ကျောက်မဲ အမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ပြတ်

ကျောက်မဲ အမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ပြတ်
Photo credit - CJ
Photo credit - CJ

သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပြစ်ကျေးရွာတွင် အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ပြတ်သွားခဲ့ကြောင်း စုံစမ်းသိရသည်။

ယနေ့ (အောက်တိုဘာလ ၁၀ ရက်) နံနက် ၁၀ နာရီခွဲခန့်တွင် စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် ကျောက်မဲမြို့နယ်အတွင်းရှိ နောင်ပြစ်ကျေးရွာတွင် အသက် (၄၀) နှစ်အရွယ်ရှိ နန်းဟွမ်သည် မုံညင်းစိုက်ပျိုးရန် နေအိမ်ခြံဝင်းထဲ ပျိုးဘောင်ပြုလုပ်ထားသည့် နေရာတွင် မြေမြှုပ်မိုင်းနင်းမိကာ ခြေထောက်တစ်ဖက် ပြတ်သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

“မုန်ညင်းမျိုးစေ့ သွားကြဲမလို့တဲ့၊ ပျိုးဘောင်လုပ်တုန်းကတော့ ဘာမှ မဖြစ်ဘူး။ တစ်အိမ်နဲ့ တစ်အိမ်ကူးတဲ့ ခြံစည်းရိုးနားမှာ နင်းမိတာ။ အကူအညီတော့ အကုန်လိုနေတာပေါ့၊ သူတို့အိမ်လည်း မီးလောင်သွားပြီ အိမ်လည်း မရှိတော့ဘူး။ ခုအိမ်လာနေတာတောင် မြေကြီးပေါ်ဆို မနင်းရဲဘူး ကြောက်လို့၊ သူများအိမ်ဆို နေ့တိုင်းပဲ မိုင်း ၁ လုံး ၂ လုံး တွေ့နေတာ”ဟု ကျောက်မဲမြို့နယ် ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် မြေမြှုပ်မိုင်းနင်းမိသည့် နောင်ပြစ်ရွာမှ အဆိုပါ အမျိုးသမီးကို ဆေးကုသရန် ပြင်ဦးလွင်မြို့သို့ ခေါ်ဆောင်သွားပြီး ဆေးဝါးစရိတ် အကူအညီများ လိုအပ်လျက်ရှိကာ သားတစ်ဦးနှင့် သမီးတစ်ဦး ကျန်ရှိကြောင်း အဆိုပါအမျိုးသမီးက ဆက်ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၁ ရက်တွင်လည်း ကျောက်မဲမြို့နယ် ပန်မလွတ်ကျေးရွာတွင် စစ်ဘေးရှောင်နေရသော အသက် ၃၉ နှစ် အရွယ်ရှိ စိုင်းသောကြာနှင့် အသက် ၄၅ နှစ် အရွယ်ရှိ စိုင်းမိုးတို့သည် ဆိုင်ကယ်တစ်စီးဖြင့် နောင်ပြစ်ကျေးရွာသို့ ပစ္စည်းပြန်ယူနေစဉ် တောင်ယာအနီး တောလမ်းတစ်နေရာတွင် မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံးသွားခဲ့သည်။

အလားတူ စက်တင်ဘာလ ၁၈ ရက်တွင် ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်ရှိ နောင်ပြစ်ကျေးရွာသို့ နေရပ်ပြန်သွားသူ အသက် (၄၀) နှစ်အရွယ် စိုင်းကျော်သိန်းသည် နေအိမ်ခြံဝင်းထဲတွင် မြေမြှုပ်မိုင်း နင်းမိကာ ညာဘက်ခြေထောက် ပြတ်သွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်ရှိ နောင်ပြစ်ကျေးရွာသည် ယခင်က TNLA ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ်တို့အကြား မကြာခဏ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည့် နေရာဖြစ်သည်။

လက်ရှိတွင် ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်တွင် စစ်ဘေးရှောင်များ နေရပ်ပြန်သွားသော်လည်း မိုင်းရှင်းလင်းရေး မလုပ်ဆောင်ရသေးခြင်းကြောင့် တစ်လအတွင်း မြေမြှုပ်မိုင်း နင်းမိ၍ သေဆုံးသူ (၄) ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ (၄) ဦးထက်မနည်း ရှိနေကြောင်း ဒေသခံများက ပြောသည်။

Most read this week

ဓာတ်ပုံ - အင်းလေး ဖောင်တော်ဦး ဘုရားပွဲတော်။
September 11, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် လာမည့် အောက်တိုဘာလ၌ ကျင်းပမည့်...
ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂၈) သင်တန်းဖွင့်ပွဲပုံ။ / (ဓါတ်ပုံ - CINCDS Myanmar)
September 10, 2026
စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်းအတွင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှုများ...
သိန္နီမြို့နယ်အတွင်း ယမ်းပေါက်ကွဲမှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ / Crd
September 8, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် စက်တင်ဘာလ ၈ ရက် နံနက်အစောပိုင်းက...
မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် တာချီလိတ်မြို့အတွင်း ရေဝင်ရောက်နေမှု / Crd
September 8, 2026
သျှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့်...