ရန်ကုန်တိုင်းရှိ မြို့နယ်အချို့တွင် အမျိုးသမီးများပါ စစ်မှုမထမ်းရရေးအတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင် စစ်ကော်မရှင်တပ်အား ငွေပေးနေရကြောင်း ဒေသခံအမျိုးသမီးများက ပြောသည်။
ရန်ကုန်တိုင်းရှိ မြို့နယ်အများစုတွင် ရပ်ကွက်အလိုက် အုပ်ချုပ်ရေးမှူးများက အစည်းအဝေးများဆင့်ခေါ်ပြီး အမျိုးသမီးများရှိသည့် နေအိမ်များလည်း လစဉ်ငွေပေးရန် ခပ်စိပ်စိပ် ပြောဆိုမှုများ ပြုလုပ်လာခြင်းဖြစ်သည်ဟု မြောက်ဥက္ကလာပ၊ မရမ်းကုန်း၊ လှိုင် စသည့်မြို့နယ်များတွင် နေထိုင်သည့် အမျိုးသမီးအချို့က ပြောသည်။
ထို့အပြင် အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်း အမျိုးသားများနှင့် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသမီးများရှိသည့် နေအိမ်များအနေဖြင့် စာရင်းအတိုင်း ဝင်ငွေပေါ်မူတည်၍ ၅၀,၀၀၀ ကျပ်မှသည် ၅၀၀,၀၀၀ ကျပ်အထိ ပေးရခြင်းရှိသည်ဟု ဒေသခံများက ပြောသည်။ လစဉ်ကြေးများအား စစ်ကော်မရှင်လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များက နေအိမ်အထိ လက်နက်များကိုင်ဆောင်ကာ လာရောက်ကောက်ယူခြင်း ရှိကြောင်းလည်း သိရသည်။
“လတိုင်း လစဉ်ငွေ ၅၀,၀၀၀ ကျပ်ပေးရမယ်။ မပေးနိုင်ရင် သူတို့ပြောသလို စစ်မှုထမ်းပေးရမယ်တဲ့။ လစဉ်ငွေပေးပြီး ပေါ်တာဆွဲခံရရင်တော့ သူတို့ဘက်ကတာဝန်ယူမှာလားလို့မေးတော့ အဲဒါတော့ တာဝန်မယူဘူးတဲ့” ဟု မရမ်းကုန်းမြို့ခံ အမျိုး သမီးတဦးက ပြောသည်။
ထိုသို့ လစဉ်ငွေများ ပေးနေသည့် ကာလများအတွင်း ပေါ်တာဆွဲခံရခြင်းအပါအဝင် စစ်မှုထမ်း ဆင့်ခေါ်ခံရပါကလည်း တာဝန်ယူမည်မဟုတ်ကြောင်း အစည်းအဝေးတွင်ပင် ပြောကြားခြင်းရှိသည်ဟု ရန်ကုန် ဒေသခံအမျိုးသမီးအချို့က ပြောသည်။ လက်ရှိကာလတွင် ငွေကြေးဖောင်းပွများ၊ ကုန်စျေးနှုန်း မြင့်တက်မှုများကြောင့် အနည်းနှင့်အများ အကျပ်အတည်းရှိနေကြစဉ် ယခုလို တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘဲ မိမိတို့၏ လုပ်အားခများ ပေးနေရပြီး အချိန်မရွေး စစ်မှုထမ်းဆင့်ခေါ်ခံရနိုင်သည့် အခြေအနေဖြင့် ရင်ဆိုင်နေရသည်ဟု အမျိုးသမီးများက ပြောသည်။
“ကိုယ်လုပ်တဲ့လစာကို သူတို့ကို လတိုင်းထောက်ပံ့ရမယ်ဆိုတော့ အဆင်မပြေဘူးလေ။ အခုလည်း ဓားပြတိုက်နေတာပဲ လက်နက်ပြပြီးတော့” ဟု အဆိုပါ အမျိုးသမီးက ဆက်ပြောသည်။
ထို့အပြင် စစ်ကော်မရှင်သတ်မှတ်ထားသည့် စစ်မှုထမ်းဥပဒေအတွင်း အကျုံးဝင်သည့် အမျိုးသမီးများအနေဖြင့်လည်း စစ်မှုထမ်းရန် ဆင့်ခေါ်မခံရရေးအတွက် ကျောင်းအတက်ပြရခြင်း၊ နိုင်ငံပြင်ပသို့ ရရာနည်းလမ်းဖြင့် ထွက်ခွာရန် ပြင်ဆင်ခြင်းတို့ကို ပြုလုပ်နေကြရကြောင်း သိရသည်။
“အစ်မကတော့ အသက်ကျော်သွားပြီ။ ဒါပေမယ့် အိမ်မှာ တူမလေးရှိနေတာလေ၊ သူက ၂၀ ဝန်းကျင်လေးဆိုတော့ အခု သူ စစ်မှုထမ်းမပါဖို့ စီစဉ်နေရတာ။ အပေါ်လမ်းကလည်း ထင်သလောက် မလွယ်ဘူး၊ ဘယ်လောက်ပဲ အချိတ် အဆက်ရှိရှိ ပွဲစားငှားငှားလေနော် အကုန်လုံး သူတို့လက်ထဲမှာဆိုတော့ ဘာမှမှ မလုံခြုံနေတာ” ဟု မြောက်ဥက္ကလာပမြို့နယ်မှ အမျိုး သမီးတဦးက ပြောသည်။
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေအရ သာမန်အရပ်သား အမျိုးသားများတွင် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း နှင့် အမျိုးသမီးများတွင် ၁၈ နှစ်မှ ၂၇ နှစ်အတွင်းဖြစ်ပြီး ဆရာဝန်၊ အင်ဂျင်နီယာကဲ့သို့သော အတတ်ပညာရှင်များ သည် အမျိုးသားဖြစ်ပါက အသက် ၁၈ မှ ၄၅ နှစ်၊ အမျိုးသမီးဖြစ်ပါက အသက် ၁၈ နှစ်မှ ၃၅ နှစ်ဟု စစ်မှုထမ်းသက်ကို သတ်မှတ်ထားသည်။ အမျိုးသမီးများကို နှစ်နှစ်အထိ စစ်မှုထမ်းရန် စစ်တပ်က ဆင့်ခေါ်နိုင်ပြီး အရေးပေါ်အခြေအနေသတ်မှတ်ပါက စစ်မှုထမ်းကာလကို ငါးနှစ်အထိ သက်တမ်းတိုးနိုင်ကြောင်း စစ်ကော်မရှင်က ဆိုထားသည်။
ထို့ပြင် စစ်ကော်မရှင်က စစ်မှုထမ်း အသက်အတွင်း အကျုံးဝင်သူများအား ပြည်ပထွက်ခွာခွင့် တင်းကျပ်လာမှုများ ပြုလုပ်လာသဖြင့် ရန်ကုန်သာမက ပြည်တွင်း၌ နေထိုင်သည့် စစ်မှုထမ်းစာရင်းပါဝင်သူများ၊ စာရင်းကောက်ယူခြင်း ခံရသူများသည် ပြည်ပထွက်ခွာရန် အခက်အခဲများကြုံနေရပြီး ပြည်တွင်းတွင် စိုးရိမ်စိတ်များဖြင့် ရှင်သန်နေရကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
လက်ရှိတွင် စစ်ကော်မရှင်က စစ်မှုထမ်းသင်တန်းအပတ်စဉ် (၁၇) အား ဖွင့်လှစ်နေပြီဖြစ်ပြီး အပတ်စဉ် (၁၈) အတွက် ပေါ်တာဆွဲခြင်း၊ လမ်းသွားလမ်းလာများအား ဖမ်းဆီးခြင်း၊ စာရင်းဖြင့် ဆင့်ခေါ်ခြင်း အပါအဝင် လူစုဆောင်းခြင်းများ ပြုလုပ်နေသည်ဟု ဒေသခံများနှင့် စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ၏ ဖော်ပြချက်များအရ သိရသည်။







