တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် နမ္မတူမြို့ပေါ်ကို စစ်ကော်မရှင်တပ်က ယနေ့ (အောက်တိုဘာ ၂ ရက်) မနက် ၇နာရီဝန်းကျင်တွင်လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ စစ်ဘေးရှောင် ၄ ဉီးသေဆုံးခဲ့ပြီး၊ ၅ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
စစ်ကော်မရှင်တပ်သည် ယနေ့ မနက် ၇နာရီခွဲတွင် လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် နမ္မတူမြို့ပေါ် ရပ်ကွက်(၈) တွင်နေထိုင်သည့် အသက်ကြီး ကျန်းမာရေးချို့တဲ့သည့် စစ်ဘေးရှောင် အမျိုးသားတစ်ဉီးအပါအဝင် စစ်ဘေးရှောင် (၄)ဦး သေဆုံးသွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၅ဦးထက်မနည်းရှိကြောင်း နမ္မတူမြို့ဒေသခံ မျက်မြင်တွေ့ရှိသူ အသက် (၃၅)အရွယ်ရှိ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။
“၃ ဦးကတော့ ပွဲချင်းပြီးသေဆုံးသွားတာ။ အမျိုးသမီးတစ်ဦးကတော့ ဆေးရုံပေါ်ရောက်တော့ ဆုံးသွားတယ်။ စုစုပေါင်း ၄ ဦး ဆုံးတယ်။ ထိခိုက်တာတော့ ကျနော်တွေ့တာ ၅ ဦးရှိတယ်။ ဒဏ်ရာပြင်းထန်တာ ဆေးရုံပို့တာပေါ့။ ကျန်သူတော့ နည်းနည်း ထိတာရှိမယ်” ဟု ၎င်းက ဆိုသည်။
ထိုသေဆုံးသူများသည် အသက်ကြီး ကျန်းမာရေးမကောင်းသည့် အမျိုးသားတစ်ဉီးနှင့် အမျိုးသမီး (၃)ဦးတို့ ဖြစ်ပြီး၊ ထိုသူများသည် ကျောက်မဲမြို့မှ နမ္မတူမြို့သို့ စစ်ဘေးတိမ်းရှောင်လာသူများဖြစ်သည်။
စစ်ကော်မရှင်သည် TNLA ထိန်းချုပ်သည် နမ္မတူမြို့ပေါ်ကို ယနေ့ (စက်တင်ဘာ ၂)ရက်မှ စတင်ပြီး လေကြောင်း ဗုံးကြဲမှုပြုလုပ်ခဲ့ပြီး၊ ထိုဗုံးကြဲချသည့်နေရာသည် နောင်ချိုမြို့နယ်၊ နောင်ပိန်တိုက်နယ်နှင့် ကျောက်မဲမြို့နယ်ဘက်မှ စစ်ဘေးတိမ်းရှောင်လာသည့် သူများနေထိုင်သည့်နေရာဖြစ်ပြီး လက်ရှိ နမ္မတူမြို့တွင် စစ်ဘေးရှောင် နှစ်ထောင်နီးပါးရှိကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။
“ဒီနေ့က နမ္မတူမြို့ကို ပထမအကြိမ်ကြဲတာပဲ။ ဘယ်သူမှ မထင်ထားဘူး။ ဒီမှာကလည်း စစ်ဘေးရှောင် နှစ်ထောင်ကျော် ရှိတယ်” ဟု ၎င်းအမျိုးသားက ထပ်လောင်းပြောသည်။
လေကြောင်းဖြင့် လာရောက်ဗုံးကြဲသည့်အချိန်သည် မနက်အစောပိုင်းအချိန် ဖြစ်ကြောင်း၊ ထိုကဲ့သို့ လာရောက် ဗုံးကြဲမည် ကိုလည်း ဒေသခံများက ထင်မှတ်မထားကြောင်း နမ္မတူမြို့မှ ဒေသခံအမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“ဒီမှာက စစ်ရှောင်တွေ အများကြီးရှိတယ်။ မနက်အချိန်လည်းဖြစ်တယ်။ နောက် ထင်မှတ်မထားတာလည်း ဖြစ်တယ်။ ကျမတို့ သတိနဲ့နေဖို့ပဲ။ လေကြောင်းလာရင်တော့ လုံခြုံတဲ့နေရာမှာနေဖို့ လုပ်ရမယ်” ဟု ၎င်းအမျိုးသမီးက ပြောသည်။
အလားတူ ယနေ့ (အောက်တိုဘာလ ၂ ရက်) မနက် ၇ နာရီဝန်းကျင်တွင် မန်တုံမြို့ပေါ်ရှိ TNLA ထိန်းချုပ်ထားသည့် စစ်ကော်မရှင်တပ် ခလရ – ၁၃၀ စခန်းကို စစ်ကော်မရှင်တပ်မှ လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
အဆိုပါ ခလရ(၁၃၀) တပ်စခန်းကို ၂၀၂၃ (ဒီဇင်ဘာ ၂၂ ရက်)တွင် TNLAက သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
စစ်ကော်မရှင်သည် လာမည့် ဒီဇင်ဘာ ၂၈ ရက်တွင် ပြုလုပ်ကျင်းပရန် ပြင်ဆင်နေသည့် ရွေးကောက်ပွဲ နီးပါးလာချိန် ဖြစ်သဖြင့် “၁၀၂၇ စစ်ဆင်ရေး” တွင် ၎င်းတို့ လက်လွှတ်ဆုံးရှုံးခဲ့ရသည့် သျှမ်းမြောက် နယ်မြေတကြောကို ပြန်ရယူရန် မြေပြင်ထိုးစစ်ဆင်မှု နှင့် လေကြောင်းထိုးစစ်ဆင်မှုများ အပြင်းအထန် ပြုလုပ်နေသည်။
ယမန်နေ့တွင်လည်း ကျောက်မဲမြို့ကို စစ်ကော်မရှင်က ပြန်လည်သိမ်းပိုက်ရယူနိုင်ခဲ့ပြီး သီပေါမြို့၊ နမ္မတူ၊ မန်တုံ၊ နမ့်ခမ်း၊ ကွတ်ခိုင်နှင့် သိန္နီတို့ကိုလည်း ပြန်ရယူနိုင်ရန် ပြင်ဆင်နေပြီး၊ ထိုဒေသတွင်နေထိုင်သူများအနေဖြင့် သတိဖြင့် နေထိုင်ရန်နှင့် ဘေးလွှတ်ရာသို့ ရွှေ့ပြောင်းရန် လည်း နိုင်ငံရေး တက်ကြွလှုပ်ရှားသည့် သျှမ်းမြောက် လူငယ်တစ်ဦးက ပြောသည်။







