ရခိုင်ပြည်ကို အကြမ်းဖက်လေတပ်က လေကြောင်းမှဗုံးလာရောက်ကြဲရာတွင် လေတပ်စခန်းခြောက်ခုနှင့် လေယာဉ်အမျိုးအစားသုံးခုတို့ဖြင့် တိုက်ခိုက်နေခြင်းဖြစ်သည်ဟု Enemy Air Route(EAR)က ထုတ်ပြန်လိုက်သည်။
ရခိုင်ကို လာရောက်ဗုံးကြဲရာတွင် မန္တလေးတိုင်းရှိ တံတားဦးလေတပ်နှင့် မိတ္ထီလာ(ရှမ်းတဲ)လေတပ်၊ မကွေးတိုင်း၊ မကွေးမြို့ရှိ မကွေးလေတပ်၊ နေပြည်တော်ရှိ အေလာလေတပ်တို့ကို ပထမဦးစားပေးအနေဖြင့် အသုံးပြုပြီး တစ်ခါတရံတွင် ဧရာဝတီတိုင်းရှိ ပုသိမ်လေတပ်နှင့် ရန်ကုန်တိုင်းရှိ မှော်ဘီလေတပ်တို့ကို အသုံးပြုသည်ဟု EAR ၏ အောက်တိုဘာလ ၁၈ ရက်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းအပြင် ရခိုင်ဒေသကို လာရောက်ဗုံးကြဲသည့်လေယာဉ်အမျိုးအစားများမှာလည်း ဂျက်ဖိုက်တာ (Jet Fighter)၊ Y-12 စသည့် လေယာဉ်များကို အသုံးများပြီး MI-35 အမျိုးအစားလေယာဉ်ကိုလည်း တခါတရံ အသုံးပြုသည်ဟု ဖော်ပြထားသည်။
ယခုထုတ်ပြန်မှုကို EAR အဖွဲ့နှင့် မြေပြင်ဒေသခံ လေကြောင်းကင်းထောက်အဖွဲ့တို့က ပူးပေါင်း ထုတ်ပြန်ခြင်း ဖြစ်သည်ဟု သိရသည်။
“EAR ရဲ့ ယခု ထုတ်ပြန်ချက်ဟာ နေ့စဉ်လေကြောင်းရန်နဲ့ ရင်ဆိုင်နေရသူတွေ လေကြောင်းစောင့်ကြည့်ရေးအဖွဲ့က လူတွေအတွက်တော့ အစိမ်းသက်သက်မဟုတ်ပေမယ့် သာမန် အရပ်သားပြည်သူတွေ လေကြောင်းတိုက်ခိုက်မှုနဲ့ အတွေ့အကြုံမရှိသူတွေ လေတပ်လေယာဉ် အချက်အလက်တွေနဲ့ မရင်းနှီးကြသူတွေအတွက် အဓိကရည်ရွယ်ပြီး တင်ပြပေးခြင်းပဲ ဖြစ်ပါတယ်”ဟု ဖော်ပြထားသည်။
ရခိုင်တွင် အာရက္ခတပ်တော်(AA)သိမ်းပိုက်ထားသည့် မြို့နယ်များ၌ အကြမ်းဖက်စစ်တပ်၏ လက်ချက်ကြောင့် ပြီးခဲ့သည့် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ကိုးလအတွင်း အပြစ်မဲ့အရပ်သားပြည်သူ ၁၈၄ ဦးသေဆုံးပြီး ၂၈၁ ဦးဒဏ်ရာရရှိသွားခဲ့သည်ဟု နိရဉ္စရာ၏မှတ်တမ်းအရ သိရသည်။
ယင်းအထဲတွင် ထိခိုက်၊ သေဆုံးသူအများစုသည် အကြမ်းဖက်လေတပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ဖြစ်သည်။
EAR အဖွဲ့၏ ယခုထုတ်ပြန်ချက်ထဲတွင် ရခိုင်ပြည်အပါအဝင် စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းဒေသ၊ ကချင်ပြည်နယ်၊ ရှမ်း(မြောက်)၊ ရှမ်း(တောင်)နှင့် ကရင်နီပြည်နယ်၊ ချင်းပြည်နယ်၊ ပဲခူး၊ မွန်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသစသည်ဒေသတို့တွင် အကြမ်းဖက်လေတပ်အသုံးပြုသည့် လေတပ်နှင့် လေယာဉ်အမျိုးအစားတို့ကိုလည်း ထည့်သွင်းဖော်ပြထားသည်။
စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းဒေသတို့တွင်လည်း စစ်ကိုင်းရှိ မုံရွာလေတပ်၊ မကွေးတိုင်းရှိ မကွေးလေတပ်၊ နေပြည်တော်ရှိ အေလာလေတပ်၊ မန္တလေးတိုင်းရှိ တံတားဦးလေတပ်နှင့် မိတ္ထီလာမြို့ရှိ ရှမ်းတဲလေတပ်တို့မှ ဂျက်ဖိုက်တာ၊ Y-12၊ MI35၊ ပါရာမော်တာနှင့် ဂျိုင်ရိုကော်ပတာတို့ကို အသုံးပြုတိုက်ခိုက်လျက်ရှိသည်ဟု သိရသည်။
ကချင်ပြည်နယ်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ နမ့်ပေါင်လေတပ်၊ မန္တလေးတိုင်းရှိ တံတားဦးလေတပ်၊ မိတ္ထီလာမြို့ရှိ ရှမ်းတဲလေတပ်၊ နေပြည်တော်ရှိ အေလာလေတပ်နှင့် ရှမ်းပြည်နယ်ရှိ နမ့်စန်လေတပ်တို့မှ ဂျက်ဖိုက်တာ၊ Y-12နှင့် MI35 လေယာဉ်များဖြင့်တိုက်ခိုက်လျက်ရှိသည်ဟု ဆိုသည်။
ရှမ်း(မြောက်)ဒေသတွင် မန္တလေးတိုင်းရှိ ပြင်ဦးလွင်မြို့ အနီးစခန်းလေတပ်၊ တံတားဦးလေတပ်၊ မိတ္ထီလာလေတပ်၊ ရှမ်းပြည်ရှိ နမ့်စန်လေတပ်နှင့် နေပြည်တော်ရှိ အေလာလေတပ်တို့မှ ဂျက်ဖိုက်တာနှင့် Y-12 တို့ကို အသုံးပြုတိုက်ခိုက်သည်ဟု ဖော်ပြသည်။
ရှမ်း(တောင်)နှင့် ကရင်နီပြည်နယ်တွင် မန္တလေးတိုင်းရှိ မိတ္ထီလာရှမ်းတဲလေတပ်၊ ရှမ်းပြည်ရှိ နမ့်စန်လေတပ်၊ နေပြည်တော်ရှိ အေလာလေတပ်နှင့် ပဲခူးတိုင်းရှိ တောင်ငူလေတပ်တို့မှ ဂျက်ဖိုက်တာ၊ Y-12 နှင့် MI35 လေယာဉ်တို့ကို အသုံးပြုတိုက်ခိုက်လျက်ရှိသည်ဟု ဖော်ပြသည်။
ချင်းပြည်နယ်တွင် ချင်းပြည်၊ ကလေးမြို့ရှိ ကလေးလေတပ်၊ မန္တလေးတိုင်းရှိ မုံရွာ(နမခ)လေတပ်၊ တံတားဦးလေတပ်၊ မိတ္ထီလာရှမ်းတဲလေတပ်၊ မကွေးတိုင်းရှိ မကွေးလေတပ်နှင့် နေပြည်တော်ရှိ အေလာလေတပ်တို့မှ ဂျက်ဖိုက်တာ၊ Y-12၊ MI35 တို့ဖြင့် တိုက်ခိုက်လျက်ရှိသည်ဟု ဆိုသည်။
ပဲခူး၊ မွန်၊ ကရင်ပြည်နယ်တွင်လည်း မိတ္ထီလာရှမ်းတဲလေတပ်၊ နေပြည်တော် အေလာလေတပ်၊ ပဲခူးတိုင်း တောင်ငူလေတပ်၊ ရန်ကုန်တိုင်း မှော်ဘီလေတပ်နှင့် မွန်ပြည်နယ်ရှိ မော်လမြိုင်လေတပ်တို့မှ ဂျက်ဖိုက်တာ၊ Y-12၊ MI35 နှင့် ပါရာမော်တာများဖြင့် တိုက်ခိုက်လျက်ရှိသည်ဟု ဖော်ပြသည်။
တနင်္သာရီတိုင်းတွင်မူ တနင်္သာရီတိုင်းရှိ ထားဝယ်လေဆိပ်နှင့် မြိတ်လေဆိပ်တို့မှ ဂျက်ဖိုက်တာ၊ Y-12၊ Mi2 လေယာဉ်များဖြင့် တိုက်ခိုက်လျက်ရှိသည်ဟု ဖော်ပြထားသည်။







