တနင်္သာရီတိုင်းအတွင်း စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှု ခပ်စိပ်စိပ် ပြုလုပ်လာ၊ တစ်မနက်အတွင်း မြို့နယ် ၂ ခု ဗုံးကြဲခံရ

တနင်္သာရီတိုင်းအတွင်း စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှု ခပ်စိပ်စိပ် ပြုလုပ်လာ၊ တစ်မနက်အတွင်း မြို့နယ် ၂ ခု ဗုံးကြဲခံရ

စစ်ကော်မရှင်တပ်က တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ်များအား လေကြောင်းတိုက်ခိုက်မှု ခပ်စိပ်စိပ် ပြုလုပ်လာနေကြောင်း သတင်းရင်းမြစ်များက ပြောသည်။

တနင်္သာရီတိုင်းအတွင်းရှိ ထားဝယ်မြို့နယ်၊ တနင်္သာရီမြို့နယ်၊ သရက်ချောင်းမြို့နယ်၊ လောင်းလုံးမြို့နယ်တို့သည် လေကြောင်းတိုက်ခိုက်မှု အများဆုံးရှိနေသည့် မြို့နယ်များဖြစ်ကြောင်း သိရသည်။

“လေကြောင်းတိုက်ခိုက်မှုက နှစ်ဆတိုးလာတယ် ၁၀ လပိုင်းမှာ။ ထီးခီးတခုတည်း မဟုတ်ဘူး၊ နေရာတိုင်းကို နေ့တိုင်းလိုလို လိုက်ချတာပေါ့၊ ကျွန်တော်တို့ သုံးသပ်မိတာက ရွေးကောက်ပွဲမတိုင်ခင် သူတို့က စစ်ရေးထိုးစစ်ရော လေကြောင်းတိုက်ခိုက်မှုရော တိုးမြှင့်ဖို့ လုပ်ဆောင်လာတာဖြစ်တယ်” ဟု KNU တပ်မဟာ (၄)ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နာက ပြောသည်။

စစ်ကော်မရှင်တပ်က ၎င်းတို့ လက်လွှတ်ဆုံးရှုံးထားရသည့် တပ်စခန်းများ၊ နယ်စပ်လမ်းကြောင်းများအား ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် မြေပြင်ထိုးစစ်များလည်း တိုးမြှင့်လုပ်ဆောင်လာခြင်းရှိသည်ဟု ၎င်းက ဆိုသည်။

ယနေ့ (အောက်တိုဘာလ ၁၀ ရက်) နံနက် ၉ နာရီ ၁၇ မိနစ်အချိန်ကလည်း မြိတ်ခရိုင် တနင်္သာရီမြို့နယ် တကူရွာအား စစ်ကော်မရှင်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ စက်သေနတ်ဖြင့် ပစ်ခတ်ခြင်းတို့်ကို ပြုလုပ်ခဲ့ရာမှ လမ်းသွားလမ်းလာ ကျောင်းသားတဦး အပါအဝင် အရပ်သားလေးဦး ထိခိုက်မှု ရှိကြောင်း သိရသည်။

စစ်ကော်မရှင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ရာ နေရာသည် တကူရွာ မီးသတ်စခန်း တဖြစ်လဲ ပြည်သူ့လုံခြုံရေး တပ်ဖွဲ့များ၏ အချုပ်ခန်းနေရာဖြစ်ကြောင်း သိရသည်။ ထိခိုက်မှုအခြေအနေ အသေးစိတ်များနှင့် ပတ်သက်၍ မဇ္ဈိမက ဆက်လက်အတည်ပြုနေဆဲဖြစ်သည်။

“မြိတ်လေတပ် မှ FTC-2000G တိုက်လေယာဉ်အမျိုးအစားဖြင့် တနင်္သာရီမြို့နယ် တကူ‌ရွာသို့ ဗုံးကြဲတိုက်ခိုက်ပြီး တကူမီးသတ်စခန်း(ပလဖ အချုပ်ခန်း) ကိုဗုံးကြဲမှုပြုလုပ်ပြီး စက်သေနတ်ဖြင့်ပစ်ခတ်ပြီး လမ်းသွားလမ်းလာနှင့် ကျောင်းသားအချို့ထိခိုက်မှုရှိကြောင်း သိရှိထားရ” ဟု သတင်းရင်းမြစ်တရပ်က ပြောသည်။

အလားတူ ယနေ့ နံနက် ၈ နာရီခန့်ကလည်း ထိုင်း-မြန်မာနယ်စပ်ရှိ ထားဝယ်မြို့နယ် ထီးခီးရွာအား ဂျက်ဖိုက်တာဖြင့် ဗုံးကြဲသောကြောင့် လူထိခိုက်မှု မရှိသော်လည်း အရပ်သားနေအိမ်များ ထိခိုက်ပျက်စီးမှုများ ရှိသည်ဟု သတင်းရင်းမြစ်များက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၈ ရက်နေ့ကလည်း ထီးခီးရွာ၊ အောက်တိုဘာလ ၅ ရက်နေ့တွင် သရက်ချောင်းမြို့နယ် ထီးမဲ့ဘော(သဲချောင်းကြီး)ကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ သက်ကြီးပိုင်းအမျိုးသမီးအပါအဝင် အရပ်သားများ ထိခိုက်မှုရှိသကဲ့သို့ နေအိမ်ထိခိုက်ပျက်စီးမှုများလည်း ရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU)က သတင်းထုတ် ပြန်ထားသည်။

လက်ရှိတွင် တနင်္သာရီတိုင်းအတွင်းရှိ ထိုင်း- မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းများဖြစ်သည့် ထားဝယ်- ထီးခီး၊ တနင်္သာရီ- မောတောင် လမ်းကြောင်းများကိုသာမက ပုလော၊ ရေဖြူ၊ လောင်းလုံး၊ သရက်ချောင်း စသည့် မြို့နယ်များကိုလည်း အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် မြေပြင်မှ စစ်ကြောင်းထိုးခြင်းများ ရှိနေရာ စစ်ကော်မရှင်တပ်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်များအကြား တိိုက်ပွဲများ ဖြစ်ပွားနေခြင်းရှိသည်ဟု ပူးပေါင်းတပ် တာဝန်ရှိသူများ၏ ပြောကြားချက်များအရ သိရသည်။

KNLA ပူးပေါင်းတပ်များက ထားဝယ်- ထီးခီးနယ်စပ်လမ်းကြောင်းပေါ်ရှိ ထီးခီး၊ ထီးထ စသည့် ဗျူဟာစခန်းများနှင့် ဗောဓိတပ်စခန်း၊ ငါးရံ့နီစခန်း၊ သုခစခန်း စသည့် စစ်ကောင်စီ၏ နယ်စပ်စခန်းများအား ၂၀၂၅ ခုနှစ်အစောပိုင်းကစပြီး တခုပြီးတခု တိုက်ခိုက်သိမ်းပိုက်ထားခြင်းရှိသည်။

Most read this week

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...