ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ဆိုင်းတောင်(ဆိပ်မူ) ကျေးရွာကို အလုံးစုံထိန်းချုပ်နိုင်ဖို့ မလန်းကျေးရွာဘက်ကို လေကြောင်းနဲ့ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ကာ မြေပြင်ဝင်ရောက်စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတာဖြစ်တယ်လို့ သိရပါတယ်။
ဖားကန့်မြို့ အရေးပါတဲ့ နေရာတွေကို ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေတဲ့ထဲမှာ ဆိုင်းတောင်(ဆိပ်မူ)ကျေးရွာက အဓိကပါဝင်နေပြီး စစ်တပ်ဟာ မြေပြင်စစ်ကြောင်းနဲ့ အလွယ်တူဝင်ရောက်နိုင်ဖို့ စစ်တပ်က နမ္မဖြစ်ကျေးရွာအုပ်စု လန်းကျေးရွာဘက်ကို လေကြောင်းနဲ့ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေတာဖြစ်တယ်လို့ ဖားကန့် KPDF က တာဝန်ရှိသူတစ်ဦး KNG ကို ပြောပါတယ်။
“မြေပြင်မှာ စစ်တပ်က သွားလိုတဲ့နေရာတွေကို လေယာဉ်စစ်ကူတောင်းပြီးမှ သွားလာလှုပ်ရှားနေတာ ဖြစ်တယ်။ ဖားကန့်မြို့နယ်ထဲမှာ သူတို့သတ်မှတ်ဧရိယာတွေကို ထိုးတဲ့အခါမှာ တော်လှန်ရေးတပ်ဖွဲ့ရဲ့ တိုက်ခိုက်ခံတာတွေကြောင့် စစ်ရေးကာလ ကြာလာတဲ့အခါ မြန်မြန်ထိုးဝင်နိုင်ဖို့ လေကြောင်းနဲ့ စစ်ကူတောင်းပြီးမှ ရှေ့တိုးဖို့ ကြိုးစားနေတာ ဟုတ်တယ်။ အခုဆိုရင် ဆိုင်းတောင်ထဲကို ထိုးချင်နေတာရယ်၊ နောက်ပြီး ဖားကန့်မြို့ပေါ် တစ်ခုလုံးကို ကာကွယ်ဖို့ မြို့ပတ်ချာလည်ကို အခိုင်အမာနေရာယူဖို့ လုပ်ဆောင်နေတယ်လို့ ပြောလို့ရပါတယ်”လို့ ပြောပါတယ်။
စစ်တပ်က ဆန်းကြွယ်နဲ့ မှော်တောင်းကျေးရွာ နှစ်ခုကို စက်တင်ဘာလ ၁၇ နေ့ ထိန်းချုပ်လိုက်ပြီးနောက် ဆိုင်းတောင်ကျေးရွာကို စစ်ကြောင်းဝင်ရောက်ဖို့ ထပ်မံကြိုးစားနေတာ ဖြစ်ပါတယ်။
ယခုရက်ပိုင်း ဆိုင်းတောင်ကျေးရွာကို ဦးတည်ပြီး စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်တွေ ဝင်ရောက်လာတဲ့ လမ်းကြောင်းတွေမှာ KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ ခုခံတိုက်ခိုက်ခံနေရတာကြောင့် လေကြောင်းစစ်ကူနဲ့ တိုက်ခိုက်လာတာဖြစ်တယ်လို့လည်း သိရပါတယ်။
အောက်တိုဘာလ ၉ ရက်နေ့ နေ့လည် ၁၂ နာရီဝန်းကျင်လောက်မှာ မလန်းကျေးရွာဘက်ကို ဦးတည်ပြီး နမ္မဖြစ်ရွာနဘေး မြစ်ချောင်းတစ်လျှောက်ကို ၃ နေရာလောက်မှာ ဗုံးကြဲတိုက်ခိုက်သွားပြီးတော့ အရပ်သားထိခိုက် သေဆုံးမှုမရှိပေမယ့် လူနေအိမ်တစ်ချို့ ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ ဖားကန့်ပြည်သူတွေ ပြောပါတယ်။
ဒါ့အပြင် ဒီကနေ့ မနက်ပိုင်း Y – 12 လေယာဉ်အမျိုးအစားနဲ့ မလန်းကျေးရွာဘက်ခြမ်းကိုတဝိုက် ၄ ကြိမ် ထက်မနည်း လာရောက်ပစ်ခတ်သွားတယ်လို့ နောက်ထပ် KIA နဲ့ နီးစပ်တဲ့ ပြည်သူတစ်ဦးကလည်း ဆက်ပြောပြပါတယ်။
“လေယာဉ်မနက်ပိုင်း ၈ နာရီခွဲလောက်မှာ လာပစ်သွားတာ။ ပစ်ပြီးတာနဲ့ ဖားကန့်ဗျူဟာကုန်းကနေ လက်နက်ကြီးပစ်နေတာ ဆက်တိုက်ပဲ။ ကျနော်အထင် လေကြောင်းနဲ့ ပစ်ပြီး မြေပြင်စစ်ကြောင်းထိုးဖို့ ကြိုးစားနေတယ်လို့ မြင်ပါတယ်”လို့ ပြောပါတယ်။
လက်ရှိ လေကြောင်းတိုက်ခိုက်နေတဲ့ မလန်းကျေးရွာဘက်ကို စစ်တပ်က ယခုရက်ပိုင်းအတွင်း စစ်မျက်နှာတစ်ခု ဖွင့်ပြီး စစ်ရေးလှုပ်ရှာတိုက်ပွဲဖော်ဆောင်နေတာကြောင့် အထိနာတဲ့အတွက် KIA နဲ့ PDF ရှိနိုင်တဲ့ နေရာကို ပစ်မှတ်ထား တိုက်ခိုက်နေတာဖြစ်တယ်လို့လည်း သိရပါတယ်။
မလန်းကျေးရွာဟာ ဖားကန့်မြို့ပေါ်တစ်ခုလုံးအတွက် စစ်ရေးအရ လုံခြုံရေးရယူဖို့ အရေးပါတဲ့နေရာတစ်ခု ဖြစ်သလို ဆိုင်းတောင်ကျေးရွာကို ဝင်ရောက်နိုင်ဖို့ လမ်းကြောင်းတစ်ခုအနေနဲ့ အသုံးပြုနိုင်တဲ့ ပင်မလမ်းဆုံးနေရာဖြစ်တာကြောင့် တိုက်ပွဲက ဆက်ပြီးပြင်းထန်နိုင်သေးတယ်လို့ ဖားကန့် စစ်ရေးသတင်းအရင်းအမြစ်တွေက ပြောပြပါတယ်။
စစ်ကောင်စီတပ်တွေ ဝင်ရောက်ဖို့ ကြိုးစားနေတဲ့ ဆိုင်းတောင်ကျေးရွာနဲ့ စစ်တပ်က ပြန်ပြီးထိန်းချုပ်ထားတဲ့ ဆန်းကြွယ်ကျေးရွာဟာ မလှမ်းမဝေးမှာရှိနေပေမယ့် ဥရုချောင်းရဲ့ တစ်ဖက်မှာ ရှိနေတာကြောင့် စစ်တပ်က ဝင်ရောက်ဖို့ ခက်ခဲနေတဲ့အခြေအနေဖြစ်တယ်လို့ သိရပါတယ်။
မလန်းကျေးရွာဟာ ဆိုင်းတောင်ရဲ့ ရှေ့ဘက်ခြမ်းမှာတည်ရှိပြီး ၂ မိုင်၊ ၃ မိုင်လောက်ကွာဝေးတယ်လို့ သိရပါတယ်။
စစ်တပ်က လာမယ့် ဒီဇင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲမတိုင်မှီ ဖားကန့်ဒေသရဲ့ လူဦးရေထူထပ်ပြီး အရေးပါတဲ့ မြို့ရွာတွေကို သိမ်းပိုက်နိုင်ဖို့ ကြိုးပမ်းနေပြီး လက်ရှိမှာ လုံးခင်းကျေးရွာ၊ ဖားကန့်မြို့ပေါ်နဲ့ ဆိုင်းတောင်ရွာတွေကို ရည်ရွယ်နေတာဖြစ်ပါတယ်။







