ရေးမြို့နယ်မြောက်ပိုင်းတွင် စစ်ကော်မရှင်တပ် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေ

ရေးမြို့နယ်မြောက်ပိုင်းတွင် စစ်ကော်မရှင်တပ် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေ
Photo credit - တော်လှန်ရေးတပ်ဖွဲ့
Photo credit - တော်လှန်ရေးတပ်ဖွဲ့

မွန်ပြည်နယ်၊ ရေးမြို့နယ်နယ်မြောက်ပိုင်းရှိ ကျေးရွာများတွင် စစ်ကော်မရှင်တပ် အင်အားအလုံးအရင်းဖြင့် နေ့စဉ်စစ်ကြောင်းထိုးနေသဖြင့် စစ်ရေးအခြေအနေ တင်းမာနေကြောင်း ဒေသခံသတင်းအရင်းမြစ်များ၏ ပြောပြချက်အရ သိရသည်။

မော့ကနင်အခြေစိုက် ခလရ ၁၀၆၊ ခမရ ၅၈၈၊ အမတ ၃၁၇ တပ်ရင်းတို့မှ အင်းအားရာချီရှိသည့် စစ်ကော်မရှင်ပူးပေါင်းစစ်ကြောင်းသည် ပြီးခဲ့သည့် အောက်တိုဘာလ ၁၀ ရက်နေ့မှစ၍ ကော့ဒွတ်(ကူးတို့ဆိပ်)မှ ရေးမြို့နယ်နယ်မြောက်ပိုင်း ကျေးရွာများဘက်သို့ စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်။

စစ်ကော်မရှင် စစ်ကြောင်းသည် အောက်တိုဘာလ ၁၃ ရက်နေ့အထိ အောင်သပြေ၊ အောင်သာယာ၊ နှစ်ကရင်လမ်းဝနှင့် ကနင်ကမော့ကျေးရွာဘက် စခန်းချ ဖြန့်ကျန့်ထားဆဲဖြစ်ပြီး စစ်ဆေးမှုများလည်း လုပ်ဆောင်နေသည်ဟု ဆိုသည်။

“စစ်ဆေးမေးမြန်းနေတော့ ခရီးသွားလာတဲ့သူတွေ အခက်အခဲရှိနေတယ်။ အချိန်တွေ့ကြန့်ကြာတာပေါ့လေ၊ ခြံသမားတွေလည်း ခြံမသွားရဲကြဘူး။ အဲ့လို စစ်ဆေးနေတဲ့ချိန်မှာဆို လူတွေကိုဖမ်းလိုက်တာလည်းရှိတယ်" ဟု ရေးဒေသခံတစ်ဦးက ပြောသည်။

ထိုစစ်ကြောင်းသည် တော်လှန်ရေးအင်အားစုများ လှုပ်ရှားမှုရှိသည့် ကျေးရွာဘက်များသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်းလည်း အထက်ပါဒေသခံက ဆက်ပြောသည်။

“တော်လှန်ရေးတပ်ဖွဲ့ဘက်ကတော့ မပစ်ဘူး။ စကမဘက်က ရမ်းသမ်းပြီးပစ်ထုတ်နေတာ။ ဒါမဲ့ ဒေသခံတွေထိတာတော့ မရှိဘူး။ ခဏခဏပစ်နေတာ၊ တပ်ရင်းတွေကနေ ပစ်တာလည်းရှိတယ်။ အဲ့ကျေးရွာတွေမှာ စခန်းချနေထိုင်နေတဲ့နေရာကလည်း ပစ်တယ်"ဟု ဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၀ ရက်နေ့နှင့် ၁၂ ရက်နေ့က ရေးမြို့နယ်မြောက်ပိုင်း ပြည်ထောင်စုလမ်းမပေါ်ရှိ ကျေးရွာများအတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်းနှင့် ယခုအောက်တိုဘာလအတွင်း တိုက်ပွဲ ၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လက်ရှိအခြေအနေအရ စစ်ကော်မရှင်တပ်စစ်ကြောင်းတို့ စခန်းချထားဆဲဖြစ်သည့်အတွက် ပစ်ခတ်မှု ထပ်မံဖြစ်ပွားမည်ကို ဒေသခံများ စိုးရိမ်နေကြရသည်။

အာဏာသိမ်း စစ်ကော်မရှင်မှ ရွေးကောက်ပွဲမတိုင်မီ မော်လမြိုင်-ရေး-ထားဝယ် ပြည်ထောင်စုလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ရန် ကင်းပုန်းချခြင်း၊ ဂိတ်စခန်းများတွင် အင်အားတိုးထားခြင်းများ ပြုလုပ်နေသလို ရေးမြို့နယ်တစ်ဝိုက် စစ်ကြောင်းလှုပ်ရှားသွားလာမှုများလည်း လုပ်ဆောင်လျှက်ရှိသည်။

Most read this week

September 4, 2026
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် စစ်အုပ်စုတပ်က ရမ်းသမ်းပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ပေါက်ကွဲ...
September 3, 2026
ပဲခူးမြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ ပဲခူးမြစ်ရေ မြင့်တက်လာခြင်းကြောင့် မြို့ပေါ်ရှိ...
တိုက်ပွဲဖြစ်ပွားခဲ့သည့် ရေး-ထားဝယ် လမ်းပိုင်းတစ်ခုကို တွေ့ရစဉ် / Crd
September 3, 2026
တနင်္သာရီတိုင်း၊ ရေး-ထားဝယ် အမှတ် (၈) ပြည်ထောင်စုလမ်းပိုင်း၊ မောင်မယ်ရှောင်ကျေးရွာအနီးတွင်...
September 2, 2026
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြစ်တစ်လျှောက် ရေကြီးနစ်မြုပ်နေသည့် ကျေးရွာအချို့တွင် သောက်သုံး...