မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့်အတူ လိုက်ပါလာသည့် ဗိုလ်ဘိ ဦးစီး ကြာအင်းပေါ်တော်မူ (DKBA) အဖွဲ့ စစ်ကြောင်းကို ရေးဘီလူးအဖွဲ့က ကြားဖြတ်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည်ဟု ရေးဘီလူးအဖွဲ့ထံမှ သိရသည်။
ယမန်နေ့ အောက်တိုဘာလ ၁ ရက်နေ့၊ ညနေ ၃ နာရီဝန်းကျင်အချိန်တွင် ရေးမြို့နယ် အခြေစိုက် စစ်အုပ်စု ခြေမြန်တပ်ရင်း (ခမရ-၃၄၃) တပ်ရင်းမှတစ်ဆင့် အာယုတောင်အရှေ့ဘက် ဝါးကျောင်းသို့ အင်အား ၄၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသည့် ထိုပူးပေါင်းစစ်ကြောင်းကို ရေးဘီလူးအဖွဲ့မှ ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
“တိုက်ပွဲစဖြစ်တာက ညနေ ၃ နာရီလောက်ကပါ။ စစ်ကောင်စီဘက်က လေးဦးသေတယ်။ သေနတ် တော့ မရခဲ့ဘူး။ သူတို့က အာယုတောင်အရှေ့ဘက်၊ ဝါးကျောင်းကို အရင်တက်လာတာပါ” ဟု ကေအိုင်စီသို့ ပြောဆိုသည်။
ဗိုလ်ဘိ (DKBA) အဖွဲ့အပြင် ကရင်နယ်ခြားစောင့်တပ် (BGF) တပ်ရင်းအချို့လည်း စစ်အုပ်စုတပ်များနှင့် ပူးပေါင်းကာ ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်များအား ကူတိုက်ပေးလျက်ရှိနေကြောင်း စစ်ရေးသတင်းအရင်းမြစ်များက ပြောဆိုသည်။
ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ရေး-ထားဝယ် အမှတ် (၈) ပြည်ထောင်စု ကားလမ်းမကြီးကို ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် လမ်းပိုင်းအတွင်းရှိ နီးစပ်ရာ ကျေးရွာများ အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်နေရာယူခြင်း၊ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခြင်းများကို မကြာခဏ လုပ်ဆောင်လျက် ရှိနေကြောင်း သိရသည်။







