မတိုင်ခင်က ဗိုလ်မှူးကြီးသိန်းလင်း၊ ယင်းမတိုင်ခင်တွင် ဗိုလ်မှူးကြီး သက်စိုး စသဖြင့် အသီးသီးတို့က နယ်လုံဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည်။
စစ်ကော်မရှင်တပ် နယ်လုံဝန်ကြီး အပြောင်းအလဲပြုလုပ်ခြင်းမှာ လက်ရှိ တနင်္သာရီတိုင်းအတွင်း ပြင်းထန်နေသည့် စစ်ရေးအခြေအနေများကြောင့် ဖြစ်မည်ဟု သုံးသပ်ပြောဆိုခြင်းများ ရှိသည်။
“သူတို့ တနင်္သာရီတိုင်းကို ဒီ၂၀၂၅ ခုနှစ်မှာ အင်အားများစွာ တိုးပြီး ပြင်းပြင်းထန်ထန် ဖိလာတာတွေ့ရတယ်။ သူတို့သိတာ အဲ့ဒီဖက် တော်လှန်ရေးတပ်တွေသိပ်ပြီးမလုပ်နိုင်ဘူးလို့၂၀၂၅ မတိုင်ခင်ကအထိအထင်ရှိတယ်။ အခုမြေပြင်မှာ တော်လှန် ရေးတပ်တွေ စစ်ကစားတာတွေ ဗျူဟာမြောက်ပြောက်ကျားစစ်ဆင်ရေးတွေက အဆင့်မြင်လာတယ် သူတို့လျော့မတွက်ရဲတော့ဘူး။ ဒါကြောင့်လည်း သူတို့ တချို့မထင်ရတဲ့နေရာတွေမှာ အတိုက်ခံကြရတာပေါ့ အခုမောင်းမကန်ရဲစခန်းဆို လောင်းလုံမြို့နဲ့နီးနီးပဲလေ မြို့နားအထိလာကြိတ်နေတော့ မကြာမီမြို့ကိုလည်း လုပ်လာနိုင်လို့ သူတို့တော်တော်လန့်နေကြပြီ” ဟု နည်းဗျူဟာ (၃၃) မှ စစ်ဆင်ရေးမှူး စောဒါးကိုက ပြောသည်။
ထို့အပြင် ယခင် လုံနယ်ဝန်ကြီးဖြစ်သည့် ဗိုလ်မှူးကြီးမင်းမင်းလတ်မှာ အရပ်ဖက်ပြောင်းပြီး လာမည့် စစ်ကော်မရှင်တပ် ကျင်းပမည့် ရွေးကောက်ပွဲတွင် တနင်္သာရီတိုင်းလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)၊ အချိုးကျကိုယ်စားပြုစနစ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှတဆင့် ဝင်ရောက် ရွေးကောက်ခံမည်ဖြစ်ကြောင်း သိရသည်။
“အဓိက ရွေးကောက်ပွဲဝင်ပြိုင်ဖို့အတွက် သူ့တိုစိတ်ချရတဲ့လူတွေကို ပါတီအတွင်းထည့်ထားတယ်လို့ မြင်တယ်။ အခုဆို တနိုင်ငံလုံးမှာ ယူနီဖောင်းချွတ် ပုဆိုးဝတ်စေပြီး ကိုယ်စာလှယ် ၅၀၀ လောက်ကို ထည့်ထားလိုက်ပြီ။ သူတို့ အကြမ်းဖက်စစ်အုပ်စုက မျက်နှာ နှစ်မျိုးနဲ့ တိုင်းပြည်ကို အဆုံးထိဆွဲချသွားဖို့ အစီစဉ်တွေ ဖြစ်နိုင်ပါတယ်” ဟု စောဒါးကိုက ဆက်ပြောသည်။
လက်ရှိ တနင်္သာရီတိုင်းအတွင်းရှိ တနင်္သာရီမြို့နယ်၊ ထားဝယ်မြို့နယ်၊ လောင်းလုံးမြို့နယ်၊ သရက်ချောင်းမြို့နယ်၊ ရေဖြူမြို့နယ်၊ ပုလောမြို့နယ် စသည့် မြို့နယ်များတွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်များအကြား စစ်ရေးအခြေအနေများ တင်းမာလျက်ရှိသည်။
စစ်ကော်မရှင်တပ်က ရွေးကောက်ပွဲမတိုင်ခင် နယ်မြေစိုးမိုးမှု ပိုမိုရရှိရေးအတွက် မြို့နယ်အများစုသို့ မြေပြင်ထိုးစစ်များ မြှင့်တင်လုပ်ဆောင်နေသကဲ့သို့ စစ်သုံးလေယာဉ်များဖြင့် လေကြောင်းတိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့် ဗုံးကြဲတိုက် ခိုက်ခြင်း၊ အထိုင်စခန်းများ၊ စစ်သင်္ဘောများမှ လက်နက်ကြီးပစ်ခတ်ခြင်းတို့ကိုလည်း လုပ်ဆောင်နေသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂၆ ရက်နေ့မှစ၍ ယမန်နေ့ (၂၉ ရက်) အထိ လေးရက်အတွင်း စစ်ကော်မရှင်တပ်က မြိတ်မြို့နယ် မဇောကျေးရွာအုပ်စုရှိ မဇော၊ လေးမိုင်၊ မော်တုံး စသည့်ကျေးရွာများ၊ တနင်္သာရီမြို့နယ်အတွင်းရှိ ကွမ်းအင်း၊ သိန်ခွန်း စသည့် ကျေးရွာများသို့ လက်နက်ကြီးပစ်ခတ်ခြင်း၊ လေကြောင်းမှ ဗုံးကြဲခြင်းတို့ ပြုလုပ်ခဲ့ခြင်းရှိသည်ဟု KNU တပ်မဟာ (၄) ဘိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်ထားသည်။
စစ်ကော်မရှင်နှင့် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်များအကြား စစ်ရေးအခြေအနေတင်းမာလာသည်နှင့်အမျှ နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့် အရပ်သား အရေအတွက်မှာလည်း တဖြည်းဖြည်းတိုးလာခဲ့ပြီး ပြီးခဲ့သည့် စက်တင် ဘာလကုန်ပိုင်းတွင် စစ်ရှောင်ဦးရေ ၈၀,၈၀၀ ဦးအထိ ရှိလာကြောင်း ဒေသတွင်း သုတေသနအဖွဲ့အစည်းတခုဖြစ်သည့် FE5 Tanintharyi ၏ အချက်အလက်များအရ သိရသည်။







