ကော့ကရိတ်မြောက်ပိုင်းတွင် စစ်တပ်စစ်ကြောင်းထိုး ရွာ ၂၀ ကျော်မှ ဒေသခံ ၃၀,၀၀၀ နီးပါး

ကော့ကရိတ်မြောက်ပိုင်းတွင် စစ်တပ်စစ်ကြောင်းထိုး ရွာ ၂၀ ကျော်မှ ဒေသခံ ၃၀,၀၀၀ နီးပါး
Photo credit - CJ
Photo credit - CJ

ကော့ကရိတ်မြို့နယ် မြောက်ပိုင်း မြပတိုင်ရွာလမ်းကြောင်းမှ ဒေါနတောင် အောက်ဘိုတဲ လမ်းပိုင်းကို စစ်တပ်က စစ်ကြောင်းထိုးလာသည့်အတွက် ကျေးရွာ ၂၀ ကျော်မှ ဒေသခံ ၃၀,၀၀၀ နီးပါး နေရပ်စွန့်ခွာ စစ်ရှောင်နေရသည်ဟု ဒေသတွင်း တော်လှန်ရေးတပ် ဆေးဘက်ဆိုင်ရာတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

ဒေသတွင်းအခြေစိုက် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်- KNLA၊ မဟာမိတ် ပူးပေါင်းတပ်များနှင့် စစ်အုပ်စု ပူးပေါင်းတပ်တို့ တိုက်ပွဲများ ဖြစ်ပွားနေ၍ ယခုလို ရွာ ၂၀ ကျော် စစ်ရှောင်နေရခြင်းဖြစ်သည်ဟု တော်လှန်ရေးတပ် ဆေးဘက်ဆိုင်ရာ တပ်ဖွဲ့ဝင်တစ်ဦးက ယခုလို ပြောသည်။

“စစ်ကတိုက် နေတာ နေ့တိုင်း အခု ထီဖိုးစံ၊ နန်းရွှေမိတ်၊ မိဖာလဲ့၊‌ နောင်တပွဲ၊ နောင်ကိုင်း အကုန်ရွှေ့ပြေးကုန်ပြီ။ နဘူး၊ မြပတိုင်က‌နေ အခု ဒီဘက်အထိဆို ရွာ ၂၀ ကျော်ပေါ့။ လူတော့ သုံးသောင်းနီးပါး ရှိမယ်။ စားစရာ နေစရာ မရှိဘူး။ ကြုံသလို ခြံထဲမှာ နေရတယ်။ ရွာလည်း ပြန်မရဲကြဘူး၊ ခြံတွေထဲ နေတဲ့သူတွေ စစ်ကြောင်း‌‌‌‌‌‌‌နဲ့ တွေ့ရင် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ နေရာကို ရိုက်ပြီးမေးတယ်၊ ရွာမှာ ဘုန်းကြီးတွေပါ စစ်ရှောင်နေရတယ်” ဟု ၎င်းက ပြောသည်။

ထို့အပြင် မြပတိုင်၊ နောင်ထပ္ပံ၊‌ နောင်တပွဲ၊ နောင်မိ၊ ကော့ဖန်းရပ်၊ နဘူး၊ ရင်ကွဲ တောင်ကားလမ်းပိုင်း တစ်လျှောက် ကျေးရွာများအား စစ်အုပ်စုက မြို့ပေါ်ဘက်သို့ သွားလာခွင့် ပိတ်ပင်ထားသည့်အတွက် စစ်ဘေးရှောင်မရဘဲ ကျေးရွာများထဲတွင် ပိတ်မိနေသူများလည်း ရှိနေကြောင်း သိရှိရပါသည်။

ယခုအောက်တိုဘာ ၂၀ ရက်နောက်ပိုင်းမှ ၂၆ ရက်အထိ စစ်အုပ်စုက ကော့ကရိတ်မြောက်ပိုင်း ကျေးရွာချင်းဆက်လမ်းပိုင်းတစ်လျှောက် နယ်မြေထိမ်းချုပ်နိုင်ရန် DKBA ဗိုလ်ဘိ၊ BGF တပ်၊ ငြိမ်းချမ်းရေးကောင်စီ (PC) တပ်ဖွဲ့ များအား စစ်တပ်နှင့်ပူး ပေါင်းခိုင်းကာ လမ်းပြစစ်ကူ ခေါ်ဆောင်ပြီး အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်။

“တိုက်နေတာကတော့ PC (ငြိမ်းချမ်းရေးကောင်စီ ) ၇၇၇ ဗျူဟာ ထိမ်းချုပ်တဲ့ ရွာတွေဆိုတော့ စစ်တပ်က PC နယ်မြေတပ်ဖွဲ့တွေကို လမ်းပြခေါ်ပြီး စစ်ကြောင်းတက်တယ်။ BGF / DKBA တွေကလည်း စစ်ကူပါတယ်။ ဆိုတော့ တိုက်ပွဲတိုက်ရတာတော့ အခက်အခဲရှိတယ်။ ဒါပေမယ့် နေ့တိုင်းတော့ တိုက်နေတာဘဲ မတတ်နိုင်ဘူး” ဟု ရှေ့တန်းသတင်းအရင်း အမြစ်က ပြောသည်။

လက်ရှိ အောက်တိုဘာ ၂၇ ရက်အထိ ထီဖိုးစံ၊ မြပတိုင်၊ ရန်ကုတ်၊ ကြောင်လျှာကုန်း၊ ကွီ‌မောင်တိုင် ကျေးရွာဘက်တွက် စစ်အုပ်စုစစ်ကြောင်းများနှင့် KNLA မဟာမိတ်တပ်များ တိုက်ပွဲ ၃ နေရာခန့် ဆက်ဖြစ်ပွားနေကြောင်း သိရသည်။

December 4, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့်ကျုံဒိုးမြို့ အုပ်ချုပ်ရေးမှူးရုံးများသို့ ရွေးကောက်ပွဲ မဲပေးနိုင်ရေး...
Photo credit - CJ
December 3, 2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ယမန်နေ့ ဒီဇင်ဘာလ(၁)ရက်နေ့ ညကိုးနာရီခွဲ ဝန်းကျင်က...
December 3, 2025
ကရင်အမျိုးသားအစည်းအရုံး-KNU က လေးကေကော်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကို...
Photo credit - CJ
December 2, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ၊ မြဝတီတောင်ဘက်ခြမ်းရှိ မင်းလက်ပံ...